စာရေးသူ၏ဖတ်ညွှန်း

အတွေးကုန်ကြမ်းစာအုပ်များ

About Me

My Photo
အလှတရား
View my complete profile

Monday, 2 November 2009

ဒုန်းဒေးမတိုင်မီ

အေးအေးနေတာကြာတော့ စာရေးဆရာ ကိုသော်တာ တစ်ယောက် လောကဓာတ်ကြီးတစ်ခုလုံးကို သူ့လို ခပ်အေးအေးပဲရှိမှာဟု ထင်မိလေသည်။ ဒီတုန်း စာအုပ်သေတ္တာကို ပြန်လှန်ရင်း မဂ္ဂဇင်းဟောင်းတစ်ခုမှာ ဆရာမ မိနှောင်းရေးသော ကဗျာကလေး တစ်ပုဒ်ကို ဖတ်မိပြီးမှ အလန့်တကြားဖြစ်သွားရသည်။



နီရိုး

အနုပညာဝါသနာပါတာတော့ မဖြစ်နိုင်ဘူး
တယောထိုးလိုက ထိုးစေ
ငကြောင်...။

(မိနှောင်း)

ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်နေတုန်း နီရိုးဘုရင်က တယောထိုးနေသတဲ့။ ယခုလည်း မနက်ကပြောသော ပဲပြုတ်သည် ဒေါ်ထားရဲ့ စကားတစ်ခွန်းကြောင့် ကိုသော်တာ လိပ်ပြာမလုံဖြစ်ခဲ့ရသည်။

"ဆရာ လွှတ်လှက်ပြီး ကဗျာစပ် မနေနဲ့။ ကုသိုလ်ရေးလေး ဘာလေး လုပ်ဦး။ ကမ္ဘာက နေ့ပျက်မလား ညပျက်မလား မသိ။"


"ဗျာ"

ကိုသော်တာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီတင် ဒေါ်ထားအကွက်ထဲ သူဝင်သွားတာ သိလိုက်ရသည်။ နောက်ကျသွားလေပြီ။ ဒေါ်ထားက ကမ္ဘာပျက်ပုံကို သူကိုယ်တိုင် အင်္ဂလိပ်ဓာတ်ရှင်ကားထဲ ကြည့်ဖူးသည့်အတိုင်း မရပ်မနား ရှင်းပြလေသည်။ ကွက်စိပ်ဆရာ ကိုစော၏ အပြောလေးတွေနှင့် ဓမ္မကထိကဆရာတော် တစ်ပါး၏ သီချင်းကလေးတွေ ပါ ထည့်ထည့်ပြီး ပြောသွား ဟောသွားသဖြင့် နေအတော်မြင့်သွားသည်။

ဒီကိစ္စကို မသိရသဖြင့် အိမ်မှာ ကိုသော်တာ၏ ကျားကန်ထားရသော စာပေသြဇာ တော်တော်လေး ကျဆင်းသွားရသည်။

"ရှင်က ဒါတောင်မသိဘူးလား။ ဒီလောက် စာတွေ ဖတ်နေ၊ ရေးနေပြီးတော့။ " ဟု ဇနီးသည်က အငေါ်တူးသည်။

ကိုယ်လည်း နီရိုးလို ဖြစ်နေပြီလား။

"မဟုတ်သေးဘူး မိန်းမရယ် ဘယ်သူပြောတဲ့ စကားလဲ" ဟု ညောင်နာနာလေး ငြင်းမိတော့

"အို..စံဇာဏီဘိုက အစ လူတိုင်းပြောနေကြတာပဲ။ ခိုင်မာသလားတော့ မမေးနဲ့။ အင်တာနက်ထဲမှာကို ပါတာ"

အင်တာနက်ထဲ ပါလာတာဆိုတော့ ကိုသော်တာလည်း တော်တော်လေး ဖြုန်သွားရသည်။ အားငယ်သလိုလိုတောင် ခံစားရသည်။ "၀ီကီပိဒိယ တစ်ချက်လှန်လိုက်ရင် ဆောင်းပါးတစ်ပုဒ် ဖြစ်ကရော" ဟု သူငယ်ချင်းစာရေးဆရာတစ်ယောက် ပြောတာကို မှတ်သားရဖူးသည်။ အခုကိစ္စမှာ စံဇာဏီဘို ကိုယ်တိုင်က အင်တာနက်ထဲမှာ ဟိုရှာဒီရှာ လျှောက်ရှာပြီး ပြောထားတာဟုလည်း အတွင်းသိ အစင်းသိ လူငယ်ပိုင်းက အခိုင်အမာ အဆိုရှိကြသဖြင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ အတော်လေး တုန်လှုပ် မိလေသည်။

"ငါမရှိတော့ရင် မင်းနဲ့ကလေးတွေနဲ့ ဘယ်လိုနေကြမလဲ မိန်းမရယ်"

"ဒီမယ်ရှင့်။ ရှင်ရူးနေလား။ ကမ္ဘာပျက်ပါတယ်ဆို ဘယ်သူက လွတ်မှာတုန်း။ စာရေးဆရာပီပီ အပိုတွေ စိတ်ကူးယဉ်ပြီး ပြောမနေနဲ့။ နောက်ပြီး ဒီညနေ ရှင့်သူငယ်ချင်းတွေဆီ သွားမယ်စိတ်မကူးနဲ့။ ဘုရားသွားရမယ်။ ကမ္ဘာကြီးက ပျက်ခါနီးနေပြီ။ ရှင်က အပေါင်းအသင်း အကြောင်းပြပြီး အရည်လေး တမြမြနဲ့။ အရင်တုန်းကတော့ ဝေးသေးလို့ မပြောသေးဘူး။ ခုတော့ ကမ္ဘာပျက်ဖို့က သိပ်လိုတော့တာ မဟုတ်ဘူး။ လျှော့ရင်လျှော့ မလျှော့ရင် ရှင်အပါယ်လားမှာ မြင်ယောင်သေးတယ်။ ကျွန်မလို သူတော်ကောင်းမနဲ့ရတာ ရှင်ကံကောင်းတယ်မှတ်။ တစ်နေ့တစ်နေ့ အ၀ိဇ္ဇာနဲ့ မောဟနဲ့။ သြဃလေးဖြာထဲမှာ တ၀ဲလည်လည်။ ၀ိပဿနာကို တစ်ခါမှ လုပ်တယ် မရှိဘူး။ ဘာတဲ့ အာသေ၀နာစဗာလာနံ တဲ့။ ပဏ္ဍိတာနဉ္စသေ၀နာ တဲ့။ ရှင့်ကို ဒီလိုတစ်ခုချင်း လိုက်ပြောပေးနေမှ ရတယ်။ "

ဟု တရစပ်ကြီး ဆုံးမသဖြင့် ကိုသော်တာ တစ်ယောက် ခေါင်းမွှေးကလေးကို ပွတ်ရင်း မျက်နှာငယ်လေးနှင့် ဖြစ်နေရသည်။

"အေးပါကွာ။ ပိုကျိန်းသေအောင် တာဆုံက မိုးလက်ဖက်ရည်ဆိုင်မှာ သွားစုံစမ်းလိုက်ပါ့မယ်။" ဟု မရဲတရဲ အထွန့်တက်မိသည်။

"ဘာရှင့်။ ရှင်တို့ယောကျာ်းတွေများ တစ်ခုခုဖြစ်လာရင် စုံစမ်းရတာနဲ့။ စစ်ဆေးရတာနဲ့။ သဒ္ဓါတရားကို မရှိဘူး။ ဒီမယ် သွားချင်သွား၊ မသွားချင်နေ။ လက်ဖက်ရည်ဖိုးတော့ တစ်ပြားမှ မရဘူး။ ညနေအချိန်မီ ပြန်လာခဲ့။ လေတွေ တအားလွှတ်မနေနဲ့။ လူလေးစားတာ လျော့တယ်" ဟု အကန့်အသတ်နှင့်ပေးသော ခွင့်ပြုချက်ကို ရလေသည်။

လက်ဖက်ရည်ဆိုင်မှာ တက်သစ်စလေးတစ်ယောက်က မိနှောင်း ကဗျာသံတူကြောင်းကွဲလေးတစ်ခုကို လက်တမ်းစပ်ဆိုပြီး ကိုသော်တာကို ၀င်တွယ်သည်။

သောက်သုံးလည်းမကျ
ကမ္ဘာပျက်ခါနီး
ကဗျာစပ်နေတယ်
ငကြောင်။

ပြီးမှ"ကန်တော့နော် ဆရာ။ ကိုယ့်ဆရာမိုလို့ ကိုယ်စတာ။ ခင်လို့မင်လို့စတာပဲရှိတယ် မဟုတ်လား ဆရာရယ်။ မခင်ဘဲ မမင်ဘဲစတယ်ဆိုတာ ဆရာကြားဖူးလား" ဟု ဆိုလေသည်။

"ဟုတ်သေးဘူးဗျ။ ကျုပ်တော့ ဆရာဘိုကို သိပ်မယုံဘူးဗျာ။ ပြီးခဲ့တဲ့ နာဂစ်တုန်းကကျတော့ သုံးနှစ်လောက်ကြိုပြီး ဘာဟောကိန်းမှ ထုတ်ထားတာမရှိဘဲနဲ့"

ဟု ဆိုမိတော့ လူတိုင်းက သူ့ကို သနားသည့်မျက်လုံးဖြင့် ၀ိုင်းကြည့်ကြလေသည်။

"အခုကိစ္စက စံဇာဏီဘို အပြောတစ်ခုတည်း မဟုတ်ဘူးဗျ။ အင်တာနက်ထဲမှာကို ပါတာ။ အားတော့ နာတယ်။ ပြောရဦးမယ်။ ဒီတစ်ခါတော့ ဆရာ တယ်န,သွားပြီဗျ။ ဒီကိစ္စက သိပ္ပံပညာရှင်တွေနဲ့ ဘလောက်ဂါတွေ ကိုယ်တိုင်လက်ခံထားကြတာ။ ဆရာ့သူငယ်ချင်း အလှတရားဆိုတဲ့ ဘလောက်ဂါ ကတောင် ကမ္ဘာပျက်ခါနီး ဘာတွေလုပ်မယ် ညာတွေလုပ်မယ်ဆိုပြီး ပြောထားသေးတယ်။ နောက်ပြီး ဗြိတိသျှလို ရေးထားတဲ့ ဆောင်းပါးကို ကျနော် လိုလိုမယ်မယ် ကူးလာတယ်။ ဆရာတို့လို လက်ပေါက်ကပ်တဲ့ လူတွေကို ရှင်းပြရအောင်။ ဟောဒီမှာ ဟောဒီမှာ"

ဟုဆို၍ ကော်ပီတစ်ထပ်ကြီးကို ပြလေသည်။

လားလား။ အဟုတ်ကြီးပါ့တကား။ အင်္ဂလိပ်လို ဆောင်းပါးရှည်ကြီး တစ်ပုဒ်လုံးကို ပရင့်ထုတ်ထားတာ တွေ့ရသည်။ အင်္ဂလိပ်လိုတွေတော့ ခေါင်းရှုပ်ခံပြီး ဖတ်မနေတော့။ ဟုတ်မှာပါဟု ခေါင်းညိတ်လိုက်ပြီး ဗမာလိုထုတ်ထားသည့် ပရင့်တွေကို ကြည့်သည်။

ငယ်ငယ်က ကိုသော်တာနှင့် အတန်းတူတူတက်ပြီး စာစီစာကုံး အိမ်စာပေးလိုက်တိုင်း ကိုသော်တာကို မုန့်ကျွေးပြီး ကိုယ်စား ရေးခိုင်းတတ်သော (ယခုမှ အင်တာနက်ကို အလကားနီးပါးရတိုင်း နင်းကန်သုံးပြီး ဘလောက်ဂါလေး ဘာလေး လုပ်နေသည့်)အလှတရား ဆိုသည့်အကောင်ရေးသည့် ဟိုမကျဒီမကျ စာပိုဒ်ကလေးကို တွေ့ရသည်။ သူ့ဘာသာမေး၊ သူ့ဖာသာဖြေထားသည့် အင်တာဗျူးပုံစံ စာပေးစာယူ ဖောင်ကလေး ဖြစ်လေသည်။

ဒုန်းဒေးမေးဖြေ( Q and A about Doomsday)

(က)ကမ္ဘာပျက်ခါနီး ဘယ်သူနဲ့ ရှိချင်ပါသလဲ။
ကဗျာဆရာ ကိုသော်တာနဲ့ ရှိချင်ပါတယ်။ ဒီလူ အူကြောင်ကြောင်လုပ်တာ ထိုင်ကြည့်ချင်လို့။ ကမ္ဘာပျက်နေတုန်း ဒီလူ ဘာတွေကြောင်နေမလဲ ဆိုတာကို ကြည့်ရေးပြီး ဘလောက်ပေါ် တင်ထားရင် လွှတ်နာမည်ရမှာပဲ။
(ခ)ဘာတွေခံစားနေရမလဲ။
အထွေအထူးတော့ ခံစားရမယ် မထင်ဘူး။ ကိုယ့်ကမ္ဘာက ပျက်ခဲ့တာကြာပြီ။ (ဒါက သနားအောင် ရေးရတာ။ ဘလောက် ထုံးစံ)
(ဂ)ဘာတွေပြင်ဆင်ထားမလဲ။
အသေလှအောင် တရားလုပ်ပါ့မယ်လို့ ဖြေရပါမယ်။ (ဒါလည်း ထုံးစံပါ။)
(ဃ)၀မ်းနည်းမိမှာက
ဘလောက်ဂါတွေ ဆက်လက် အတင်းအုပ်လို့ မရတော့ဘူး။
(င)ကြောက်လန့်မိတာက
ပိုင်သွန်ဆိုတဲ့ ဗမာ့စပါးကြီးမြွေတွေ လွတ်လာပြီး ဟိုမြိုဒီမြို မြိုကုန်မှာ။
(စ)ဆောင်ထားချင်တာက
သားရဲတိရိစ္ဆာန်တွေကို ခြောက်လှန့်ရအောင် ဓာတ်မီးတစ်လက်။
(ဆ)တွေးမိတွေးရာအတွေး
အိမ်ထောင်မကျသေးဘူး။
(ဇ)ဂုဏ်ယူချင်တာက
အများထင်သလို ကမ္ဘာသူကမ္ဘာသားတွေ အချင်းချင်းသတ်လို့ မသေရဘူး။ ကမ္ဘာပျက်လို့ သေရတယ်။
(ဈ)ရှာကြံဖြေသိမ့်ချင်တာက
ဘာပဲဖြစ်ဖြစ် ရေးစရာတစ်ခုရတာပေါ့။
(ည)ကျူးရင့်ချင်တဲ့ ဥဒါန်း
ကမ္ဘာရေ နင် ကုန်အောင်ပျက်ရင်ပျက် ကုန်အောင်မပျက်လို့ ၂၀၁၂ မှာ ငါတစ်ယောက်တည်း ကျန်ခဲ့ရင် ဗေဒင်ဆရာတွေကို ဝေဖန်ပြီး စကြ၀ဠာမှာ နာမည်ကြီးအောင်လုပ်မယ်။

အောက်ကမှတ်ချက်မှာ ကိုသော်တာ နားမလည်သည့် တက်ဂ်ဆိုသော စကားကို တွေ့ရသည်။

(မှတ်ချက်။ ။ ဒေါ်နန်းဝါ၀ါမောင် တက်ဂ်သဖြင့် အလှတရား ရေးသည်။ တန်ဆောင်မုန်းလပြည့်နေ့။ )

နောက်တစ်ပါတ်လောက်နေတော့ အလှတရား ဖုန်းဆက်သည်။ ကိုသော်တာ ကမေးသည်။

"ဟကောင်။ နင်ကမ္ဘာပျက်မယ်ဆိုတာ ယုံလား။"

"အလကားပါကွာ။ လုပ်စားတာ။ ငါ့မှာ ရှင်းထားတာတွေရှိတယ်။"

"ဟုတ်လား။ နို့။ နင်ကိုယ်တိုင် ကမ္ဘာပျက်ရင် ဘာလုပ်မယ် ညာလုပ်မယ် ရေးထားပြီးတော့။ ငါအဲဒါဖတ်လိုက်ရတယ်"

"အေး။ ငါလည်း လုပ်စားထားတာ။"

မဟုတ်တာချည်း ရွေးပြောရရင် အလှတရားတို့ ထိပ်ဆုံးဗျား။

Monday, 26 October 2009

မဗေဒါဒီရေကြောမှာ

"ငါ့သားကြီး မူကြိုတုန်းကရေးခဲ့တဲ့ လက်ရေးလှ စာအုပ်တွေကို ပြန်လှန်ကြည့်ရင် အစပိုင်းမှာ တော်တော် သပ်သပ်ယပ်ယပ် ရေးထားသလောက် နောက်ဆုံးပိုင်းမှာ တော်တော် စုတ်ပဲ့ညစ်ပတ်တာကို တွေ့ရမကွ" ဟု အဖေက ရယ်မောကာ ပြောပြဖူးပါသည်။ စာအုပ်အသစ်ကလေး ရသည့်အခါတိုင်း ကျွန်တော်သည် ဤစာအုပ်ကလေးသည်ကား ငါ့အတွက် ၀လုံးလှလှကလေးများ ချည်းသာ ရေးသားထားသည့်စာအုပ် ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်ချည်း ဖြစ်ပါသည်။ "မောင်သူရကလေး ရေးတဲ့ဝလုံးလေးတွေဟာ ..တဲ့...၀ိုင်းလွန်.လွန်း.လို့... တဲ့...၀လုံးကလေး တစ်လုံးတစ်လုံး ရေးလိုက်တိုင်း..ရေးလိုက်တိုင်း..တဲ့.. ဖိုးဝရုပ်ကလေး တစ်ရုပ်..တစ်ရုပ် ဖြစ်ဖြစ်သွားတယ်..တဲ့" ဟု အမေက ပုံပြင်ထဲမှာ ထည့်ပြောကာ ပညာပေးပါသည်။

ဟုတ်ကပြီ။ ကျွန်တော်ရေးတဲ့ ၀လုံးကလေးကလည်း မောင်သူရကလေး ရေးသလောက် မ၀ိုင်းစက်တောင် အိမ်ဘေးနားက ဖိုးနီတို့ထက်တော့ ၀ိုင်းရပေမည်။ ဖိုးဝရုပ်ကလေး မဖြစ်တောင် ပစ်တိုင်းထောင်ရုပ်ကလေး လောက်တော့ ဖြစ်ရပေမည်။ ဤနည်းအားဖြင့် ကြိုးစားပြီးရေးသားသဖြင့် ဘထွေးတို့၊ အဒေါ်လေးတို့ အဘွားတို့ အမေကြီးတို့ ၀ယ်ပေးသည့် ပူဖောင်း ကလေးများ၊ နွားရုပ်ကလေးများ၊ ပစ်တိုင်းထောင်ရုပ် ကလေးများကို ဆုအဖြစ် မကြာခဏ ရလာလေ့ရှိပါသည်။ စာအုပ်ကလေးကို အဖေက အဖုံးဖုံးပေးပါသည်။ တစ်မျက်နှာရေးပြီးတိုင်း "တော်"ဟု ရေးပေးတတ်သည်။ ဤနည်းအားဖြင့် စာအုပ်အစပိုင်း ကလေးများမှာ သပ်ယပ်လှပနေလေ့ ရှိခဲ့ပါသည်။

စာအုပ်သက်တမ်းကလေး အတော်ရလာသောအခါ စာအုပ်အဖုံးကလေးကလည်း ပြဲစုတ်လာသလို၊ အနှောင့်ကလေးကလည်း ပြုတ်ထွက်လာပါသည်။ ခဲတံဖြင့် ဖိရေးထားသဖြင့် အချို့နေရာများမှာ အချိုင့်များ၊ အရာများ အထပ်ထပ် ထင်လာပါသည်။ ပေါက်သည့် နေရာကလည်း ပေါက်ပြဲလာပါသည်။ ခဲဖျက်ဖြင့် ဖျက်ထားသည့် နေရာများကလည်း မည်းသည့်နေရာက မည်းညစ်လာပါသည်။ ကျွန်တော်၏ စိတ်ကလည်း ငြိမ်ငြိမ်ကလေး ၀လုံးရေး နေရခြင်းထက် ညီအစ်ကိုတစ်ဝမ်းကွဲ များနှင့် ကျောက်ဒိုးလှိမ့်ရ၊ ကျည်းသားရိုက်ရသည်ကို ပို၍ သဘောကျလာပါသည်။ ထိုအခါ ၀လုံးကလေးများကလည်း ၀ိုင်းရမည့်အစား ပိန်ရှုံ့လာပါသည်။ ၀လုံးလှလှကလေးသာ ရေးသားရမည့် စာအုပ်ဖြစ်သည်ဟူသော ဆုံးဖြတ်ချက်ကိုလည်း မေ့သွားပါသည်။ စာအုပ်ကလေးကို ထိန်းသိမ်းထားရသည်ထက် နောက်နားက စက္ကူများကိုဆုတ်ပြီး လေယာဉ်ပျံတို့၊ သဘောင်္တို့ လုပ်ရသည်ကို ပို၍အရသာတွေ့လာပါသည်။ ဤနည်းအားဖြင့် စာအုပ်၏ နောက်ဆုံးပိုင်းများသည် စုတ်ပဲ့ညစ်ပတ်နေရခြင်း ဖြစ်ပါသည်။

"နှစ်စ ကတော့ အားလုံးဟာ ပထမရရမယ်လို့ ရည်မှန်းထားတာချည်းပဲကွဲ့။ နှစ်ဆုံးခါနီးကျမှ ဘယ်သူကစိတ်ခိုင်သလဲ၊ ဘယ်သူက တကယ်တော်သလဲလို့ အဖြေပေါ်တယ်" ဟု မူလတန်းတက်တုန်းက ဆရာမဒေါ်တင်ရီက ပြောပြဖူးသည်။ ဆယ်တန်း အောင်စာရင်းထွက်ပြီးပြီးချင်း ကျွန်တော်တို့သူငယ်ချင်းတစ်စုကိုခေါ်၍ မြန်မာစာဆရာကြီးက တိုတိုတုပ်တုပ် သြ၀ါဒပေးပါသည်။ "မင်းတို့ သူငယ်ချင်းတွေ ဘ၀မာရသွန်အတွက် "တာ"တော့ လွှတ်လိုက်ပြီဟေ့။ တချို့ကတော့ အမှတ်တွေကောင်းပြီး၊ ဂုဏ်ထူးတွေရပြီး၊ ဘ၀မာရသွန်မှာ တာထွက်စောနေတယ်။ တချို့ကတော့ တာထွက် နောက်ကျတယ်။ အေး.. တာထွက်စောတာ နောက်ကျတာက ဘ၀မှာ တကယ်တမ်းတော့ အရေးမကြီးဘူးကွ။ ဘယ်သူပန်းဝင်လှသလဲ ဆိုတာက သာပြီး အရေးကြီးတယ်။ ဘယ်သူ ပန်းဝင်လှမလဲ ဆိုတာတော့ မင်းတို့မမေးနဲ့။ ငါတောင် ငါ့ကိုယ်ငါ မသိသေးဘူး။ မင်းတို့လည်း သိကြပြီလို့ အဆုံးဖြတ်မစောနဲ့ဦး။ မပြီးသေးဘူး။ ရောက်ရာအရပ်မှာ ဆည်းပူးကြဖို့လိုမယ်။" ဟု ဆုံးမပါသည်။

ဘ၀၏ အစ၊အလယ်၊အဆုံး ကိစ္စများကို ကျွန်တော်သည် သူငယ်ချင်းများလောက် စိတ်အားထက်သန်စွာ မသုံးသပ်ဖူးကြောင်း အမြဲဝန်ခံရပါသည်။ နည်းနည်းကြီးလာတော့ ဘ၀၏အလယ်များ၊ အဆုံးများ၊ အစများကို မရှောင်သာမလွှဲသာ မြင်တွေ့ခဲ့ရဖူးသည်တော့ ရှိပါသည်။ သို့ရာတွင် တွေ့ရုံမျှထက် ထူးကဲသော အသိပညာကို ကျွန်တော်ရမလာခဲ့ပါ။ ဆရာပြောတဲ့ "ရောက်ရာအရပ်မှာ ဆည်းပူးကြ" ဆိုတဲ့ စကားကို ကျွန်တော် နားလည်သလိုလို မလည်သလိုလို ဖြစ်နေပါသည်။ ဘ၀တစ်ခု ဘ၀နှစ်ခု ဘ၀သုံးခု။ ဘ၀အများအပြား။ ထိုသို့သောအတွေးများနှင့် ကျွန်တော် ငေးမှိုင်သွားရတတ်ပါသည်။

ကျွန်တော်ငေးနေတာကို ကြည့်၍ "နွဲ့နွဲ့ကတော့ ဆရာဖြစ်သင်တန်းတက်နေတယ်" ဟု အမေက ပြောပြပါသည်။ ဒါကတော့ ကျွန်တော်သိပြီးသား ဖြစ်ပါသည်။

"မလဲ့ရော အဆင်ပြေရဲ့လား.. အမေ"

"အခုတော့အဆင်ပြေပါတယ်.. သားကြီး။ အိမ်ခြေလေးဆယ်ကျောင်းမှာ ဆွဲခန့်ဆရာ လုပ်နေတယ်။ မင်း အစ်ကိုကြီး မျိုးမင်းထွန်းကလည်း အလုပ်ရနေပြီပဲ"

"အိမ်ကြီးကတော့ ရောင်းလိုက်ရတာပေါ့နော"

"အေးပေါ့ အိမ်ကြီးကတော့ ရောင်းလိုက်ရတာပေါ့။"

ကျွန်တော် ငါးတန်းတက်စမှာ မလဲ့တို့မောင်နှမ တစ်စု အိမ်ရှေ့အိမ်ကို ပြောင်းလာကြပါသည်။ မလဲ့က အဖေ့ဆီမှာ ရှစ်တန်းနှစ်ကစပြီး စာလာလာသင်သည်။ မလဲ့သည် အဖေ လခမယူဘဲ စာသင်ပေးသော ကျောင်းသားအများစုထဲမှ တစ်ဦး ဖြစ်ပါသည်။ "မလဲ့တို့မှာ မိဘတွေ မရှိကြတော့ဘူးလား" ဟု အမေ့ရင်ခွင်ထဲ ခေါင်းတိုးကာ ကြိတ်မေးတော့ မလဲ့တို့ဇာတ်လမ်းကို အမေက ပြန်ပြောင်းပြောပြသည်။

"မလဲ့တို့ အဖေနဲ့အမေကလည်း အမေတို့လို ကျောင်းဆရာဆရာမတွေပဲ" ဟု ပြောပြပါသည်။ "တစ်နေ့တော့ ညကြီးမိုးချုပ်မှာ လူသတ်သမား တစ်ယောက် ရောက်လာတာပေါ့ ...၊ သူကလည်း သတ်ချင်လို့မဟုတ်ဘူးတဲ့။ သူများက ပိုက်ဆံပေးပြီး သတ်ခိုင်းလိုက်တာတဲ့။ နောက်မှလူကြီးတွေ ပြောကြတာပေါ့။ အဲတုန်းက နွဲ့နွဲ့လေးကိုက နို့စို့သမီး အရွယ်ကလေး မိုလို့ သူ့အဖေနဲ့အမေက ခေါ်သိပ်ထားတာ။ မလဲ့တို့ ကိုကြီးမျိုးမင်းထွန်းတို့က တစ်ယောက်တစ်ခန်းစီပေါ့။ သူ့အဖေနဲ့ အမေကို သတ်တော့ လူတွေကလည်း အော်၊ ကလေးကလည်း အော်ငိုတော့မှ အဲတော့မှ လူသတ်သမားကလည်း ထွက်ပြေးသွားတာ။ အဖေနဲ့အမေကတော့ အသက်မရှိတော့ဘူး။ ကလေးတွေက ကြောက်လို့ မလှုပ်ရဲဘူးပေါ့။"

"ဘာလို့သတ်တာလည်းဟင်"ဟု မေးတော့ "မသိချင်ပါနဲ့ သားကြီးရယ်"ဟု ပြောပါသည်။ သတ်တာဖြတ်တာတွေကို အမေက ပြောပြချင်ဟန် မတူပါ။ ကျွန်တော် စဉ်းစားတတ်တဲ့ အရွယ်ရောက်ပြီဟု ယုံကြည်လို့သာ ပြောပြခြင်း ဖြစ်ပါသတဲ့။ မလဲ့တို့မောင်နှမကို သူ့ဦးလေးက မွေးစားပါသည်။ နောက်တော့ ဦးလေး၏ ဇနီးနှင့် အဆင်မပြေသဖြင့် နဂိုအိမ်ကြီးကို ရောင်းကာ ကျွန်တော်တို့ အိမ်ရှေ့အိမ်ကို ၀ယ်ကာ မောင်နှမသုံးယောက်တည်း ပြောင်းလာခြင်း ဖြစ်ပါသတဲ့။ မလဲ့က အကြီးဆုံးဖြစ်ပြီး အစ်ကိုကြီးမျိုးမင်းထွန်းက အလတ်၊ နွဲ့နွဲ့က အငယ်ဆုံးဖြစ်ပါသည်။

မိဘမဲ့မောင်နှမသုံးယောက်၏ ရုန်းကန်လှုပ်ရှားရမှု အပြည့်အစုံကို ကျွန်တော် မသိပါ။ မလဲ့ ကတော့ ဆယ်တန်းအောင်ပြီး ဆည်မြောင်းဋ္ဌာနတစ်ခုတွင် အလုပ်ဝင်ပါသည်။ သုံးလေးလနေမှ တစ်ခါပြန်လာသည်။ မလဲ့မရှိတုန်း အစ်ကိုကြီးမျိုးမင်းထွန်းနှင့် နွဲ့နွဲ့တို့ ရန်ဖြစ်ကြသည်ကို မှတ်မိနေပါသည်။ ကျွန်တော်တို့ ညီအစ်ကိုတွေလည်း ရန်ဖြစ်ကြသဖြင့် ရန်ဖြစ်သည်မှာ မဆန်းပါ။ သို့ရာတွင် ကျွန်တော့်စိတ်ထဲ ဆန်းကြယ်နေသည်က အစားအသောက် ကိစ္စအတွက် ရန်ဖြစ်ကြသဖြင့် ထူးဆန်းနေခြင်း ဖြစ်ပါသည်။ အစ်ကိုကြီးမျိုးမင်းထွန်း ရေလိုက်ထမ်းပေးနေရာမှ မောမောပန်းပန်း ပြန်လာတုန်း လက်ဖက်သုတ်နှင့် ထမင်းကျွေးသဖြင့် စိတ်တိုရာမှ ရန်ဖြစ်ကြခြင်း ဖြစ်ပါသတဲ့။ "နေ့တိုင်းလက်ဖက်သုတ်နဲ့စားလိုက် အကြော်နဲ့စားလိုက် စားနေရတော့ ကြာတော့ မစားချင်တော့ ဘူးဖြစ်တာပေါ့ကွယ်။"ဟု အမေက ရှင်းပြပါသည်။

နောက်တော့ အစ်ကိုကြီးမျိုးမင်းထွန်းက ဆယ်တန်းအောင်ပြီး ရဲတပ်ဖွဲ့ထဲ ၀င်သွားသည်။ ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်နေတုန်း မလဲ့က ဆည်မြောင်းအလုပ်မှ ထွက်ပြီး အိမ်ပြန်ရောက်လာပါသည်။ ကျွန်တော် ခွင့်ရတုန်း ကျောင်းက ပြန်ရောက်လာလျှင် မလဲ့ ချဲထီလိုက်ရောင်းနေသည်ကို တွေ့ရသည်။ မတွေ့တာကြာသဖြင့် ခပ်တန်းတန်းပင် ဖြစ်နေသော်လည်း မလဲ့သည် ကျွန်တော် ပြန်ရောက်တိုင်း လာနှုတ်ဆက်တတ်သည်။ နွဲ့နွဲ့ကတော့ ကိုးတန်းရောက်နေပြီ။

နောက်နှစ် တစ်ခါပြန်လာတော့ အိမ်ခြေလေးဆယ်မှာ မလဲ့က ပရိုက်ဗိတ် ကျောင်းဆရာမ လုပ်နေပြီး ကျောင်းသားများကို စာပြန်ပြဖို့ ဖစ်ဆစ်အမေးအဖြေများကို ကျွန်တော့်ဆီ လာလာမေးသည်။ အစ်ကိုကြီး မျိုးမင်းထွန်းကိုတော့ ပြန်လာတာ မတွေ့ရပါ။ ကျွန်တော် ပြန်ချိန်နှင့် သူပြန်ချိန်က မတိုက်ဆိုင်တာလည်း ပါမည်။ အမေက မလဲ့အကြောင်းကို ပြောပြသည်။ "သားကြီး ဒီနှစ် ကျောင်းတက်နေတုန်းက နင့်အစ်မကြီးက ကိုယ့်ကိုယ်ကိုယ် သတ်သေသေးတာဟဲ့။ အိမ်သာထဲမှာ တံခါးပိတ်ပြီး ဆေးသောက်တာတဲ့။ ဘေးအိမ်တွေက အသိမြန်လို့" ဟု ပြောပါသည်။ "ချဲကြွေးတွေ မဆပ်နိုင်လို့တဲ့ကွယ်။ ကိုကြီးမျိုးမင်းထွန်းကတော့ ပြန်ပို့ပါတယ် သားကြီးရယ်။ မလဲ့ ချဲထိုးတာနဲ့ ကုန်တာပဲ။"

မလဲ့က သူများဒိုင်ကိုင်သော ချဲထီကို ကော်မရှင်နှင့် လိုက်ရောင်းရင်း ထိုးမိခြင်း ဖြစ်သည်။ နီးစပ်နေတော့ ထိုးမိခြင်း ဖြစ်ပါလိမ့်မည်။ လူဆိုတာကလည်း သူများအလွယ်တကူ ငွေရတာမြင်ရလျှင် ကိုယ်လည်း အလွယ်တကူ ရချင်တတ်တာမျိုး မဟုတ်လား။

အသက်နှင့် ပတ်သက်၍ မိမိကိုယ်ကိုယ်နှင့် သူတစ်ပါးကို ရန်ရှာလောက်သော အမှုကိစ္စမျိုးကို ကျွန်တော့် ဘ၀တွင် ဒုတိယအကြိမ် မြင်ရခြင်း ဖြစ်ပါသည်။ မလဲ့၏ ချောမွေ့သော မျက်နှာတွင်မူ ထိုအပူရိပ်များကို ကျွန်တော် မမြင်ခဲ့ရ။ အလွန်နက်ရှိုင်းသော တစ်နေရာတွင် သိမ်းဆည်းထားခြင်း ဖြစ်ဟန်တူသည်။

နွဲ့နွဲ့သည် အခြေခံပညာအထက်ဆင့်၏ အချိန်အများစုကို တစ်ယောက်တည်း ဖြတ်သန်းလျက် ဆယ်တန်းရောက်လာသည်။ ကိုကြီးမျိုးမင်းထွန်းက နယ်ဝေးမှာ၊ မလဲ့ကလည်း ကျောင်းမှာပဲ နေပြီး စာပြရသဖြင့် အိမ်မှာ နွဲ့နွဲ့တစ်ယောက်တည်း နေရသည်။ အမေတို့က အိမ်မှာ ခေါ်ထားပါသည်။ မနေ။

တက္ကသိုလ်မှာ အပြိုင်အဆိုင်များသလောက် ဖိစီးမှုများသဖြင့် အရာရာကို ဘ၀င်မကျဘဲ ငြီးငြူချင်နေသော ကျွန်တော်၏ သူငယ်ချင်းတစ်သိုက်သည် နွဲ့နွဲ့၏ တည်ငြိမ်သော မျက်နှာကို မြင်ရသဖြင့် အရှက်ရကုန်ကြသည်။ ဤမိန်းကလေးသည် ဤပုဂ္ဂိုလ်တစ်သိုက်ကဲ့သို့ စာကြီးပေကြီးများကို ဖတ်ဖူးမည်ဟု ကျွန်တော်တို့ မထင်ပါ။ သို့ရာတွင် ကျွန်တော်တို့ ရင်မဆိုင်နိုင်သော အရာများစွာကို ရင်ဆိုင်နိုင်ကြောင်း သတိပြုမိစရာအပြုအမူများ ရှိပါသည်။ "မင်းရဲ့ ညီမ၀မ်းကွဲကလေးဟာ တော်တော်ထူးတဲ့ မိန်းကလေးပဲ" ဟု သူငယ်ချင်း ကဗျာဆရာတစ်ယောက်က ပြောသည်။

"ကျွန်တော်လေးစားတဲ့ လူနှစ်ဦးရှိတယ်
တစ်ဦးက ဆံပင်အရှည်နဲ့ အမေ
တစ်ဦးက တစ်ခါက တွေ့ဖူးခဲ့တဲ့
ဆံပင်ကုပ်ဝဲနဲ့ ညီမလေး
တစ်စိမ်းတစ်ရံစာ"

ဟု ကဗျာဆရာက စာဖွဲ့ခဲ့ဖူးသည်။ နွဲ့နွဲ့ အဝေးသင်အောင်ပြီး မကြာမီ ဆရာဖြစ်သင်တန်း ၀င်ခွင့်ရသည်။ ဤတွင် ပြောပြစရာရှိသော ဇာတ်လမ်းအားလုံး ပြီးဆုံးသလို ဖြစ်လေသည်။ ၀တ္ထုရှည်တစ်ပုဒ်ဖြစ်လျှင် "အဆုံးစွန်ထိချက်"ကို ကျော်လွန်ပြီး ဇာတ်ထုပ်ဖြည်ရသော အပိုင်းသို့ ရောက်ရတော့မည် ဖြစ်ပါသည်။ အမေက နွဲ့နွဲ့ကို ကရုဏာသက်ပါသည်။ ရောင်းရတော့မည့် အိမ်ကြီးကိုလည်း ကရုဏာသက်ပါသည်။ ကျွန်တော်လည်း တွေဝေပါသည်။ သို့ရာတွင် မတတ်နိုင်ပါ။ ကျွန်တော် ငေးမောသည်က တစ်မျိုး ဖြစ်ပါသည်။ အမေတွေးတောသည်ကလည်း တခြားဖြစ်ပါလိမ့်မည်။

ကျွန်တော်က သူတို့၏ အဖြစ်အပျက်များကို ၀တ္ထုဇာတ်လမ်းများ အနေနှင့် တွေးတောမိခြင်း ဖြစ်သည်။ မလဲ့၏ သေကြောင်းကြံစည်မှုကို သူဋ္ဌေးသား တစ်ယောက်ကြောင့်ဟု ဇာတ်လမ်း ဆင်ရကောင်းမလား၊ ကိုကြီးမျိုးမင်းထွန်းကို တပ်မတော်ထဲထည့်ပြီး တိုက်ပွဲကျခိုင်းရရင် ကောင်းမလားဟု ရက်ရက်စက်စက် တွေးမိပါသေးသည်။ သို့ရာတွင် ဤသို့ ရေးရမည်ကို တွေးမိရုံနှင့် ကိုယ့်ကိုယ်ကိုယ် အရှက်ရလေသည်။ ကျွန်တော်တို့ထက် သာလွန်သော အရည်အချင်း အမြောက်အမြား သူတို့ဆီမှာ တွေ့ရနိုင်သည်ကို သိရှိပါလျက် အဘယ်ကြောင့် သူတစ်ပါး၏ တကယ့်ဘ၀များစွာမှာ ကံဇာတ်ဆရာ လုပ်အပ်မည်နည်း။

အရပ်ထဲမှာ ဆန်ကွဲတစ်လုံးနှင့် မိသားစု ထမင်းတစ်နေ့စာ ပြီးရသော ဇာတ်လမ်းကို ကြားရကာစက ကျွန်တော် မျက်ရည်လည်မိသည်။ သူတို့ မောင်နှမများကတော့ ကျွန်တော့်လို အလကားနေရင်း မျက်ရည်ဝဲနေသော လူညံ့တစ်ယောက် မဟုတ်ပါ။ "ဆန်ကွဲတစ်လုံး မိသားတစ်စု၊ တစ်နေ့တာ" ဇာတ်လမ်းသည် သူတို့၏ တစ်နေ့တာ ပင်လျှင် ဖြစ်ကောင်း ဖြစ်နိုင်ခဲ့ပါသည်။ မလဲ့၏ ချစ်သူက တစ်ခြားမိန်းကလေးနှင့် အိမ်ထောင်ပြုသွားသည်ကိုလည်း အရပ်ထဲက ဘယ်သူကမှ မအံ့သြခဲ့ကြပါ။

အကယ်၍ ဘ၀တစ်ခုကို မာရသွန်ပြေးပွဲတစ်ခုနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ကျွန်တော်ပြောနိုင်သော အရာအားလုံးသည် ယခုအခါတွင်ပင် ကုန်ဆုံးခြင်းသို့ရောက်ပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပန်းတိုင်ကို ကျွန်တော် မသိသောကြောင့် ဖြစ်ပါသည်။ သိပ္ပံမောင်ဝ၏ "ဆရာစော" ထဲကလို နဘန်းသတ်နေသော ကလေးများထဲမှ အဘယ်သူက အဘယ်သူဖြစ်လာနိုင်သည်ကို ကျွန်တော်တို့ ဘယ်လိုမှမသိနိုင်ပါ။ သို့ဖြစ်၍ ကျွန်တော်၏ မလဲ့တို့ မောင်နှမများအပေါ် ထားသော ကရုဏာသည် သူလိုကိုယ်လို မိတ်ဆွေအချင်းချင်းအပေါ် ထားသော ကရုဏာမျှထက် မပိုနိုင်တော့ခြင်းကို မကောင်းမှုတစ်ခုဟု မမြင်တော့ပါ။ သူတို့သည် ကရုဏာထက်သာလွန်သော လေးစားခြင်းနှင့် ပို၍ ထိုက်တန်သော သူမျိုးများ ဟု ကျွန်တော်က ယူဆနေခြင်းဖြစ်ပါသည်။

"ကချေသည်" သီချင်းတွင်မူ လူ့ဘ၀သည် ကချေသည် ဇာတ်ကရသည်နှင့် တူသည်ဟု စပ်ဆိုထားပါသည်။ ကံဇာတ်ဆရာ၏ အလိုကျ ရယ်ချင်ပေမဲ့ ငိုရတတ်သလို ငိုချင်ပေမဲ့ ရယ်ရတတ်သည်၊ မုန်းသူကိုလည်း ချစ်ဟန်ပြုရသည်၊ ချစ်သူကိုလည် မုန်းမာန်ချဲ့ရသည် ဟု စပ်ဆိုထားပါသည်။

"ပရိယေသန ၀မ်းစာရေး၊ မှန်းကာတွေး ကွေးနေအောင်ပဲ ကခဲ့ရတယ်၊ ကျွန်မရဲ့ဘ၀၀ယ် သြော်..ဘ၀အခြေမလွယ်၊ ကချေသည်။ ရယ်ချင်လျက်နဲ့ ဇာတ်ကွက်အလိုကျ ငိုလိုက်ရတယ်၊ လွမ်းတသက်သက် ငိုချင်လျက်နဲ့ကွယ်၊ ခိုင်းစေချက် ညီမျှရန်ကွယ်၊ ရယ်ရပြန်တယ်။"

ဘ၀၏ အစသည် အလယ်မဟုတ် သကဲ့သို့၊ အလယ်သည်လည်း အဆုံးသတ် မဖြစ်နိုင်တာတော့ ကျွန်တော်သိပါသေးသည်။ ထို့ထက်ပိုလွန်သော ကိုးကားစရာ ဒဿန ကျွန်တော့မှာ မရှိသေးပါ။ ကျွန်တော်နောက်ဆုံး ဖတ်မိသော ဘ၀သည်ကား ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာပင် ဖြစ်ပါသတည်း။

"နေပူတုန်းခါ၊ မိုးရွာတုန်းလည်း
လသာသာပျိုအိုကြိုက်၊လမိုက်လျှင်လည်း။

အဖော်ငယ်စုံ၊ဖော်မစုံလျှင်လည်း
ပွင့်ဖူးငုံအကုန်လန်း၊နွမ်းနယ်လျက်လည်း။

စုန်ပြန်ရအဖန်ဖန်၊ဆန်ပြန်ရတလဲလဲ..
မဗေဒါဒီရေကြောမှာ မျောလျက်သာပဲ"

သို့ရာတွင် စင်စစ် လူ့ဘ၀ အကြောင်း "မင်းအသိနှင့်မင်းပြောပါ" ဟုဆိုလျှင် ကျွန်တော် ဃဂနဏ မပြောနိုင်ပါ။ အီယောင်ဝါးဖြစ်သွားတတ်သည်။ ဟိုကဒီကရှာဖွေလာသော ကဗျာများ စာများနှင့် ကိုယ်မသိတာကို ဖုံးကွယ်လေ့ရှိပါသည်။ ထိုကဗျာဥပမာ သီချင်းဥပမာများကို ကြည့်၍ နွဲ့နွဲ့တို့လို တကယ့်လူများက ကျွန်တော့်ကို ကရုဏာသက်ကောင်း သက်ကြမည် ဖြစ်ပါတော့သည်။
 

Recent Comments

Recent Posts

Hit

web counter