ဘ၀လမ်းပြ


လောက ကို ခံစားချက် က လွှမ်းမိုး၍ လောကုတ္တရာ ကို ပညာက လွှမ်းမိုးသည်။ သတ္တ၀ါ တို့သည် ခံစားချက် သို့မဟုတ် ပညာက ပေးသော အတွေးအမြင် နှင့် ဘ၀ကို လျှောက်လှမ်း ရခြင်း ဖြစ်၏။ အတွေး နှင့် အမြင် သည်ကား ဘ၀၏ လမ်းပြ များတည်း။

အတွေး (သင်္ကပ္ပ) နှင့် အမြင် (ဒိဋ္ဌိ) သည် စေတသိက်များ ဖြစ်သဖြင့် သူ့ချည်း မရပ်တည် နိုင်။ စိတ်ကို မှီတွယ် ရသည်။ စိတ်ကို အကြီးအမှူး ထားရသည်။ စိတ်ကြီးမှူးသော အတွေးအမြင် များဟူ၍ ဆိုရသည်။

ခံစားချက် သည် အာရုံပေါ် မူတည် သဖြင့် အမျိုးမျိုး ပြောင်းလဲ နိုင်၏။ ကောင်းသော အာရုံနှင့် တွေ့သော အခါ သောမနဿ ဝေဒနာ ကိုခံစားရ၍ ပညာ အထိန်း အကွပ်မဲ့လျင် လောဘစိတ် အဖြစ် ပြောင်းလဲ သွားသည်။ ဆိုးသော အာရုံနှင့် ကြုံသော အခါ ဒေါမနဿ ဝေဒနာ ကိုခံစားရ၍ ပညာ အထိန်းအကွပ်မဲ့ လျင် ဒေါသစိတ် အဖြစ် ပြောင်းလဲ သွားသည်။ အလယ် အလတ် အာရုံနှင့် ကြုံသော အခါ ဥပေက္ခာ ဝေဒနာ ကို ခံစားရ၍ ပညာ အထိန်းအကွပ် မဲ့သော အခါ မောဟ အဖြစ် ပြောင်းလဲ သွားသည်။ ထို့ကြောင့် ခံစားချက် ကို ပညာဖြင့် မထိန်းကွပ် နိုင်လျင် လောဘ၊ ဒေါသ၊ မောဟ နှင့်ယှဉ်သော အတွေးအမြင် များသည်သာ ဘ၀ကို စိုးမိုး သွားမည် ဖြစ်၏။

လောဘ၊ ဒေါသ၊ မောဟစိတ် များနှင့် ယှဉ်သော အတွေး အမြင် များသည်ကား မှားယွင်းသော အတွေး အမြင် များသာ ဖြစ်ပေ၏။ မှားယွင်းသော အတွေး အမြင် များသည်ကား မှားယွင်းသော လမ်းပြများ ဖြစ်၏။ အလောဘ၊ အဒေါသ၊ အမောဟ စိတ် များနှင့် ယှဉ်သော အတွေး အမြင် များသည်ကား မှန်ကန်သော အတွေး အမြင်များ ဖြစ်ပေ၏။ မှန်ကန်သော အတွေး အမြင် များသည်ကား မှန်ကန်သော လမ်းပြများ ဖြစ်ပေ၏။

ရဟန္တာ ဖြစ်ပြီး ပါလျက် မျက်စိကွယ် ခဲ့ရသော စက္ခုပါလ မထေရ် ၏အတိတ် အကြောင်းကို ထိုခေတ်က ရဟန်း ရှင်လူ ပုဂ္ဂိုလ် များက သိလိုကြ၏။ ထို့ကြောင့် မြတ်စွာ ဘုရားက ဖြေဆို ရှင်းလင်းတော် မူရသည်။

အတိတ် ဘ၀ တစ်ခုက စက္ခုပါလ မထေရ် လောင်းလျာသည် မျက်စိကုသော ဆရာ ဖြစ်ခဲ့၏။ ဘ၀အတွင်း ဝေဒနာရှင် အမျိုးမျိုး နှင့် တွေ့ဆုံခဲ့ ဖူး၏။ သို့သော် ထူးခြားမှုမရှိ။ လုပ်ရိုး လုပ်စဉ် အတိုင်း ကြိုးစား ကုသ ခဲ့သည်သာ ဖြစ်၏။ ဘ၀ တစ်ထောင့် တစ်ကွေ့ ၌မူ ဝေဒနာရှင် တစ်ဦးကို တွေ့ဆုံ ခဲ့သည်။ ထိုဝေဒနာရှင်က မိမိ၏ မျက်စိ ဝေဒနာ အလျှင်း ပျောက်ကင်း ပါက ဆရာ့ကို အသက်ဆုံး တိုင် လုပ်ကျွေး ပါမည် ဟု ဆိုလာသည်။ ထိုစကားကို ကြားသော အခါ ဆေးဆရာသည် လွန်ကြူးစွာ နှစ်သက်၏။ ဤကား လောဘ တည်း။ ဆေးဆရာ သည် ဆေးကိုကား ကောင်းစွာ ကုပါ၏။ သို့သော် သူ၏ ကုသခြင်း သည်ကား လောဘနှင့် ယှဉ်သော အတွေး အမြင်နှင့် ကုသခြင်း ဖြစ်၏။ လောဘ သည် ဒေါသ၏ နီးသော အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် လည်း ဝေဒနာရှင်က ရောဂါ ပျောက်ကင်း ပါလျက် အလုပ် အကျွေး မပြုလို သဖြင့် မပျောက်ကင်း ပါဟု ဆိုသော အခါ ဒေါသ ဖြစ်ရခြင်း ဖြစ်၏။ လောဘ ကို ဆရာ တင်လျှင် အလိုကျသော အခိုက်၌ ကျေနပ် ပျော်ရွှင်ရ သော်လည်း အလို မပြည့်သော အခိုက်၌ စိတ်ဆင်းရဲ ဒုက္ခ ရောက်ရ သည်ကား ဓမ္မတာတည်း။

စင်စစ် ဝေဒနာရှင်၏ စကားများ သည်ကား အာရုံများ သာတည်း။ လုပ်ကျွေးမည် ဟု ၀န်ခံခြင်းသည် ကောင်းသော အာရုံ ဖြစ်၍ မလုပ်ကျွေး နိုင်သဖြင့် မပျောက်ကင်း သေးပါဟု လိမ်ညာခြင်း သည်ကား ဆိုးသော အာရုံ ဖြစ်ချေ၏။ ဤသို့ အာရုံ ကောင်းဆိုး နှင့် ကြုံတွေ့ ရသော အခါ ပညာ ရှိသူ သည် လောဘ၊ ဒေါသ စသည် မဖြစ်အောင် သတိကို ဆောင်နိုင် သော်လည်း သတိ ကင်းလွတ်သော သူသည်ကား လောဘ ဒေါသ စသည် မဖြစ်အောင် မတတ်နိုင်။ ဖြစ်ကြရ သည် သာတည်း။

စက္ခုပါလ မထေရ် လောင်းလျာ ဆေးဆရာ သည်လည်း သတိ ကင်းလွတ် သဖြင့် ဝေဒနာရှင် ၏ လိမ်ညာ စကား အပေါ်၌ ဒေါသ ဖြစ်ရ လေသည်။ ထိုအခါ ဒေါသနှင့် ယှဉ်သော အတွေး အမြင်သည် ဖြစ်ပေါ် လာလေသည်။ ဒေါသနှင့်ယှဉ်သော အတွေး အမြင် သည်ကား လမ်းပြမှား နှင့်တူသည်။ ဤ မှားသော လမ်းပြကြောင့် ဆေးဆရာ ၏ ဘ၀သည် မှားသော လမ်း အတိုင်းလျှောက်လှမ်း ခဲ့ရပေသည်။

ဆေးဆရာ သည် မိမိ ကယ်တင်အပ် သော သနားဖွယ် ဝေဒနာရှင်အား မျက်စိကန်းစေသော ဆေးကိုလိမ်ညာ၍ ပေးလိုက် လေသည်။ ဤပြုသော အကုသိုလ် ကံ၏ အကျိုးကို ယခု ဘ၀၌ ခံစားရခြင်း ဖြစ်၏။

စင်စစ် ဘ၀ ဟူသည် ကိလေသ၊ ကမ္မနှင့် ၀ိပါက ၀ဋ္ဋ်တို့ ပေါင်းစပ် ထားသော တရားသာလျင် ဖြစ်၏။ ဘ၀နှင့် ၀ဋ္ဋ်သည် ခွဲခြား၍ မရစကောင်း။ စက္ခုပါလ မထေရ်သည် အနာဂတ် ခန္ဓာကို ဖြစ်စေတတ် သော အနုသယ ကိလေသာ ကို ဖြတ်တောက် ဖောက်ခွဲပြီး ဖြစ်သဖြင့် အနာဂတ် ပဋ္ဋိသန္ဓေ ကို ဖြစ်စေ နိုင်သော ကမ္မ ကိုလည်း မဖြစ်စေနိုင်။ အနာဂတ် ပဋ္ဋိသန္ဓေ ကိုလည်း ရတော့မည် မဟုတ်ချေ။ သို့သော် နာနာက္ခဏိက ဖြစ်သော အတိတ်ကံ ၏ အကျိုးကိုကား ရှောင်လွှဲ၍မရ။ ပေးဆပ် ရမည်သာ ဖြစ်လေသည်။

ထို့ကြောင့် လည်း စက္ခုပါလ မထေရ်သည် ရဟန္တာ ဖြစ်ပါလျက် မျက်စိ ကန်းခြင်း ဝေဒနာကို ခံစားရခြင်း ဖြစ်လေသည်။

"ဓမ္မတို့ သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ ပြစ်မှား လိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုမိ၊ ပြုလုပ်မိ၊ ကြံစည်မိ ပါက ထိုပြောဆို ပြုလုပ် ကြံစည် မှုကြောင့် လှည်းဘီးသည် ၀န်ဆောင် နွား၏ ခြေရာသို့ အစဉ် လိုက်ဘိ သကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။"

စိတ် အကြီးအမှူး ရှိသော အတွေး အမြင် တို့သည်ကား သုံးတတ်လျှင် ဆေး ကဲ့သို့ ဖြစ်၍ မသုံးတတ် လျင်ကား သံသရာ ဆုံးတိုင် ဘေး အန္တရာယ် ကို ဖြစ်စေတတ် သော တရားများ ဖြစ်ပါသည်။

ထို့ကြောင့် လောကရှိ အာရုံ ဆိုးကောင်း များနှင့် ကြုံတွေ့ သောအခါ မမေ့ မလျော့ သော အပ္ပမာဒ တရားဖြင့် မှန်ကန်သော အတွေး အမြင် ဖြစ်အောင် ဆင်ခြင်ဥာဏ် ကို ရှေ့သွား ပြုအပ် ပါ၏။ မှန်ကန်သော အတွေး အမြင် နှင့် ယှဉ်သော ကောင်းမွန် မြင့်မြတ်သော စိတ် သည်သာ မိမိတို့ ဘ၀၏ လမ်းပြ အစစ် အမှန် ဖြစ်ပါ တော့သည်။



ကိုးကား
ဓမ္မပဒ-ဦးရွှေအောင်
http://www.lknt4.blogspot.com/

17 comments:

မသက်ဇင် said...

အတွေး (သင်္ကပ္ပ) နှင့် အမြင် (ဒိဋ္ဌိ) သည် စေတသိက်များ ဖြစ်သဖြင့် သူ့ချည်း မရပ်တည် နိုင်။ စိတ်ကို မှီတွယ် ရသည်။ စိတ်ကို အကြီးအမှူး ထားရသည်။ စိတ်ကြီးမှူးသော အတွေးအမြင် များဟူ၍ ဆိုရသည်။

အလှတရားရေ----
ကောင်းသောစကားများကို နှလုံးသဲပွတ် တွင်
သိမ်းဆည်း၍-- ဦးခေါင်းထဲတွင် သံမှို စွဲသကဲ့သို့မှတ် သား ပါတယ်--ဖတ်နေရင်းလည်း--စိတ်နှလုံး
ချမ်းမြေ့ရပါတယ်--
သာဓုလည်းခေါ်ပါတယ်ရှင်--
ဖြန့်ဝေပေးခြင်း အကျိုးကြောင့်--
ရည်ရွယ်ချက်ပန်းတိုင်များအောင်မြင်ပါစေ--
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ--

- said...

မင်္ဂလာပါ
နှစ်သက်စွာဖတ်သွားကြောင်းပါ၊ ဗုဒ္ဓအကျိုးကို ဆထက်ထမ်းပိုး ဆက်လက် ထမ်းရွက်နိုင် ပါစေလို့ ဆန္ဒပြုပါတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်တယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com

thihanyein said...

မှတ်သားစရာတွေပါကိုအလှတရားရေ
ကျေးဇူးတင်ပါတယ်ခင်ဗျာ

Republic said...

မင်္ဂလာပါဗျာ ၊၊ ရောက်ပါတယ် ၊၊ ဓမ္မပဒတွေ ကောင်းတယ် ၊၊

ဇင်ယော် said...

သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် သံသရာဆုံးတိုင် ဘေးဖြစ်စေတတ်တဲ့ စိတ်ကို ဆုံးမနိုင်ဖို့  မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ခုလိုဝေမျှပေးနေတာကိုက ဘလော့လေးရဲ့ အလှတရားတစ်ခုပါပဲဗျာ။

လှပတဲ့နေ့ရက်များဆီသို့ said...

မောင်လေးရေ အစ်မလာသွားပါတယ်။
မျက်လုံးနေမကောင်းလို့ အခုလာဖြစ်တာပါ။
ဝေဒနာကို ကြုံမှပိုမို အသိရမိပါတယ်။ ဆက်ပြီး သံသရာကျင်လည်ရာဝယ် မမေ့မလျော့ဖို့လည်း ဆုံးဖြတ်ထားပါတယ်။ကျန်းမာရွှင်လန်းပါစေလို့-----
အစ်မ ခင်ပုလဲဖြူ မှ ဆုမွန်တောင်းပါတယ်။

Upasaka said...

စင်စစ် ဝေဒနာရှင်၏ စကားများ သည်ကား အာရုံများ သာတည်း။ လုပ်ကျွေးမည် ဟု ၀န်ခံခြင်းသည် ကောင်းသော အာရုံ ဖြစ်၍ မလုပ်ကျွေး နိုင်သဖြင့် မပျောက်ကင်း သေးပါဟု လိမ်ညာခြင်း သည်ကား ဆိုးသော အာရုံ ဖြစ်ချေ၏။ ဤသို့ အာရုံ ကောင်းဆိုး နှင့် ကြုံတွေ့ ရသော အခါ ပညာ ရှိသူ သည် လောဘ၊ ဒေါသ စသည် မဖြစ်အောင် သတိကို ဆောင်နိုင် သော်လည်း သတိ ကင်းလွတ်သော သူသည်ကား လောဘ ဒေါသ စသည် မဖြစ်အောင် မတတ်နိုင်။ ဖြစ်ကြရ သည် သာတည်း။
ဓိစာကိုအလုပ်နဲ့ရေးသောစာဟုလေးနက်စွာယုံကြည်ပါသည်

Dream said...

မှတ်သားသားပါတယ်.. စာအုပ်ကောင်းလေးတွေထဲက ပြန်လည်ဖော်ပြပေးလို့
ကျေးဇူးတင်ပါတယ်.. သာဓုလည်းခေါ်သွားပါတယ်...

မိုးသောက် said...

ကိုအလှတရားရေ နက်မကောင်းလို့ အခုမှပဲ ရောက်ဖြစ်တယ်ဗျာ ...
လေးနက်တဲ့ သဘောတရားတွေကို ရှင်းရှင်းလင်းလင်း
ရေးပြသွားတာ အရမ်းကောင်းတယ်ဗျာ ...
နားလည်လွယ်ပြီး စိတ်ဝင်စားဖို့လည်း တစ်ကယ်ကောင်းပါတယ် ..
အခုလို ပြန်လည် မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ
ပျော်ရွှင်ပါစေ ကို အလှတရားရေ

အိမ်မက်ရှင် said...

အလောဘ၊ အဒေါသနှင့် အမောဟ ကင်းသော စိတ်များဖြစ်တည်ပွား၍ မှန်ကန်သော အတွေးအမြင်များဖြစ်အောင် လမ်းဆောင်ညွှန်ပြပေးသော ဤပို့စ့်လေးအား ဖတ်ရှုအပြီးတွင် မိမိ၏ သင်္ကပ္ပနှင့် ဒိဋ္ဌိ တို့ကို ပြန်လည်ဆန်းစစ်မိပါသည်။ ရည်ရွယ်ချက်ကောင်းမွန်မြင့်မြတ်သောပို့စ်ကလေးများအတွက် အထူးပဲ ၀မ်းမြောက် ကျေးဇူးတင်လျှက်ရှိပါသည်ခင်ဗျား

ခင်မင်လေးစားစွာဖြင့်

ဟိန်းညီ said...

လောဘ သည် ဒေါသ၏ နီးသော အကြောင်းရင်း -ဆိုတာလေးကို
ကျွန်တော်နားမလည်ဘူးဖြစ်နေတယ်ခင်ဗျာ။
ကျွေးဇူးပြုပြီးရှင်းပြပေးစေချင်ပါတယ်။နောက်တစ်ခေါက်
လာဖတ်မယ်နော်။ဒီကောမန့်မှာပဲရှင်းထားလဲအဆင်ပြေပါတယ်ခင်ဗျာ။
တန်ဖိုးရှိတဲ့ဘလော့လေးပါပဲ။အကောင်းဆုံးအလုပ်ပါပဲဗျာ။
ဘုရားဟောသွားတဲ့ထဲကအကောင်းဆုံးအလုပ်ဆိုတာဒီလိုအလုပ်ပါပဲ။
သူတပါးအတွက်လည်းအကျိုးရှိ မိမိအတွက်လည်းအကျိုးရှိတဲ့အလုပ်ဆိုတော့။
သာဓုဗျာ။သာဓု သာဓု

အလှတရား said...

ကိုဟိန်းညီ

မေးတာ မေးသင့်တဲ့မေးခွန်းပါပဲ
ပြည့်ပြည့် စုံစုံရှင်းပြချင်ပါရဲ့
ဒါပေမဲ့ အချိန်သိပ်မရလို့
ချုပ်ပြီးပဲရှင်းလိုက်ပါမယ်နော်။


ဒီနေရာမှာ ဒေါသဖြစ်ရခြင်း ရဲ့ အကြောင်းကို လောဘကိုဆိုထားပါတယ်တယ်။

လောဘရဲ့ သဘောက အာရုံကို တပ်နှစ်သက်ခြင်း ပါပဲ။ အာရုံကို တပ်နှစ်သက်တဲ့ လောဘကြောင့် အလိုပြည့်တဲ့ အခါ စိတ်ချမ်းသာ ပြီး (သောမနဿဝေဒနာ) အလို မပြည့်တဲ့ အခါ စိတ်ဆင်းရဲ ရပါတယ်။ စိတ်ဆင်းရဲခြင်း စတဲ့ (ဒေါမနဿ ဝေဒနာ) အနွယ်ဝင် တွေဟာ ဒေါသထဲမှာအကြုံ့းဝင်ပါတယ်။

ဒီနေရာမှာ ဒေါသထဲမှာ အကြုံးဝင်တယ်ဆိုတာကတော့ သောက၊ပရိဒေ၀၊ဒေါမနဿ၊ ဥပယာသ စတဲ့ စိတ်ဆင်းရဲခြင်းနဲ့ နွှယ်တဲ့ ဝေဒနာတွေအားလုံးကို ဆိုလိုတာပါပဲ။

အာရုံ ကိုတပ်မက်ခြင်း ဆိုတဲ့ လောဘမရှိရင် ဒေါသဟာ မဖြစ်နိုင်ပါဘူး။ တပ်နှစ်သက်ခြင်းများလေလေ ကိုယ်လိုချင်တဲ့ ပစ္စည်း အာရုံ စသည် ဆုံးရှူးံ ပျက်စီး တဲ့ အခါ စိတ်ဆင်းရဲ မှုပိုလေလေပါပဲ။ တပ်နှစ်သက်ခြင်း မရှိရင်တော့ ဒီလို စိတ်ဆင်းရဲရတာ မရှိပါဘူး။ လောက ထုံးစံများနဲ့ နှိုင်းယှဉ်စဉ်းစားပါခင်ဗျ။ နှစ်သက်တဲ့ ပုဂ္ဂိုလ်များကြောင့် စိတ်ဆင်းရဲ ရတာနဲ့ မသိကျွမ်းတဲ့ ပုဂ္ဂိုလ်များကြောင့် စိတ်ဆင်းရဲရတာကို ကိုယ်တွေ့နဲ့လည်း နှိုင်းယှဉ်ကြည့်သင့်ပါတယ်။

အာရုံဆိုးကိုကြုံတွေ့တဲ့ အခါ အာရုံကောင်းကိုမျှော်လင့် တဲ့ လောဘကြောင့်ပဲ
စိတ်ဆင်းရဲခြင်း စတဲ့ ဒေါသတွေဖြစ်ရသလို၊
မိမိမျှော်လင့်ထားတဲ့ အာရုံကောင်းတွေ မရှိတဲ့ အခါမှာလည်း အလို မပြည့်တဲ့ (လောဘ)အတွက်ပဲ စိတ်ဆင်းရဲခြင်း စတဲ့ဒေါသ တွေဖြစ်ရပါတယ်။

ဒီနေရာမှာ ဒေါသရဲ့ အကြောင်း ကို အာရုံနဲ့ လောဘ လို့ ဆိုနိုင်ပေမဲ့ ထင်ရှားစေလိုတဲ့ အတွက် လောဘလို့ ပဲ ဆိုရပါတယ်။

ဝေါဟာရ တစ်လုံးချင်း ကို အဘိဓမ္မာနည်းနဲ့ လေ့လာတဲ့ အခါ
သဘောသဘာဝ(လက္ခဏ)ပြုဖွယ်ကိစ္စ(ရသ)၊ နီးသော အကြောင်း(ပဒဋ္ဌာန်)၊ ကိုယ်တွေ့သဘော(ပစ္စုပ္ပဋ္ဌာန်) ဆိုတဲ့ အချက်လေးချက်နဲ့ လေ့လရြပါတယ်။

လောဘ၊ ဒေါသ၊ မောဟ တွေရဲ့ အဓိပ္ပါယ်ကို သေချာ သိချင်ရင်တော့ အဘိဓမ္မာစိတ်ပိုင်း စေတသိက်ပိုင်းကို ခုန လေးချက်နဲ့
လေ့လာရပါတယ်။

ပစ္စုပ္ပဋ္ဌာန်နဲ့ နားလည်ချင်ရင်တော့ တရားအားထုတ်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးရှင်းပြလိုက်ပါတယ်ခင်ဗျာ။ မရှင်းရင်ထပ်မေး ပါခင်ဗျား ။ထပ်ဖြေပေးပါ့မယ်။

ကျေးဇူးတင်ပါတယ်။

ဝါ၀ါခိုင်မင်း said...

ဟုတ်ကဲ့ရှင့်..မှတ်သားသွားပါတယ်။

ဟိန်းညီ said...

လာဘ သည် ဒေါသ၏ နီးသော အကြောင်းရင်း -ဆိုတာလေးကို
ရှင်းပါပြီခင်ဗျာ။ကျေးဇူးအထူးတင်ပါတယ်။
ဒါပေမယ့်မရှင်းတာလေးထပ်တွေ့နေလို့။
"ဝေါဟာရ တစ်လုံးချင်း ကို အဘိဓမ္မာနည်းနဲ့ လေ့လာတဲ့ အခါ
သဘောသဘာဝ(လက္ခဏ)ပြုဖွယ်ကိစ္စ(ရသ)၊ နီးသော အကြောင်း(ပဒဋ္ဌာန်)၊ ကိုယ်တွေ့သဘော(ပစ္စုပ္ပဋ္ဌာန်) ဆိုတဲ့ အချက်လေးချက်နဲ့ လေ့လရြပါတယ်။"
အဲဒါလေးကိုမရှင်းဘူးဗျာ။မကြားဖူးတာပါ။
အချိန်ရတဲ့အခါရှင်းထားပေးပါနော်။လောတကြီးမဟုတ်ပါဘူး။
ကျွန်တော်ရောက်နေမှာပဲ။ဒီကို။
ဟိုလေ။အလကားလျှောက်မေးနေတာမဟုတ်ပါဘူး။
ကျွန်တော်ကိုယ်တိုင်တရားအလုပ်လေးလုပ်ပါတယ်ခင်ဗျာ
အဲဒါကြောင့်တကယ်သိချင်လို့ကျွန်တော်မေးတာပါ။
(လေးစားစွာဖြင့်)

အလှတရား said...

နားလည်လွယ်အောင် ပြောပါရစေ ကိုဟိန်းညီ

ပါဠိလိုထက်စာရင် အင်္ဂလိပ်လို လေးပြောပြတာက ပိုပြီးရှင်းတတ်တဲ့ အတွက် စကားလုံးလေးတွေ ဖလှယ် ပြပါရစေ။

၁)လက္ခဏ = features/characters
၂)ရသ /ကိစ္စ= function
၃)ပဒဋ္ဌာန်ဆိုတာကတော့ နီးသောအကြောင်း= cause/ etiology
ပါပဲ။
၎)ပစ္စုပ္ပဋ္ဌာန်= experience/enlightenment

အရာဝတ္တု(object)တစ်ခု ရဲ့ ပုံသဏ္ဍာန်(feature) ကို ဖော်ပြတာဟာ လက္ခဏာပါပဲ။(ဥပမာ-ဘောလုံးသည် စက်လုံးပုံရှိသည်။)

အရာဝတ္တုရဲ့ လုပ်ငန်း(function)ကိုဖော်ပြတာဟာ ရသ သို့မဟုတ် ကိစ္စပါပဲ။ဥပမာ-ဘောလုံးကို ဘောလုံးကန်ခြင်း၌ အသုံးပြုသည်။

အရာဝတ္တုကို ဖြစ်ပေါ်စေတဲ့ အခြား အရာဝတ္ထု (causal object ) ကိုဖော်ပြတာဟာ ပဒဋ္ဌာန်ပါပဲ။ ဥပမာ-သားရေ ဟာ ဘောလုံးကို ဖြစ်စေတဲ့ ၀တ္ထုပါပဲ။

အဲ့ဒီသုံးချက် ကိုစာတွေ့ သဘောနဲ့သိထားရင် တော်တော်လေးသိတဲ့သူလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့
အကုန်သိတဲ့သူလို့ တော့ မဆိုရပါဘူး။

နောက်ဆုံး အရာဝတ္တုကို ကိုယ်တိုင်ကိုင်တွယ်ကြည့်ရှုဖူးဖို့ လိုပါတယ်။ အဲလို ကိုယ်တိုင်မြင်တွေ့ပြီး သိမြင်တာမျိုးကိုတော့
ပစ္စုပ္ပဋ္ဌာန် လို့ဆိုရပါတယ်။

အထက်ပါ စကားလုံး ဖလှယ်ပြထားတာတွေကတော့
နားလည်လွယ်ရေးကို ဦးစားပေးထားတဲ့ စကားလုံးတွေပါပဲ။ အမှန်ကတော့ ဒီ့ထက် တိကျပြီး အသေးစိတ်ပါတယ်။

အဘိဓမ္မာဆိုတာကတော့ အဲလိုသိအောင် အချိန်ယူပြီးသင်ရတဲ့ ဘာသာရပ်ပါပဲ။

ပစ္စုပ္ပဋ္ဌာန်နဲ့ ပတ်သက်လို့...နည်းနည်း ပြောရမယ်ဆိုရင်..

ဝိပဿနာရှုတဲ့ အခါမှာ နှာသီးဖျားက ၀င်လေ ထွက်လေဟာ ပူသလိုအေးသလို ရှိနေပါလား၊ ပျော့သလို မာသလို ရှိနေပါလား။ ပူသလို အေးသလိုဖြစ်တာကတော့ တေဇောရဲ့ သဘောပဲ၊ ပျော့သလို မာသလို ရှိနေတာဟာ ပထ၀ီရဲ့သဘောပဲ စသည်ဖြင့် ကိုယ်တိုင် သိမြင်ပြီး သဘောကျ သွားပါတယ်။ အဲဒါမျိုးကတော့ ပထ၀ီ၊တေဇော စတာရဲ့ သဘောကို ပစ္စုပ္ပဋ္ဌာန် နည်းနဲ့ နားလည်တာပါပဲ။

ကိုင်း ကိုဟိန်းညီရေ..စွမ်းသလောက်တော့ ရှင်းထားပါတယ်ခင်ဗျာ။

ကာလေနဓမ္မသာကစ္ဆာ ဖြစ်တဲ့ အလျောက် မေးသူရော ဖြေသူပါ မင်္ဂလာရှိပြီး ကုသိုလ်တွေ တိုးရပါတယ်။
နောက်နောက်များလည်း ဆွေးနွေး ပေးပါခင်ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဟိန်းညီ said...

ကျေးဇူးပါပဲကိုအလှတရားရေ...
တကယ်ရှင်းသွားပါပြီ
နောက်မသိတာရှိရင်လည်းပြောပြပါအုံးနော်

အိမ် said...

အခုလို တရားရေအေးအမြိုက်ဆေးလေးတွေဝေမျှပေးတာ
ကျေးဇူးပါဗျာ