ရောက်တတ်ရာရာ ၂

၁)ခုတစ်လော ကိုဝင်းမြင့်၏ဘလော့ တွင် အချိန်ကုန် နေသည် များသည်။ သူ့ဘလော့ကလည်း စုံလှသည်။ ပဋ္ဋိစ္စသမုပ္ပါဒ် စက်ဝန်းတော်ကြီး ပြုလုပ်ထားပုံ ကို တအံ့တသြ ဖြစ်မိသည်။ ဆရာတော် ဦးဃောသိတ ပြုစုထားသော မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ နှင့် ဦးကျော်သိန်း ပြုစုထားသော မိုးကုတ် ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိကို တင်ပေးထားသည်။ ဦးဖေသိန်း မေးလျှောက် ခြင်းကို မိုးကုတ်ဆရာတော် ဘုရား ပြန်လည် ဖြေဆိုထားသော စာအုပ်လည်းရှိသည်။(ရှားပါး ဖြစ်မည် ထင်သည်။) မိုးကုတ် ဆရာတော် ဘုရား၏ တရားတော်ကို တိုက်ရိုက် နာနိုင်သေးသည်။ သဲအင်းဂူ ဆရာတော် ၏ တရားခွေများ ရှိသည်။ မိုးကုတ်ဆရာတော် ၏ တရားစာအုပ် တွေကိုလည်း ဖတ်ရှုနိုင်သည်။ ကိုယ်တိုင် ရေးထားသော ပိုစ့်များတွင်လည်း အကျိုးများဖွယ်များ ပါဝင်သည်။ ဒီလောက် စုံစုံလင်လင် သပ်သပ်ရပ်ရပ် လုပ်ထား နိုင်တာကို အားလည်း အားကျမိသည်။ သူ့ဘလော့မှာ တစ်ရက်လုံး နေပြီး ဖတ်စာသည်။ အားမရသေး။ အလွန် ကျေးဇူးတင်သည်။ သူ့လို လုပ်ချင်တာနှင့် Wordpress တွေတစ်ခုပြီးတစ်ခု စမ်းကြည့် နေမိသည်။

၂)သုံးလခန့်ရှိပြီ။ ကွန်ပြူတာရှေ့ အလွန် အထိုင်များသည်။ စာဖတ် တော့လည်း ကွန်ပြူတာ။ ဟိုဟာဒီဟာ လုပ်တော့လည်း ကွန်ပြူတာ။ ဒီကနေ့မှ ၁၅ မိနစ်ခန့် စိတ်လိုလက်ရ လမ်းထလျှောက်သည်။ လမ်းလျှောက်ရင်း စဉ်းစားသည်။ ဒီလောက် အထိုင် များနေရင် ဘဇာ ရောဂါတွေများ ဖြစ်နိုင်သနည်း။

- နှလုံးသွေးကြောကျဉ်းရောဂါ။(Ischaemic Heart Disease/ Acute Coronary Syndrome)
- သွေးတိုးရောဂါ။
- ဆီးချိုရောဂါ။
- အ၀လွန်ရောဂါ။

အင်း.. ပတ်ဝန်းကျင်နှင့် အဆက်ပြတ်ကာ ပုံရိပ်လောက မှာ အနေများသဖြင့် အပြုအမူတွေ ပြောင်းလာနိုင်သည်။ လူမှုဆက်ဆံရေး ပြောင်းလာနိုင်သည်။ စိတ်ဖိစီးမှု များလာနိုင်သည်။ မျက်စိကြွက်သားများ အားနည်း လာနိုင်သည်။ အင်း.. ခါးနာလာနိုင်သည်။ ကျီးပေါင်းပင် တက်လာနိုင်သည်။ ဗိုက်ရွှဲလာနိုင်သည်။ :P

၃)ကြာကြာ ၀ါးမည့်သွား အရိုးကြည့်ရှောင် ဆိုသလို ကျန်းမာရေး ကိုလည်း ဂရုစိုက်ရဦးမည်။ သို့သော်ငြား ကျန်းမာရေး ကလွဲရင် အကုန် ဂရုစိုက် နေမိသည်။ အလွန် ရှော်သည်။ ကိုယ့်ဖာသာ ကျန်းမာရေး လိုက်စား ရမည်ဟု တေးထားတာတော့ ရှိသည်။ တစ်နှစ်လောက် ရှိပြီ။ ခက်သည်မှာ ဘာလုပ်ရမည် မသိခြင်းတည်း။ ခန်းတွင်းပိတ် အားကစားများကား သိပ်နှစ်ခြိုက် စရာမကောင်း။ ကြွက်သား ကြီးထွားအောင် တည်ဆောက် နေသော သူငယ်ချင်းထံမှ နည်းစနစ် တောင်းပြီး အလေးမလျင် ကောင်းမလား တွေးသေးသည်။ ဒီ အားကစား ကလည်း ကျန်းမာရေး ကိုတော့ အလွန်အမင်း အထောက် အကူမပြု။ လှရုံသာ ရမည်။ :D အခန်း နေရာ ကျဉ်းကျဉ်းလေးမှာ သိုင်း ကျင့်နေလို့လည်း မဖြစ်သေး။ ကောင်းတာက အပြင်ထွက်ပြီး ရွရွ ပြေးတာက ကောင်းသည်။ မပင်မပန်း ရွရွ ပြေးတာမျိုးကို တစ်နေ့ နာရီဝက်ခန့် လုပ်လိုက်ရလျင် အတော် ဟန်ကျမည်။ ခက်တာက ရာသီဥတု။ (-၁၂) ဒီဂရီ စင်တီဂရိတ် ။ ဘယ့်နှယ့်လုပ် ပြေးမလဲ။ လောင်းကုတ်ကြီး တဖားဖားနှင့်။

အတော် ဆင်ခြေများသည်။ မလုပ်ချင်တာ အလွန် သိသာသည်။ ဆုံးမမည့် သူလည်း မရှိ။ နွားရှေ့ ထွန်မကြူးချင်ဘူး လို့ပဲ ပြောကြမည်။ ဒီတော့ လုပ်ချင်ရာ လုပ်တော့သည်။ အမှန်ဆို ရေမချိုးခင် သွေးပူ လေ့ကျင့်ခန်းလေး လုပ်သင့်သည်။ ရွရွ ပြေးတာမျိုးလေး လုပ်နိုင်သည်။ ချွေးလေးစို့ရုံ ဆိုရင်ကို ဟန်ကျမည်။ ကိုင်းထားတော့ .. နောက်မှ။

၎)ပြီးခဲ့သော ရောက်တတ်ရာရာ ပိုစ့်တွင် တရားစခန်းများ တွင် ဖြစ်တတ်သော သဘောကို ဖော်ပြခဲ့သည်မှာ သံယောဇဉ် ၏ အပြစ်ကို ဖော်ပြ လိုရင်း ဖြစ်သည်။ လောကတွင် ချမ်းသာခြင်း၊ ဆင်းရဲခြင်း စသည့် လောကဓံတရားများ ရှိသကဲ့သို့ တရားတွင်လည်း တရား လောကဓံသည် ရှိသည်။ တရား အကျနှင့် အစပိုင်းများတွင် သံယောဇဉ် ရှိဖူးသူများကို တမ်းတခြင်း၊ ဒုက္ခဝေဒနာ ကို ခံစားရ၍ ပင်ပန်းခြင်း၊ ငိုက်မျဉ်းခြင်း ၊ တရားအပေါ် သံသယ ၀င်ခြင်း.. အားထုတ်၍ ကောင်းသည့် အတက်ပိုင်းများ တွင်လည်း တရား မာန တက်လာခြင်း၊ တရား လောဘများ ဖြစ်လာခြင်း စသည့် တရား လောကဓံ အဖြာဖြာကို ကြုံရနိုင်သည်။ ဆရာကောင်း သမားကောင်း ဆုံးမသည့် အတိုင်း တသွေ မတိမ်း အားထုတ်ရင်း တရားလောကဓံများကို ကျော်လွှား သည်းခံ သွားနိုင်တတ်ပါသည်။ လောကတွင် ကြုံတွေ့ရသည့် လောကဓံ များကိုလည်း ခံနိုင်ရည် တိုးလာနိုင်သည်။

၅)အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် တရား လောကဓံ ကို မခံနိုင်၍ တရားစခန်းမှ ပြန်ပြေးသည် ဆိုဦး တရား အားထုတ် နည်းကို သိနိုင်သေးသည်။ နောင် အားမထုတ် ဖူးသူများထက် ပိုမို အကြောင်း တိုက်ဆိုင်ခွင၊့် ပိုမို တရားအားထုတ်နိုင် ခွင့် ရရှိနိုင်သေးသည်။ ပါရမီ ကုသိုလ်လည်း ပြုပြီးဖြစ်သည်။ တရား အားထုတ်စဉ် ဖြစ်ပေါ်နိုင်သော အဆိုပါ နီဝရဏ တရားများမှာ စိတ်ထဲတွင် ဆူပွက် ရုံမျှသာ ဖြစ်၍ သီလကို ပျက်စေသည် အထိ မလွန်ကြူးသေး သည်ကို သတိပြုအပ်သည်။ တရားစခန်းတွင် အနည်းဆုံး မကျိုးမပေါက်သော သီလ၊ ဣန္ဒြိယသံဝရ သီလတို့ တည်နိုင်သေးသည်။ (လောက၌ကား တည်ဖို့ မလွယ်။) အကယ်၍ သီလ၌ မတည်စေဦး တရားစခန်းတွင် တရားနာခွင့် သူတော်ကောင်းနှင့် ပေါင်းဖော် တွေ့ဆုံခွင့်ကား ရှိသေးသည်။ (အပြင်လောကတွင်ကား သူတော်ကောင်းကို တွေ့ဖို့ အလွန်ခဲယဉ်းသည်။)

၆)ဝေဘူဆရာ တော် ဘုရားကြီး၏ အဆုံးအမ တွင်ကား ယောဂီများသည် တရား လာအားထုတ်ရင်း ဇရပ်ပေါ် အိပ်နေသော သူကို တွေ့လျင် တောင်မှ "တယ် အအိပ်မက်သည် ဟု မပြစ်မှားသင့်..။ ယခု လူကဲ့သို့ မအိပ်မပြုဘဲ ငါကြိုးစား အားထုတ်မည်" ဟူ၍သာ နှလုံးသွင်း အပ်သည်ဟု ဆုံးမသည်။ လျောင်းခြင်း ဣရိယာပုထ် နှင့် အားထုတ်နေသူ ကို မှားယွင်း ပြစ်မှားမိလျင် မိမိ တရားကို ပိတ်ပင်မည့် အကုသိုလ်က ဖြစ်နိုင်သေးသည်။ လောကတွင် အလွယ်တကူ သုံးနှုန်း နေသော အပြစ်မကင်းစွာ ပြောဆို သည့် စကားများကို သူတော်ကောင်းများ လိုလားတော် မမူ။ ဆင်ခြင်ဥာဏ် ရှေ့သွား၍ ခြောက်ပြစ် ကင်းအောင် သုံးနှုန်း ပြောဆိုကြသည်။ ထိုသို့ သုံးနှုန်း ပြောဆိုခြင်းကို ပုထုဇဉ်များ မတတ်နိုင်ဟု မယူဆသင့်ပါ။ ကြိုးစားက တတ်နိုင် ကောင်းပါသည်။

၇)ဇင် ဗုဒ္ဓဘာသာက အတွေး အခေါ် အယူအဆများကို ၀ိပဿနာ တရားလုပ်ပြီး ဟောနေ ပြောနေ ကြသည် လည်း ရှိနေသည် ဟု ဆိုသည်။ ရိုးရိုးသားသား ဇင်ဘာသာဟု ဟောပြောလျင် တော်သေးသည်။ ထေရ၀ါဒ ၀ိပဿနာဟု ပြောဆိုသဖြင့် မသိသူများ မျက်စေ့ လည်ဖွယ် ဖြစ်နိုင်သည်။ လယ်တီဆရာတော်၊ မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာတော် စသည့် ပရိယတ် ၊ပဋ္ဋိပတ် ခိုင်မာသော ဆရာတော် များ၏ တရားသုတ များ ရှိနေဖို့သင့်သည်။ အနည်းဆုံး မဟာစည်ဆရာတော် ဘုရား၏ ၀ိပဿနာရှူနည်းကျမ်း ( အကျဉ်းချုပ်) လေးကို ဆောင်ထားဖို့သင့်သည်။ အားမထုတ် နိုင်သေး သော်လည်း တရားသုတ ရှိထားပါက ဆရာမှားကို ရှောင်နိုင် တိမ်းနိုင်မည်။

၈)မြန်မာ လူမျိုး များသည် တစ်ခါတစ်ရံ အငြင်း သန်သော်လည်း အလွန်ချစ်စရာ ကောင်းသည်။ တခြားလူမျိုးများနှင့်မတူ။ ပြန်ချင်သည်။ ယခု ပြန်ခွင့်ပေးလျင် ယခု ထပြန်ချင်သည်။ စိမ်းနေဦးမည့် ကျွန်တော့်မြေ တည်း။ :)

14 comments:

khin oo may said...

ပြန်နိုင်ပါစေဗျာ.ပြန်ချင်တဲ့အချိန်တိုင်းမှာ

Upasaka said...

)ဇင် ဗုဒ္ဓဘာသာက အတွေး အခေါ် အယူအဆများကို ၀ိပဿနာ တရားလုပ်ပြီး ဟောနေ ပြောနေ ကြသည် လည်း ရှိနေသည် ဟု ဆိုသည်။ ရိုးရိုးသားသား ဇင်ဘာသာဟု ဟောပြောလျင် တော်သေးသည်။ ထေရ၀ါဒ ၀ိပဿနာဟု ပြောဆိုသဖြင့် မသိသူများ မျက်စေ့ လည်ဖွယ် ဖြစ်နိုင်သည်။ လယ်တီဆရာတော်၊ မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာတော် စသည့် ပရိယတ် ၊ပဋ္ဋိပတ် ခိုင်မာသော ဆရာတော် များ၏ တရားသုတ များ ရှိနေဖို့သင့်သည်။ အနည်းဆုံး မဟာစည်ဆရာတော် ဘုရား၏ ၀ိပဿနာရှူနည်းကျမ်း ( အကျဉ်းချုပ်) လေးကို ဆောင်ထားဖို့သင့်သည်။ အားမထုတ် နိုင်သေး သော်လည်း တရားသုတ ရှိထားပါက ဆရာမှားကို ရှောင်နိုင် တိမ်းနိုင်မည်။

ညီလေးရေ ဒါအမှန်ပဲကြောက်စရာ အကောင်းဆုံး သာသနာ ရန်ပဲဗျ ကျနော် တို့ လူမျိုးတွေအတွက်ရော ဘာသာ အတွက် ပါ မကောင်း ဘူးဗျ ကျေးဇူး တင်ပါတယ် ဗျာ အခု လို ပြောပေး ပါ ဖေါ်ပြပေး တာ။
လေးစား လျှက်

အိမ် said...

ကိုယ့်ဆရာပုံနဲ့ အလေးမမလို့လားဗျ မလုပ်ပါနဲ့
ဗျာ ကိုင်းတွေကန်ကုန်ပါ့မယ်ဗျ ဟိဟိ
ကျန်းမာရေးအတွက် အလုပ်ကတော့ဗျာ ကျနော်
ဆိုရင် အမြဲလှုပ်ရှားနေရတော့ ဘာကျန်းမာရေး
လေ့ကျင့်ခန်းမှမလိုဘူးဗျ ဘယ်လောက်ထိလဲဆို
ကွန်ပျုတာရှေ့ထိုင်နေတာတောင် ကောင်းကောင်းမထိုင်ဘူး ဟိုလှုပ်ဒီလှုပ်နဲ့
တချက်မှ မငြိမ်တာ အဲဒါကြောင့်ထင်တယ်
ထိုင်ခုံလဲကျိုးပေါင်းများပြီဗျ အခုသုံးနေတဲ့ခုံက
၅ခုံမြောက်ပဲဗျ ဟီး။
မြန်မာလူမျိုးတွေ အငြင်းသန်တယ် ပြောလို့
ဘာမှ မပြောတော့ပါဘူးဗျာ။

thihanyein said...

ပို့စ်လေးတွေဖတ်ရတာ မှတ်သားစရာလေးတွေပါပဲဗျာ
မှတ်သားသင့်သည်များကိုလည်းမှတ်သားသွားတယ်ဗျ

ညီအကိုများ said...

ရောက်တတ်ရာရာတွေက တစ်ကယ်ကိုရောက်တယ်ဗျာ..
အဲ..ကိုယ်ကတော့ ပြန်ပြီကွယ်.. :)

မိုးကြယ်

မသက်ဇင် said...

အလှတရား----------
နေမကောင်းတာကြာနေပြီ--
ဒါပေမဲ့ ရောက်အောင်လာဖတ်တယ်--
တန်ဘိုးရှိတဲ့ စာတွေမို့လား---


၇)ဇင် ဗုဒ္ဓဘာသာက အတွေး အခေါ် အယူအဆများကို ၀ိပဿနာ တရားလုပ်ပြီး ဟောနေ ပြောနေ ကြသည် လည်း ရှိနေသည် ဟု ဆိုသည်။ ရိုးရိုးသားသား ဇင်ဘာသာဟု ဟောပြောလျင် တော်သေးသည်။ ထေရ၀ါဒ ၀ိပဿနာဟု ပြောဆိုသဖြင့် မသိသူများ မျက်စေ့ လည်ဖွယ် ဖြစ်နိုင်သည်။ လယ်တီဆရာတော်၊ မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာတော် စသည့် ပရိယတ် ၊ပဋ္ဋိပတ် ခိုင်မာသော ဆရာတော် များ၏ တရားသုတ များ ရှိနေဖို့သင့်သည်။ အနည်းဆုံး မဟာစည်ဆရာတော် ဘုရား၏ ၀ိပဿနာရှူနည်းကျမ်း ( အကျဉ်းချုပ်) လေးကို ဆောင်ထားဖို့သင့်သည်။ားမထုတ် နိုင်သေး သော်လည်း တရားသုတ ရှိထားပါက ဆရာမှားကို ရှောင်နိုင် တိမ်းနိုင်မည်။

အလှတရားရေ--- အလွန်မှန်ကန်ပါတယ်---
ပြောပြတဲ့အတိုင်း လေ့လာအားထုတ်ပါမယ်--
ထောက်ပြတာတွေအတွက် ကျေးဇူးတင်ပါတယ်--
မြန်မာပြည်မှာ ပြန်ဆုံကြရင် တရားဓမ္မတွေ ဆွေးနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်---

flower.poem said...

"တယ် အအိပ်မက်သည် ဟု မပြစ်မှားသင့်..။ ယခု လူကဲ့သို့ မအိပ်မပြုဘဲ ငါကြိုးစား အားထုတ်မည်" ဟူ၍သာ နှလုံးသွင်း အပ်သည်ဟု ဒီစာတန်းလေးကို သဘောကျတယ် သူများအပြစ်ကိုတင်တတ်တဲ့ သူတွေအတွက် အကျိုးရှိတဲ့စကားလေးပါ ကိုအလှတရား ဆရာတော်ကြီးတွေရဲ့ အဆိုအမိန့်အတိုင်း နှလုံးသွင်းအားထုတ်နိုင်ရင်အကောင်းဆုံးပါ.
ကိုအလှတရားလည်း တရားထူးတရားမြတ်ရပါစေရှင်

ဇင်ယော် said...

ဒေါက်တိုကြီး ကွန်ပြူတာချည်း ကလိနေလို့  ကျန်းမာရေးထိခိုက်နေဦးမယ်ဗျ။ ဂရုစိုက်ဦး။ တရားဓမ္မ တဲ့ ပတ်သက်တဲ့ ဗဟုသုတတွေပေးတဲ့  ပို့ စ် လေးတွေကို လေးလေးစားစား ဖတ်သွားပါတယ်ဗျာ။ ( ရွရွပြေးရင် တားလည်းလိုက်မယ်နော် )

megumi said...

ရောက်တတ်ရာရာဆိုတဲ့အတိုင်း ဟိုရောက်ဒီပေါက်နဲ့ ဟွန်း။ စိတ်ငြိမ်သွားအောင် တရားထိုင်သိလား မောင်လေး။ :P :P

ပုလဲ said...

တန်ဖိုးရှိတဲ့စာတွေကို
လေးလေးစားစားဖတ်သွားပါတယ်
နောင်များလဲလာဖတ်ပါဦးမယ်
ီဦးဦးလှလှကိုလည်း ကျေးဇူးတင်ပါသည်
ဖတ်ပြီးရင် ထပြီးလမ်းလျှောက်လိုက်ဦးမည် :P
:)

meimeistar said...

သြော် .......အေဆယ်ဆိုက်လုပ်ရမယ်ဆိုရင်တော့
ဆင်ခြေ ။ ဆင်လက် ။ဆင်နားရွက် ။ဆင်မျက်စိလုံး ။ ဆင်အူ ကလီစာ(စားချင်လိုက်တာ)စုံနေတာဘဲ။

ကိုချစ်ခြင်းဆိုရေချိုးကာနီးအေဆယ်ဆိုက်လုပ်တယ်ဆိုဘဲ။
သူ့ လိုလိုက်လုပ်ကြည့်ပေါ့

သိုင်းမကျုင့်ပါနဲ့ တော်။မေခြောက်ဖုံတို့  ရှောင်လင်မင်းသားတို့ ကောကျင့်တို့ ထိုင်ငိုသွားပါ့မယ်

လောင်းကုတ်နဲ့ ပြေးမယ်ဆို မသိတဲ့လူကဓါတ်ရှင်ရိုက်သလိုလိုဘာလိုလိုပေါ့
မထင်ခံရနည်းလားလို့ 

ကဲကဲ စမယ် အေဆယ်ဆိုက်
၁၂၃၄၅

ဘရတ် ၃၀မိနစ်
း)

အောက်မှာရေးထားတာတော့သေချာလေးဖတ်သွားပါတယ်
တရားလဲနာသွားတယ်

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေရှင်

Dream said...

ကျန်းမာရေးဂရုစိုက်.. အဟဲ.. အေးနေရတဲ့အထဲ အထိုင်များလို့ တော်နေ ကွေးမရ ဆန့်မရနဲ့ ကျောက်ရုပ်ကြီး ဖြစ်သွားဦးမယ်.... အဟဲ...


:) :)

Khant said...

( လောကတွင် အလွယ်တကူ သုံးနှုန်း နေသော အပြစ်မကင်းစွာ ပြောဆို သည့် စကားများကို သူတော်ကောင်းများ လိုလားတော် မမူ။ )
ဒီစကား လေးကြောင့် တွေး စရာ တော် တော် များသွား ပြီ။ အဲ ဒါတွေ ကို သာ ရှောင် နိုင် ရင် ကောင်း မှာ ပဲ။ အခု တော့ အကျင့် ကြီး တောင် ပါ နေ တယ်။
ဘာပဲ ဖြစ် ဖြစ် ဒီလိုစာ တွေ ဖတ်ခွင့် ရတဲ့ အတွက် ကျေး ဇူး တင် ပါ တယ် ။

ဝါ၀ါခိုင်မင်း said...

မြန်မာ လူမျိုး များသည် တစ်ခါတစ်ရံ အငြင်း သန်သော်လည်း အလွန်ချစ်စရာ ကောင်းသည်။ တခြားလူမျိုးများနှင့်မတူ။ ပြန်ချင်သည်။ ယခု ပြန်ခွင့်ပေးလျင် ယခု ထပြန်ချင်သည်။

........................................
ပြန်စေ မောင်မင်း..