ဗရုတ်သုက္ခအနိုင်ဆုံးနေ့တစ်နေ့(တတိယအတက်)


အမ ၀ါမိစံ ရက်စက်တာပါဗျို့။ သူရေးရလို့တဲ့.... သူများတကာ အေးအေးမနေရအောင် လက်ပံသားကို ဓားနဲ့ ချိုင်လိုက်တာပါတဲ့။

မောင်နှမ အချင်းချင်း ဒုက္ခရောက်တာချင်း တူတော့ မယ် ထင်တယ်ဗျို့။ ညဉ့်နက်မှ အိပ်ပြီး မနက် အစောကြီးနိုးနေတယ်။ ကျနော့် ကိုလည်း နေကောင်း လားလို့ အမေး ခံရတော့ မယ်ထင်တယ်ဗျာ။

အဲဒီ့နေ့ ကို စိတ်ထဲမှာ တန်း ပေါ်တာပါပဲ။ မော်စကို မြို့ ဘူတာ စင်္ကြံ အလယ်မှာ အထုပ်ကြီး အထုပ်ငယ်တွေနဲ့ အူကြောင်ကြောင် မတ်တပ်ရပ်နေတဲ့ ကျနော့် ပုံကို။ မော်စကို မြို့ ကောင်းကင်မှာ မိုးတွေသည်း လို့ပေါ့။ +၅ (ဒီဂရီ)တဲ့ခင်ဗျ။သိပ်မအေးပါဘူး ဆိုတာ ကျနော့် အတွက်တော့ မဟုတ်ဘူးဗျို့။ ဆု ပေါ်ကထပ်ပြီး ဆွယ်တာတစ်ထည် လောင်းကုတ် တစ်ထည် ထပ် ၀တ်ထားတယ်။ လည်ပင်းမှာ မာဖလာ ပတ်ထားတယ်။ ခေါင်းမှာ ခေါင်းစွပ် စွပ်ထားတယ်။ လက်မှာ လက်အိတ်ဝတ်ထားတယ်။ ရှိသမျှ အသားပေါ်မဲ့ နေရာတွေမှာ အ၀တ်ချည်းပါပဲ။ ဒီကြားထဲ ဖိနပ်ထဲ မှာ ရေတွေဝင်နေလို့ ဝေါ့ကင်းရှူး ထုတ်လဲရင်း မထူးပါဘူး ဟယ် ဆိုပြီး စိုစိစိုစိ ဖြစ်နေတဲ့ဘောင်းဘီ ကို ပါ ဂျင်း ဘောင်းဘီ လဲပစ်လိုက်ရတယ်။

ရထားက ကိုးနာရီ၁၅ ထွက်မှာကို ၉နာရီတိတိမှာ စင်္ကြံထိုးတယ်။ တွဲ၁၅ ကဘယ်မှာ လဲဆိုတော့ ဘူတာနဲ့ အဝေးဆုံးနေရာတဲ့ခင်ဗျာ။ လက်ဆွဲအိတ်နှစ်အိတ်ကို ဖြစ်ချင်ရာဖြစ်ဟဲ့ ဆိုပြီးထားခဲ့ တယ်။ လတ်ဂေ့ဂ်ျ အကြီးတစ်လုံး ကို ကိုင်း က ဆွဲပြီးပြေးရတော့တာပေါ့။ ပြေးရင်းပြေးရင်း မောလာလို့နားတော့လည်း တွဲ၁၅ ကမရောက်သေးဘူး။နှစ်မောသုံးမောလောက် မောပြီးနားပြီးတော့မှ တွဲ အစွန်နားရောက်တော့တယ်။ ဒါလည်း တွဲ၁၅ကို မတွေ့ရသေးဘူး။ ဒါနဲ့ မျက်စိရှေ့က စမတ်ကျကျ တွဲစောင့်ကို ပဲ မေးရတော့တယ်။ ဆရာကအင်္ဂလိပ်လို တစ်လုံးမှမတတ်ဘူးခင်ဗျ။ နောက်ဆုံးတော့သူတို့ဘာသာနဲ့ပဲ အိုးနင်းခွက်နင်းမေးရင်း ပထမအဆင့်အောင်မြင်သွားတယ်။ တွဲ ၁၅ ဘယ်မှာလဲ။ ဒီမှာတဲ့။ ဒီတွဲပဲ။ အိုကေ ရပြီပေါ့။ ပစ္စည်းတွေ ထပ်သယ် မယ်ဆိုပြီး လှည့်ထွက်မယ် လုပ်ခါမှ Documentလေး ကြည့်ပါရစေ။ လက်အိတ်ကို ချွတ်လိုက်တယ်။ လောင်းကုတ် အတွင်းအိတ်ကို နှိုက်ပြီး ရထားလက်မှတ်ကို ထုတ်တယ်။ကိုင်း ကြည့်စေဗျား။ သူကယူကြည့်ပြီး ခုံနံပါတ် ၅၈ လို့ပြောတယ်။ လက်မှတ် ပြန်ပေးတာကို ကမန်းကတမ်း ပြန်ယူတော့ ချွတ်ထားတဲ့လက်အိတ် က ရထားနဲ့ မျဉ်းအ၀ါကြားထဲ က မြောင်းထဲ ကျသွားပါလေရော။ ပြန်ကောက် လို့လည်းမရ ။ ရှက်ရှက်နဲ့ ခေါင်းမော့ ကြည့်တော့ ကိုရွှေတွဲစောင့်က ပုခုံးတွန့်ပြတယ်။ တက်တော့မလား တဲ့။ အဲဒီကျမှ သတိရပြီး ခွင့်လွှတ်ပါပေါ့။ ကျနော့်မှာ တခြားပစ္စည်းတွေကျန်ပါသေးတယ် ဒီအိတ်ကို တွဲရှေ့မှာ ခဏထားခဲ့ပါရစေ ဆိုတော့ ပခုံးတွန့်ပြန်တယ်။ ဘာအဓိပ္ပါယ်လည်းတော့ မသိပါဘူး။

ကိုင်းရှိစေ။ ပြေးရပြန်တယ်။ အိတ်နှစ်လုံးကို ဆွဲပြီးပြန်လာတော့ တံခါးတောင် ပိတ်တော့မယ်။ ခွင့်လွှတ်ပါ ခွင့်လွှတ်ပါပေါ့။ အထုပ်ကြီးသုံးထုပ် ကို တွဲထဲဆွဲထည့် ပြီး ခုံရှေ့ရောက်ဖို့ တော်တော် ကြိုးစားရတယ်။ အိပ်စင်နဲ့ခင်ဗျ။ စင်္ကြံမှာ ကျနော့် အထုပ်နဲ့ချည်း ပြည့်နေတော့ ဘယ်ကြည်ပါ့မလဲ။ ဒါနဲ့ အထုပ်တစ်ခု ကို ပစ္စည်းတင်တဲ့ စင်ပေါ်တင်။ ကျန်တာတွေ ခုံ အောက်ထဲထည့်ပေါ့။ ပစ္စည်း တွေနေရာချပြီးလို့ ပတ်ဝန်းကျင်ကို အကဲခတ်တော့ အားလုံးက အကျအန အိပ်နေပြီခင်ဗျ။ ရထားကလည်း မောင်းတာတော်တော်ရောက်နေပြီ။ ကျနော့် အိပ်စင်ပေါ်ကြည့်တော့ အိပ်ယာခင်းလည်းမရှိဘူး။ အထုပ် သုံးထုပ်တွေ့တော့ အိပ်ယာလိပ်ပဲ မှတ်ပြီးဖြေတာပေါ့ဗျာ။ ဒီတော့ မှ တွဲစောင့် က ...ဟာ အဲဒါတွေမဖြေရဘူး ကွ... ဆိုပြီး လာမသွားတယ်။ လူကြည့် တော့ စိတ်ဆိုးမာန်ဆိုး။ ဒါဖြင့် ဘယ်ဟာ ကို ယူအိပ်ရမှာလဲ ဆိုတော့ မဖြေဘူး။ ခက်ပြီ။ ကိုယ့်ဖာသာ အကဲခတ်လိုက်မှ သူများအိပ်စင်တွေရဲ့ အပေါ်မှာ သွားတွေ့တယ်။ ဟာ အမြင့်ကြီး ပဲ ဘယ့် နှယ် ယူ ရမှာလဲ။ သူတို့ကလည်း အိပ်နေပြီ။ ၁၅မိနစ်လောက် ငိုင်ပြီးစဉ်းစားနေမှ လူတစ်ယောက် ကတွေ့သွားပြီး ယူပေးသွားတယ်။ သူ့အရပ်နဲ့သူတော့ အကိုက်ပဲကိုး။ ကျနော်တို့က ပုနေတော့ ခက်တာပေါ့။

မျက်လုံးနှစ်လုံးကလည်း စင်းနေပြီ။ ရထားထဲမှာက အိုက်တယ်။ အပူပေးထားလို့။ ဖိနပ်စီးထားတာကိုချွတ်တယ်။ လောင်းကုတ်ကိုချွတ်တယ်။ ထားစရာနေရာ မရှိတော့တာ နဲ့ ခေါင်းအုံးအောက်ထဲ ထား ပစ်လိုက်တယ်။ မျက်မှန်ကျတော့ ဘယ်နားထားရမလဲ မသိ။ မျက်မှန်ဘူးကလည်း အိတ်ထဲမှာ။ ကျိုးသွားရင် မဟာဒုက္ခ။ အို ချွတ်မနေတော့ဘူး ဆိုပြီး တပ်အိပ် လိုက်တယ်။ အေးရော။ ၅မိနစ်မကြာပါဘူး။ ၂၄နာရီ အတွင်း ပထမဦးဆုံး အကြိမ် အိပ်စက်ရခြင်းပါပဲ။ ရထားကလည်း အသံကိုမထွက်ဘူး။ အဲဒီကစပြီး နောက် ၈နာရီ တိတိ ဗရုတ်သုက္ခ မဖြစ်တော့ဘူးဗျို့။ ပီတာစဘတ်ဘူတာ မရောက်မီ အထိ ပေါ့လေ။ ဗရုတ်သုက္ခနိုင်တဲ့ နေ့တစ်နေ့တည်း အကြောင်းဆိုတော့ အင်နပ်ဖ်ပဲ ပေါ့ဗျာ။

ဒီစာကိုရေးပြီး တဲ့ အချိန်မှာ သက်မမောကြီး နှစ်ဆင့် ချ ပြီး၊ ရေနှစ်ခွက် ဆင့်သောက်လိုက်ရတယ်ခင်ဗျ။ နောက်ကို ပြန်အစ ဖော်မပေးနဲ့တော့နော် ။ ပြန်မော လာလို့ပါ။ အမ၀ါမိစံ ရေ ....ကျေနပ်ပါတော့။

5 comments:

megumi said...

ဟယ်၊ ဒီလောက်ပဲလား။ ဗရုတ်သုခက တော်တော်နည်းတာပဲ။ ကျမဆို၊ ခရီးသွားတိုင်း ဖြစ်လိုက်တဲ့ ပြဿနာ၊ ဗရုတ်သုခ တွေ ပြောလို့ မကုန်အောင်ရှိတယ်သိလား။ မမောပါနဲ့ရှင့်။ ဒီလိုပါပဲ ဖြစ်တတ်ပါတယ်။ :P :P

ဝါ၀ါခိုင်မင်း said...

ဟဟား... မောင်လေး အလွမ်းပြေ
ဗရုတ်သုတ်ခလေးမျှဝေပေးတာ ကျေးဇူးနော်။
အမြန်ဆုံးပြီးအောင်ရေးပေးလို့ လျပချောမော ချစ်စရာ
ကောင်းသော၊ညီမလေးနဲ့ ဖူးစာဆုံနိုင်ပါစေကွယ်။
ခင်မင်လျှက်
မမ၀ါ
(အဟီး..မမ၀ါမိစံ မဟုတ်ပါ)

ဇင်ယော် said...

အစ်မ၀ါမိစံ ဓားနဲ့ လိုက်ချိုင်နေတာ တားတားတို့  လက်ပံသားလေးတွေ တော်တော်ပဲ့ကုန်ပီဗျ။ ဒုက္ခပဲ။ အဟဲ တော်သေးတာပေါ့။ ရထားမတက်ခင်လေး ဒုက္ခရောက်ပြီး ရထားပေါ်မှာ အေးဆေးအိပ် လိုက်သွားရတာ။

မသက်ဇင် said...

ဗရုတ်သုက္ခအနိုင်ဆုံးနေ့တစ်နေ့
ကိုလာဖတ်ပါတယ်---မရောက်ဘူးတဲ့နေရာကို
ရောက်သွားသလိုပါပဲ--- ရေးတတ်လိုက်တာ--
ဗဟုသုတ ရပါတယ်---ဝေငှပေးလို့ပါ--
အားပေးနေပါတယ်---

တက်လူငယ် said...

ကိုအလှတရားရေ..စာတွေလာဖတ်တယ်။ အခုမှဖတ်ဖြစ်တာ ခွင့်လွှတ်ဗျို့။ စာတွေက လေးနက်တော့ ရောက်တိုင်းလဲ ကောင်းကောင်းမဖတ်ဖြစ်ဘူးလေ။ ဒါနဲ့ အခု အရှင်းဆုံးပို့စ်ကိုရွေးဖတ်တော့ ကွန့်ဖြစ်တယ်ဗျာ။ ဗရုတ်သုတ်ခအကြောင်းကတော့ ရေးသားချက်တွေ သိပ်ကောင်းပါ့ဗျာ။ (ကျန်တာတွေလဲကောင်းပါတယ်)
ကျနော်တောင် အားကျလာတယ်ဗျ။ မိတ်ဆွေလို စာတွေများများရေးနိုင်အောင် ကြိုးစားရဦးမယ်။


ခင်မင်လေးစားလျက်...
တက်လူငယ်...