မိဂဒါဝုန်မှဆည်းလည်းသံ (အနတ္တလက္ခဏသုတ်)


ရှုထောင့် အမျိုးမျိုး ရှိသည်။ ခန္ဓာ ငါးပါးကို အတ္တ အနေနှင့် ရှုမြင် သည်လည်း ရှိ၏။ ခန္ဓာ ငါးပါးကို ကြောင်းကျိုး နိယာမ အနေနှင့် ရှုမြင် သည်လည်း ရှိ၏။ ကြောင်းကျိုး နိယာမ မှ အလွတ် ဖြစ်သော တရား (နိဗ္ဗာန်) ကို ရှုမြင် သည်လည်း ရှိ၏။

ခန္ဓာ ငါးပါးကို အတ္တ အနေနှင့် ရှုမြင် သောအခါ ခန္ဓာ ငါးပါး သည် သာယာဖွယ်၊ နှစ်သက် မြတ်နိုးဖွယ် ပုဂ္ဂိုလ်၊ သတ္တ၀ါ အနေနှင့် ထွက်ပေါ် လာသည်။ ဤ ရှုထောင့် မှာ ကြိုးကို မြွေထင်၊ မြွေကို ကြိုးထင် သည်နှင့် အတူတူပင် ဖြစ်သည်။ လောက ၏ ကြောင်းကျိုး နိယာမကို ဆန့်ကျင်၍ အိပ်မက် နေခြင်းသာ ဖြစ်၏။ အိပ်မက် ထဲတွင် တွေ့ရှိရသော ကောင်းနိုး ရာရာ များကို သိမ်းပိုက် ရမည် ဟုလည်း ထင်မြင် ယူဆလေ့ ရှိသည်။ ယူဆသည့် အတိုင်းလည်း သိမ်းပိုက်လေ့ ရှိသည်။ အဟန့် အတား ကြုံလာလျင်လည်း ဖြစ်သည့် နည်းနှင့် နှိပ်ကွပ် သိမ်းပိုက်၏။ ထိုသူမျိုး သည် မိမိ ကိုယ်ကို ဗဟိုပြု ကြည့်မြင်သည့် ရှုထောင့်နှင့် လောက၌ ရပ်တည်နေခြင်းဖြစ်သည်။

ထိုသူမျိုးကို သိမ်းပိုက်တတ်သူများဟူ၍ ခေါ်ဆိုကောင်းခေါ်ဆိုနိုင်ပါမည်။

ခန္ဓာ ငါးပါးကို အရှိ အတိုင်း(ကြောင်းကျိုး နိယာမ အတိုင်း) ရှုမြင်လျင် ခန္ဓာငါးပါး သည် သာယာဖွယ်၊ နှစ်သက် မြတ်နိုးဖွယ် မဟုတ်။ အသုံး ချဖွယ်၊ စတေးဖွယ် ဓမ္မ တရားများသာ ဖြစ်၏။ ဤ ရှုထောင့်မှာ လောက နိယာမ အတိုင်း အိုတတ်သည့် သဘောကို အိုတတ်သည် ဟု လည်းကောင်း၊ နာတတ်သည့် သဘောကို နာတတ်သည် ဟု လည်းကောင်း၊ သေတတ်သည့် သဘောကို သေတတ်သည် ဟု လည်းကောင်း ပြတ်သားစွာ ရှုမြင်ခြင်း လည်း ဖြစ်သည်။ ထိုအခါ ကောင်းနိုး ရာရာများကို သိမ်းပိုက်ခြင်း ၌ အရသာ မတွေ့။ အိုတတ်၊ သေတတ်၊ နာတတ် သော မိမိခန္ဓာ အတွက် အိုတတ်၊ သေတတ်၊နာတတ် သော တရားများကို သိမ်းပိုက်၍ မည်သည့် အရသာ ရှိမည်နည်း။ လောက အတွက် ပေးဆပ် ခြင်းဖြင့်သာ အဓိပ္ပါယ် ရှိစွာ ကုန်ဆုံး အပ်သည် မဟုတ်လော ဟုယူဆသည်။ ထိုအခါ ကောင်းနိုးရာရာ များကို ရှာဖွေ ရခြင်း၏ ရည်ရွယ်ချက် သည် သိမ်းပိုက်ဖို့ မဟုတ်။ စွန့်လွှတ်ဖို့ ဖြစ်သည်။

ထိုသူမျိုး သည်ကား လောကကို ဗဟိုပြုသည့် ရှုထောင့်နှင့် လောက၌ ရပ်တည် နေခြင်း ဖြစ်သည်။ ထို သူမျိုးကိုမူ "စွန့်လွှတ် တတ်သူများ"ဟု ခေါ်ဆိုကောင်း ခေါ်ဆို နိုင်ပါမည်။ ထိုသူများ သည် "လွတ်မြောက်ပြီး သူများ" ဖြစ်ရန် ကြိုးစား နေသူများလည်း ဖြစ်ပါသည်။

အချို့သော သူများကား "လွတ်မြောက်ပြီး သူများ"တည်း။ ထိုသူတို့ သည်ကား လောက၏ ကြောင်းကျိုး နိယာမ ကိုလည်း မြင်သည်။ ကြောင်းကျိုး နိယာမမှ အလွတ်(နိဗ္ဗာန်) ကိုလည်း မြင်၏။ လောက သည်လည်းကောင်း၊ သိမ်းပိုက်မှု သည် လည်းကောင်း၊ စွန့်လွှတ်မှု သည် လည်းကောင်း "သဗ္ဗေသင်္ခါရာ ဒုက္ခာ" အရ စင်စစ် ဒုက္ခ ချည်းသာ ဖြစ်ကြောင်း သိမြင်၏။ အကယ် စစ်မှန်သော ချမ်းသာ ဟူသည် နိဗ္ဗာန်သာ ဖြစ်ကြောင်း သိမြင်၏။ ဒုက္ခ၏ အကြောင်းရင်း လောဘကို ရှာဖွေ ဖြတ်တောက် ထားသူ များတည်း။ ထိုသူမျိုး များမှာမူ အရိယသစ္စာကို ဗဟိုပြုသည့် ရှုထောင့်နှင့် လောက၌ ရပ်တည် နေခြင်း ဖြစ်ပါသည်။ ထိုသူမျိုးများကို "လွတ်မြောက်ပြီး သူများ" ဟူ၍ခေါ်ဆိုရသည်။

ပဉ္စ၀ဂ္ဂီ ငါးပါးသည် မူလက သိမ်းပိုက် တတ်သူများ ဖြစ်ကြသည်။ မိမိတို့ဘ၀ အတွက် အသက်မွေး ရာ၌ သိမ်းပိုက်ခြင်းကို မူဝါဒ အနေနှင့် ချမှတ် ခဲ့သည်။ သို့သော် ဘုရား အလောင်းတော် နှင့်တွေ့သောအခါ စွန့်လွှတ် တတ်သူများ ဖြစ်လာကြသည်။ ဘုရား ပွင့်တော်မူရေး၊ လောကအတွက် တရား အကျိုး ပြုနိုင်ရေး အတွက် တစ်တပ်တစ်အားမှ ကူညီ စွန့်လွှတ် ခဲ့သူများ ဖြစ် လာသည်။

ဓမ္မစကြာ တရားတော် ကို နာပြီးသော အခါ၌ကား ပဉ္စ၀ဂ္ဂီ ငါးပါးသည် တစ်ပိုင်းတစ်စ လွတ်မြောက် သူများ ဖြစ်သွားသည်။ သူတို့သည် ဤ အတိုင်းနေလျှင် ခုနစ် ဘ၀နှင့် အပြီးတိုင် လွတ်မြောက်မည် ဖြစ်သည်။ သို့သော် မြတ်ဘုရား သာသနာ၌ အားအင် အလုံးစုံကို ထုတ်၍ လောက စီးပွားကိုလည်း အစွမ်းကုန် ဆောင်ချင် သေးပါက အပြီးတိုင် လွတ်မြောက် အောင် ကြိုးစား ရမည် ဖြစ်၏။

သို့ဖြစ်၍ မြတ်ဘုရား သည် "ရူပံ ဘိက္ခဝေ အနတ္တာ" အစချီသော အနတ္တလက္ခဏ သုတ်ကို ဟောကြားတော် မူရ၏။ အနတ္တ လက္ခဏသုတ် အဆုံး၌ မူ ပဉ္စ၀ဂ္ဂီ ငါးပါးသည် လောက စီးပွားကို အစွမ်းကုန် ဆောင်နိုင်သည့် "အပြီးတိုင်လွတ်မြောက်ပြီး သူများ" ဖြစ်လာကြ ပါသည်။ ဤသို့ဖြင့် ဘုရား ရတနာ၊ တရား ရတနာ၊ သံဃာ ရတနာတို့ သည် ဓမ္မစကြာ သုတ်တော် နှင့် ပြည့်စုံရန် အစပျိုးပြီး အနတ္တလက္ခဏာသုတ် တရားတော် နှင့် အလုံးစုံ ပြည့်ဝသော အဖြစ်ကို ရသည်ဟု ဆိုကောင်း ဆိုနိုင် ပါသည်။

"ရဟန်းတို့ .ရုပ်တရား အပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တ အမှန်ပင် တည်း။ စင်စစ် ရုပ်တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက် ဖောက်ပြန်ခြင်း ငှာ ဖြစ်၏။ "ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်" ဟု စီမံ ခန့်ခွဲ၍ မရနိုင်။..

ထို မမြဲ ဆင်းရဲ သောရုပ်တရားကို ငါပိုင်သောဥစ္စာ၊ ငါ၊ ငါ၏ အတ္တ ဟု မဆင်ခြင် လင့်။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၌ ဖြစ်သော ရုပ်တရား အပေါင်းကို ငါပိုင် မဟုတ်၊ ငါမဟုတ်၊ ငါ၏ အတ္တမဟုတ် ဟူ၍ ဆင်ခြင်အပ်၏။

ထို့အတူ ဝေဒနာ၊ သညာ၊ သင်္ခါရာ၊ ၀ိဥာဏ် တရား တို့ကို လည်း ငါပိုင် မဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တ မဟုတ် ဟူ၍ ဆင်ခြင် အပ်၏။

ထိုသို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ကို ရှုမှတ်လျင် အနှစ်သာရ ကို မတွေ့ဘဲ ပျင်းရိ ငြီးငွေ့ မုန်းလာမည်။ ငြီးငွေ့လျင် မတွယ်မတာ မသာယာ ကိလေသာ ကို ဖြတ်မည် ။ကိလေသ၀ဋ္ဋ်မှ လွတ်မည်။ လွတ်ပြီဟု သိသောဥာဏ် ဖြစ်မည်။ ထိုအခါ ဘ၀သစ် အဖြစ်မစဲ အသစ်အသစ် ရမှု အစတုံး ကုန်ဆုံးခဲ့ပြီ။ မြတ်သော အကျင့် ကျင့်သုံးခြင်း ပြီးဆုံးပြီ။ သစ္စာ လေးသွယ် ပြုဖွယ် ဟူသမျှကို ပြုပြီး ဖြစ်သည်။ ဤပစ္စုပ္ပန် ခန္ဓာမှ တစ်ပါး သော ခန္ဓာ အစဉ်သည် ကင်းပြတ် ကုန်ကြွေခြင်း ရှိမည် မဟုတ် တော့"



မိဂဒါဝုန်မှ တရား ဆည်းလည်း သံသည် ပြည့်စုံခြင်းသို့ ရောက်ချေ ၏။ ပဉ္စ၀ဂ္ဂီ ငါးပါးသည် အရဟတ္တမဂ်ကို ရချေပြီ။ လောက အကျိုး ဓမ္မ အကျိုးကို အဆင့် အမြင့်ဆုံး ဆောင်ရွက် နိုင်သည့် အားအစွမ်း ကို ရချေပြီ။

မိဂဒါဝုန် သည် တရား အလင်းဖြင့် လင်းလေ၏။ မကြာမီ မိဂဒါဝုန်မှ တရားအလင်း သည် နှစ်ပေါင်းများစွာ အမှောင် ဖုံးခဲ့ရသော လောက တစ်ခွင်သို့ တစ်စတစ်စ ပျံ့နှံ့တော့မည် ဖြစ်ပါတော့ သတည်း။



ကိုးကား
http://anattalakkhana-sutta.blogspot.com/
ဘ၀အကျဉ်းသား-ဦးရွှေအောင်

12 comments:

မသက်ဇင် said...

အလှတရားရေ----
မိဂဒါဝုန်မှဆည်းလည်းသံ (အနတ္တလက္ခဏသုတ်) ကို
သုံးကြိမ် သုံးခါ
ဖတ်ပြီး သာဓုခေါ်ပါတယ်---
အခုလိုဝေငှ တဲ့ အတွက်လည်း
အလှတရား တယောက် စိတ်နှလုံးချမ်းမြေ့
ပါစေသော်---

thihanyein said...

သွေးသောက်ကြီး
အပေါ် ၂ ပိုဒ် ကိုကျနော့်အမြင်ပြောမယ်ဗျ

လောကရဲ့ကြောင်းကျိုးနိယာမကိုဆန့်ကျင်တယ်ဆိုကတည်း
ဒါမဟုတ်တော့ဘူး အိမ်မက်လို့ဆိုတာကိုတော့နားမလည်ဘူး ဒါပေမယ့် သဘာဝယုတ္တိကိုလွန်ဆန်ပြီးတော့ တွေးတဲ့အရာမှန်သမျှကတော့ မှားတယ်ဆိုတာသေချာတယ်ဗျ ဘယ်လောက်ကောင်းတဲ့အတွေးအခေါ်ပညာရှင်ဖြစ်နေပါစေ သဘာဝယုတ္တိကနေ လွန်သွားရင်တော့ ဒီလူအရူးလို့သတ်မှတ်ကြမှာပဲ ဥပမာ နွားတစ်ကောင်ကို သရေကွင်းနဲ့ပစ်ရင်သေတယ်ဆိုတဲ့ သဘာဝယုတ္တိကို လွန်သွားတဲ့အတွေးမျိုးပေါ့
နောက်တစ်ခုက အဲဒီပိုဒ်မှာပဲ လူကိုဗဟိုပြုပြီးကြည့်မြင်တယ်ဆိုတော့ ဟိုးအရင်က ဆိုဖီဂိုဏ်းက ဆရာကြီးတွေအတွေးမျိုးဖြစ်နေတယ် ဒီအတွေးမျိုးသာခေတ်စားလာရင်တော့ လူ့လောကကြီးတောင်ပျက်စီးသွားနိုင်တယ်
မရှင်းတာလည်းရှိသေးသဗျ ဘုရားရှင်က "ရူပံ ဘိက္ခဝေ အနတ္တာ" လို့ဆိုရာမှာ "ရဟန်းတို့ .ရုပ်တရား အပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တ အမှန်ပင် တည်း လို့ဆိုခဲ့တယ်
ဒါဆိုရင်ရုပ်တရားဆိုတာဘာကိုခေါ်သလဲဗျ တစ်ဆိတ်လောက်ရှင်းပြဦးသွေးသောက်ကြီး ရုပ်တရားဘယ်လောက်ရှိလဲ ဘယ်ရုပ်တရားက အခြေခံမူလကျလည်း ဒါတွေကိုတော့ကျနော်မသိဘူး ခင်ဗျားသိရင်ရှင်းပြဦးဗျာ
ရေးထားတာတွေကတော့ အကုန်ကြိုက်တယ် မသိတာရှိရင်တော့မေးမှာပဲဗျ ဘာလို့လည်းဆိုတော့ သြကာသာ သာလုပ်နေတာ အနက်ကဘယ်လိုပြန်လည်းဆိုတော့မသိကြဘူး ဒါကြောင့်ရှင်းပြဦးသွေးသောက်ကြီး
ခင်မင်လျှက်
သွေးသောက်ကြီး
သီဟညိမ်း

အလှတရား said...

ကိုသီဟညိမ်းရေ
ခုလိုမေးမှမေးပါ့မလားလို့
ကျေးဇူးတင်တယ်...မေးတဲ့အတွက်

ကြောင်းကျိုးနိယာမဆိုတာကတော့ ပဋ္ဋိစ္စသမုပ္ပါဒ် ကိုဆိုလိုတာပါပဲ။ သာမန်အားဖြင့် ၀ိပဿနာ ရှုမှတ်မှုလည်းမရှိရင်၊ဗဟုသုတလည်း မရှိရင် အာရုံနဲ့ အာရမ္မနိက ထိတိုက်လို့ဖြစ်ပေါ်လာတဲ့ ကောင်းဆိုးဝေဒနာတွေကို ငါ၊ ငါ့ဥစ္စာ၊ငါ၏အတ္တ လို့ စွဲလန်းတာပါပဲ။ ဒါဟာ တကယ် မဟုတ်ဘဲ တကယ်ဟုတ်တယ်လို့ ထင်တဲ့ အတွက် အိပ်မက်တာနဲ့ အတူတူပါပဲ။ အိပ်မက်ထဲမှာတော့ တကယ်မဟုတ်တဲ့ အရာတွေကို လည်း တကယ်ဟုတ်တဲ့ အသွင် ထင်မြင်တတ်တယ် မဟုတ်လား အဲလိုထင်မြင်တဲ့ အခါမှာလည်း ငိုစရာလို့ထင်ရင် ငို၊ ရယ်စရာလို့ထင်ရင်ရယ်။ အိပ်မက်ထဲမှာ လည်း ဒီလိုပဲ မဟုတ်လား။

အပြင်လောကမှာလည်း မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆိုတဲ့ ပဉ္စဒွါရက လက်ခံလာသမျှ အာရုံတွေကို မနောဒွါရက ခြယ်လှယ်ပြီး ခုလို အိပ်မက်တယ်ဗျ။ သာမန် အဆင်းရုပ်ကလေးကို ငါ့မိတ်ဆွေပဲ၊ ငါသိပ်ချစ်တဲ့ မိတ်ဆွေပဲ၊ ဒီ့ထက်... အို...ငါ စွဲလန်းရတဲ့ မိတ်ဆွေပဲ၊ ဒီ့ထက်..အိပ်မက်ရင် အို သူမရှိရင် ငါမဖြစ်တော့ဘူး ခုလို ပဉ္စ ဒွါရကို မနော ဒွါရက ထပ်ဆင့် တဲ့ အတွက် သာမန် အဆင်းရုပ်ကလေးကို ခုလို မှားယွင်းစွာ ထင်မြင်နေတာ လက်တွေ့ပဲ မဟုတ်လား။

ဝိပဿနာလည်းရှု၊ဗဟုသုတလည်းရှိတဲ့ သူတွေမှာတော့ ဒီလို မဖြစ်ဘူးဗျ။ နာမရူပ ပရိစ္ဆေဒဥာဏ်ရောက်တဲ့ အခါ မိမိခန္ဓာမှာ ရုပ်နဲ့ နာမ်နှစ်ပါးပဲ ရှိသလို သူတစ်ပါးမှာလဲ ရုပ်နဲ့နာမ် နှစ်ပါးပဲ ရှိမှာပဲ ...စသည်ဖြင့် ဥာဏ်တွေ ရင့်ကျက်တာနဲ့ အမျှ မှားယွင်းစွဲလန်းမှုတွေ လျော့ပါးသွားနိုင်ပါတယ်။ ဥဒယဗ္ဗယ ဥာဏ်လောက်ရောက်တဲ့ အခါကျတော့ အို အဆင်းရုပ် ကလေးမျှပဲဆိုတာ ပိုပြီး သဘောကျ သွားရတယ်။ ဒီအဆင်းရုပ် ကလေး ဖြစ်ပြီး ပျက်နေပါလား လို့လဲ သဘောကျသွားရတယ်။သူတို့ ကတော့ အဲဒီလို အဆင်းရုပ်မျှပဲ ဆိုတာကို အမှန်အတိုင်း သိတဲ့ အတွက် နိုးနေသူတွေလို့ ဆိုနိုင်ပါတယ်။

ရူပံဘိက္ခအနတ္တာ အစချီပေမဲ့ ခန္ဓာငါးပါးလုံးကို အနတ္တ လို့ မြတ်ဘုရားက ဟောကြားတာပါ။ ဒီနေရာမှာ အနတ္တကို တိတိကျကျ ဘာသာပြန်ရရင် န-အတ္တ၊ အတ္တမဟုတ် လို့ပြန်တာ အကောင်းဆုံးပါပဲ။ ခန္ဓာ ငါးပါး အကျယ်ကို ရေးရင် သိပ်ကျယ်ပြန့်သွားမှာ ဖြစ်တဲ့ အတွက် အကျယ်ကို မရေးဘဲ အမည်မျှ ဖော်ပြလိုက်တာဖြစ်ပါတယ်။

ရုပ်တရားတွေနဲ့ ပတ်သက်လို့ ဆရာဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်းစာအုပ်၊ တတိယတွဲ အနတ္တလက္ခဏသုတ် အခန်းမှာ လေ့လာရင် ခင်ဗျားအတွက် ပိုကောင်း လိမ့်မယ်ထင်ပါတယ်။
အကြမ်းဖျင်း အားဖြင့် ရုပ်တရားဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အကောင် အထည်ကြီးပါပဲ။ သေသွားတဲ့ အခါမှာ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကြီးကို ဥတုဇ ရုပ် ကလပ် လို့ ခေါ်တယ် မဟုတ်လားဗျာ။ အခု မြင်နေ ရတဲ့ ရုပ်ကြီးဟာ ဥတုဇ ရုပ်ပါပဲ။ ဒီဥတုဇ ရုပ် ပေါ်မှာ ပြုံးခြင်း၊ မဲ့ခြင်း စတဲ့ ရုပ်တွေ လည်း ဖြစ်ပေါ် နေကြတယ်၊ ဒါကတော့ စိတ္တဇရုပ် (၀ိညတ်) တွေပါ။ ထိုင်တဲ့ အခါမှာ တင်ပါးနဲ့ကြမ်းပြင်နဲ့ ထိတဲ့ အခါ မာခြင်း ပျော့ခြင်း သဘောမျှက ပထ၀ီရုပ်၊ ပူအေး တာက တေဇောရုပ်၊ ခါးကို တည့်မတ်အောင် ထောက်ကန် ပေးတာက ၀ါယောရုပ် တွေပါပဲ။ ဒါကတော့ လက်တွေ့ ကို အခြေခံပြီး ရုပ်တရားကို အကြမ်း ရေတွက် ပြလိုက်တာပါ။

စာထဲမှာတော့ ရုပ်၂၈ပါးရှိကြောင်းပြထားပါတယ်။
ဝိပဿနာရှု ဖို့ဆိုရင်တော့ ဒါတွေ အကုန်သိစရာ မလိုပါဘူး။ အကြမ်းဖျင်း မျှသိရင်ရပါပြီ။ ဒါကတော့ ဗဟုသုတ ပါပဲ။ ရေတွက်ထားပုံက

မဟာဘူတရုပ်၎ပါး(ပထ၀ီ၊အာပေါ၊တေဇော၊၀ါယော)
ပသာဒရုပ်၅
ဂေါစရရုပ် ၎
ဘာဝရုပ် ၂
ဟဒယရုပ် ၁
ဇီဝိတရုပ် ၁
အာဟာရရုပ် ၁
ပရိစ္ဆေဒရုပ် ၁
ဝိညတ် ၂
ဝိကာရ ရုပ် ၃
လက္ခဏ ရုပ်၎ စုစုပေါင်း ၂၄ပါးပါ။
ဒါတွေကတော့ သဂြိုဟ် သင်ဖူးတဲ့သူတွေ ရပြီးသား ပါ။ ဒါပေမဲ့ အနက်နဲ့တစ်ကွ နားလည်ဖို့တော့ ခဲယဉ်းတာပေါ့လေ။ ဆရာဦးဆန်းလွင်ရဲ့ ခုန စာအုပ်ကို တစ်ချက်ပြန်လှန်ကြည့်ပေးပါ..ကိုသီဟရေ။

ကိုသီဟရေ
မေးမှပဲ ဖြေလို့ရမှာ မေးသာမေး အဲလိုများများမေးမှ
ဗဟုသုတတွေ ရမှာ. .
မေးခံရတဲ့သူကော၊ မေးတဲ့သူကော အကျိုးရှိမဲ့ မေးခွန်းတွေကို မေးတတ်တဲ့ အတွက် ကျေးဇူးတင် လေးစားမိပါကြောင်း...

အလှတရား said...

ကိုသီဟညိမ်းရေ စုစုပေါင်း ၂၄ပါးပါ
ဆိုတဲ့ စာကြောင်းကို
စုစုပေါင်း ၂၈ပါးပါလို့ ပြင်ဖတ်ပေးပါ။

Upasaka said...

ဓမ္မစကြာ တရားတော် ကို နာပြီးသော အခါ၌ကား ပဉ္စ၀ဂ္ဂီ ငါးပါးသည် တစ်ပိုင်းတစ်စ လွတ်မြောက် သူများ ဖြစ်သွားသည်။ သူတို့သည် ဤ အတိုင်းနေလျှင် ခုနစ် ဘ၀နှင့် အပြီးတိုင် လွတ်မြောက်မည် ဖြစ်သည်။ သို့သော် မြတ်ဘုရား သာသနာ၌ အားအင် အလုံးစုံကို ထုတ်၍ လောက စီးပွားကိုလည်း အစွမ်းကုန် ဆောင်ချင် သေးပါက အပြီးတိုင် လွတ်မြောက် အောင် ကြိုးစား ရမည် ဖြစ်၏။
ကျနော်ကဒီစာပိုဒ်လေးကိုတွေးရင်း ဆရာကြီးဦးရွှေအောငနဲ့ လက်သံတူတယ်ပေါ့ဆိုပြီးဆက်ဖတ်လာတာတခါတည်းကို
ရှိခိုးချင်စိတ်ပေါက်သွားတာပါ ကို အလှတရားရယ် ကျနော် လေ ပုပြီးလေးစားလာတယ် ဗျာ ကို အလှတရားကိုလေ။

ဇင်ယော် said...

ကိုသီဟနဲ့  ကိုအလှတရားတို့ ဆွေးနွေးထားတာတွေ ဖတ်ရတာ ဖတ်လို့ လည်းကောင်း ဗဟုသုတလည်းရ ကျေးဇူးပါဗျို.။ ဒါမျိုးလေးတွေ ဝေငှပေးတာ ကုသိုလ်လည်းရ အဲ လက်နဲ့ မျက်စိတော့ နည်းနည်းညောင်းတာပေါ့ဗျာ။ အဟဲ

Dream said...

အနတ္တလက္ခဏသုတ်လေးကို လာဖတ်တာ
ပညာရှိစကားဝိုင်းနဲ့တိုးနေတယ်..အမေးအဖြေလေး
တွေကောင်းလိုက်တာ။
အင်မတန်ဘာသာရေးဗဟုသုတရတယ်ဗျာ...
နောက်ကိုလည်းဒီလိုတန်ဖိုးရှိတဲ့ပို့စ်လေးတွေ
မျှပါဦးနော်..

တူမတော်
မက်မက်

မောင်မောင် said...

အလှတရား ရဲ့  အနတ္ထလက္ခဏာ သုတ် ကို ဖတ်သွားပြီးတော့ သာဓုခေါ်သွားပါတယ်။
ခုထက် ပိုပြီး ဘာသာတရားစာပေ ရေးသားဖြန့်ချီ
နိုင်ပါစေဗျာ။

မိုးသောက် said...

မူရင်းရေးထားတာရော နောက်ထပ် ဆွေးနွေးထားတာတွေပါ အကုန်ဖတ်သွားတယ်ဗျို့ ..
ဖတ်ရုံပဲ တတ်နိုင်တယ်ဗျာ
နောက်ထပ်လေးတွေ တင်ပါဦး
ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ

အလင်းစေတမန် said...

သိပြီးသား အကြာင်းတွေ ဖြစ်ပေမဲ့ ပြန်ဖတ်ပြန်တော့လည်း စိတ်ဝင်စားစရာ ကောင်းသဗျာ အမြဲ အားပေးနေမယ်

ဝါ၀ါခိုင်မင်း said...

ဖတ်သွားတယ် နော်...
လိုက်မမှီဘူးးးး လိုက်မမှီဘူးးးး အဲဒီဘုန်းကြီးကျောင်းထွက်လေးနှစ်ယောက်ကို တို့တော့
ဘီလိုမှ လိုက်မမှီနိုင်ဘူး။။။
တော်ပါပေသည်။

Republic said...

စာလာဖတ်ပါတယ် ၊၊ ကျေးဇူးပါဗျာ ၊၊