ရောက်တတ်ရာရာ



၁) ဘလော့ဂင်ခြင်းကို လျှော့၍ စာဖတ်ခြင်းကို တိုးမည်ဟု စိတ်ကူးပေါက်သည်။ စိတ်ကူးသည့် အတိုင်း လုပ်ကြည့်သည်။ အချို့နေ့များတွင် ဘလော့ထဲ ကို လုံးဝမ၀င်မိ။ အချို့နေ့များတွင် အသံတိတ် စာလိုက် ဖတ်သည်။ မအားလွန်းလို့တော့ မဟုတ်။ နောက်လများ အတွက် တစ်နေ့တာ အချိန်ဇယားကို အစမ်း ပြင်ဆင်ခြင်းလည်း ဖြစ်သည်။ စာဖတ်သည်။ တရားနာသည်။ ကွန်ပြူတာကို ကလိသည်။

၂)သံယောဇဉ် ပလိဗောဓ များ ဖယ်ထား၍ နေရခြင်းသည် အဟောဝတ ချမ်းသာစွ။ ဘာသာစကား သင်ပေးသော ဆရာမကြီးကို သတိရသည်။ အသက်ကြီးလှပြီ။ အဖွားအရွယ် ဖြစ်သည်။ သူ စာအုပ် များ ပစ္စည်းများ မနိုင်မနင်းသယ်လာတာ မြင်လျှင် မြန်မာပီပီ ကူသယ်ပေးမည် ဟန်ပြင်သည်။ သူကတော့ ဘယ်တော့ မှ အသယ်မခံ။ ငြင်းသည် ချည်း။ ဆရာမ ဖာ့သာ သယ်မယ်.. ဆရာမ သယ်နိုင်တယ် ဒီလိုသာပြောသည်။ သံယောဇဉ် မတွယ်လိုခြင်းဟု ထင်သည်။ ကောင်းသည်။

၃)တရားစခန်း များတွင် ဤသို့ ဖြစ်တတ်သည်။ တရားစခန်း ၀င်သော်လည်း အိမ်ကို မျှော်နေမိ ကြတတ်သည်။ အိမ်ကို သတိရ လွန်းလျင် ဖုန်းခိုးဆက် ကြသူများပင် ရှိသည်။(ကိုယ်တိုင် လုပ်ဖူးသည်။ :D) အိမ်က လူတွေအလာကို စောင့်၍ စကား ပြောသည်။ အချို့ ရှက်တတ်သူများ၊ ကြိုးစား သူများ စည်းကမ်း လိုက်နာသူများ ကတော့ ဒီလိုမလုပ်။ ကြိတ်မှိတ် အားထုတ်သည်။ သုံးရက်ခန့် နေတော့ ထွက်ပြေး ချင်လောက်အောင် ဖြစ်တတ် သည်လည်း ရှိသည်။ တစ်ခါ တစ်ရံ အမေ့မျက်နှာ၊ အဖေ့မျက်နှာ ပေါ်လာ သဖြင့် မေတ္တာ ပို့မိ တတ်သည်။ မေတ္တာ မဖြစ်။ သောကသာ ၀င်လာ တတ်သည်။ သမာဓိဥာဏ်များ ဖြစ်လာမှ သက်သာ ရာရသည်။ သံယောဇဉ် ကြောင့်ပေ။

၎)လောကကို ဖျက်ဆီး နိုင်သော တရား နှစ်ပါးမှာ ဣဿာ နှင့် မစ္ဆရိယ တို့တည်း။ သူတစ်ပါးကို ပျက်စီးစေလိုသော စိတ်သည် မစ္ဆရိယ စိတ်ဖြစ်သည်။ သူတစ်ပါး ကိုယ်စိတ် ချမ်းသာခြင်းကို မနာလိုသော စိတ်သည် ဣဿာ ဖြစ်သည်။ လွန်စွာ ယုတ်ညံ့၍ သတိထားဖို့ ဆရာဘုန်းကြီးက မကြာခဏ သတိပေးသည်။ ပုထုဇဉ် ဖြစ်သဖြင့် ဆင်ခြင်ဥာဏ် ရှေ့သွားမရှိသော အချိန်တွင် ဖြစ်မိသည်ချည်း။ အလွန် သိမ်မွေ့သည့် ကမ္ဘာဖျက် တရား နှစ်ပါးပါပေ။ ချင့်ချိန်ကြကုန်။

၅)အစ်ကို တစ်ယောက်က သစ္စာလေးပါး အဓိပ္ပါယ် ကိုဆွေးနွေးလိုသည်။ မဟာစည်ဆရာတော် ဘုရား ပြန်လည် ဟောကြားတော် မူသော စူဠဝေဒလ္လ သုတ် တရားတော် မှာ ဓမ္မဒိန္နာ ထေရီမ ဖြေထားတာ ရှိသည်။ အရင်က မှတ်စု ထုတ်ထား ဖူးသည်။ အဲဒါကို တင်ပေးလိုသည်။ အတိုချုပ် နှင့် ကောက်နုတ်ချက်သာ တင်ပေးနိုင်မည်။ ဗဟုသုတ အလို့ငှာသာ ဖြစ်ပါသည်။ အောက်ပါ များ မှာ ၄င်းတရားတော်ကို ကိုးကား၍ ကိုယ်ပိုင်စာသား တစ်ချို့တစ်လေ ပြောင်းမှတ် ထားသော မှတ်စုများဖြစ်ပါသည်။

၆)ဒုက္ခသစ္စာ အဖြေ

မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)

၇)သမုဒယသစ္စာ အဖြေ(ဤ အပိုဒ်မှာ မူလအတိုင်း ကူးထားခြင်း ဖြစ်ပါသည်)

နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။ နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊ ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒယ သစ္စာပင်တည်း)

၈)နိရောဓသစ္စာ အဖြေ (မူရင်း အတိုင်းကူးယူဖော်ပြပါသည်၊ လင့်လည်းပေးထားသည်၊ ကြည့်ရှူနိုင်ပါသည်)

နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊ မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊ သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။ ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)

၉)မဂ္ဂသစ္စာအဖြေ

သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာယချုပ်ခြင်း သို့ရောက်သော အကျင့်ဟု ခေါ်သည်။

သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။

၁၀)စာကူးရေးရတာကောင်းသည်။ မှတ်လည်း မှတ်မိသည်။ စာအနှေး ဖတ်ခြင်းလည်း မည်သည်။ ကုသိုလ်များများ ရကြပါစေကုန်။
.

12 comments:

ရဲရင့်နီ said...
This comment has been removed by the author.
ရဲရင့်နီ said...

ကျေးဇူးအထူးပါညီတော်ရေ..

ဇင်ယော် said...

တရားစခန်းမှာ ဖုန်းခိုးဆက်တာ ဘယ်ကိုလဲကွ။ အဖေ့မျက်နှာ အမေ့မျက်နှာပဲ ပေါ်တာလား။ သေချာရဲ့လား။ သစ္စာလေးပါး တရားအကြောင်း ရေးထားတာတော့ ဗဟုသုတ ရတယ်ဗျား။ ကျေးဇူးတင်ပါတယ် ကိုမောင်ညှပ်ရေ။ စာဖတ် စာဖတ်။ ကွန်ပြူတာချည်း ကလိမနေနဲ့ ဦးဗျ။

တက်လူငယ် said...

ဖတ်သွားတယ်။ ကောင်းတယ်။

နွေသူရ said...

ကောင်းပါတယ်ဗျာ..ငယ်ငယ်ရွယ်ရွယ်မှာ
ဒီလိုအသိတရားလေးတွေရှိထားတာလေးစားပါတယ်..။
ဘာပဲဖြစ်ဖြစ်တရားအားထုတ်နေချိန်မှာ အာရုံမရဘူးပဲထား အကုသိုလ်တော့ကင်းတာပေါ့ဗျာ..

ချစ်ခြင်း ခြေရာ said...

ကောင်းတယ်ကွာ ပေါ့ပေါ့လေးနဲ့ ရှင်းရှင်းလေး ၀င်သွားတယ် ။

megumi said...

ဘေဘီဒေါက်တာလေးက ဒါလည်း ရတာပဲ။ ကျေးဇူး အထူး ။

စကားမစပ်၊ တရားစခမ်းမှာ ဘယ်နှစ်ရက်ကြာလဲဟင်။ :P :P

ပုလဲ said...

ဖတ်သွား မှတ်သွားပါတယ် ဦးဦးလှလှ ...
သစ္စာလေးပါး၊
မဂ္ဂသစ္စာအဖြေ - သမ္မာဒိဠိ စသော မဂ္ဂင်ရှစ်ပါး ကိုဖတ်သွားမှတ်သွားပါတယ်
ကျေးဇူးတင်ပါတယ် ဦးဦးလှလှ
သံယောဇဉ်ကြောင့်ပင် ဆိုတဲ့အပိုဒ်ကိုလည်း ဖတ်သွားပါ၏ ...

Dream said...

ဦးရီးတော်ရေ..လောကကို ဖျက်ဆီး နိုင်သော တရား နှစ်ပါးမှာ ဣဿာ နှင့် မစ္ဆရိယ တို့တည်း။ သူတစ်ပါးကို ပျက်စီးစေလိုသော စိတ်သည် မစ္ဆရိယ စိတ်ဖြစ်သည်။ သူတစ်ပါး ကိုယ်စိတ် ချမ်းသာခြင်းကို မနာလိုသော စိတ်သည် ဣဿာ ဖြစ်သည် တဲ့... လူသားတိုင်း ဒီစိတ်နှစ်ပါးကို အနိုင်သတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်....

အားလုံးကို သေသေချာချာ ဖတ်မှတ်သွားပါတယ်... ဦးရီးတော်ရေ..

နှစ်သစ်မှာလဲ ပျော်ရွှင်စရာတွေနဲ့ စိတ်၏ချမ်းသာခြင်း နဲ့ ပြည့်စုံပါစေ...

thihanyein said...

ကျုပ်တောထွက်တော့မယ်ဗျာ ခင်ဗျားလိုက်မလား
သွေးသောက်ကြီး

အိမ် said...

ကို၁၀၀းရေ ခုနကကွန့်မရလို့ ထပ်ကွန့်တယ်ဗျာ
ကျနော်ကတော့ တရားစခန်းတော့ မ၀င်ဖူးဘူး
ရဲစခန်းတော့ ရောက်ဖူးတယ်ဗျ ဟီး
ကျနော်ဆွေးနွေးချင်တာကတော့ဗျာ..............
ကျနော်လဲကြားဖူးတယ်ဗျ တချို့က ကို၁၀၀း
ပြောသလိုပါပဲ ကိုယ့်စိတ်ကိုယ်မနိုင်ကြဘူးဗျ
စိတ်က ဟိုရောက် ဒီရောက်နဲ့ ဒီတော့ကျနော်
စဉ်းစားမိတာက ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
များဖြစ်နေမလားလို့ပါ။ ဒီတော့ဗျာ တခြားတရားရစရာ နည်းလမ်းရော မရှိတော့ဘူးလားဗျာ

အလှတရား said...
This comment has been removed by the author.