"ကိုကို.. မင်းပတ္တလားက သစ်သားပြားကြီးပဲ"
"ဘယ်ဟုတ်မလဲ ညီညီရ..၀ါးပြားပါကွ.. အဘိုးကိုယ်တိုင် လုပ်ထားတဲ့ ပတ္တလားနော်..အထင်မသေးနဲ့. ပထမ ၀ါးပိုးဝါးတွေထဲက ကြီးလည်းကြီး အဆစ်လည်းကျဲတဲ့ ၀ါးပြားတွေကို အလောတော်ဖြတ်ပြီး မြေကြီးအောက်မှာ အကြာကြီးမြှုပ်ထား။ နောက်ပြီးတော့ မီးဖိုပေါ်က ကြပ်ခိုးစင်မှာ သုံးနှစ် ကြပ်တင်ပြီး အသားသေအောင် လုပ်ထားရတာကွ။ ပြီးမှ အသံလေးတွေညီအောင် ပုလင်းကွဲနဲ့ စိတ်ရှည်လက်ရှည် ခြစ်ရတာ ညီညီရ။ အခုလို မည်းနေအောင်က ကျပ်ဆီ တိုက်တိုက်ပေးရတာ။ အသံလည်း ဒီလောက် အထွက်ကောင်းတာ တွေ့လား။ ကြည့်စမ်း ဗုံသံလိုပဲ။"
ပြောပြောဆိုဆို ကိုကိုသည် ပတ္တလားအဆန်ကို တစ်ချက်နှစ်ချက် ခေါက်ပြသည်။
"အသံသာရင် ခုလို ဗုံသံ ထွက်ရတယ်ကွ" ဟုလည်း ပြောသေးသည်။
ညီညီက လက်ခတ်တစ်ချောင်းယူပြီး ၀င်ခေါက်ကြည့်သည်။
"ဟုတ်တယ်နော်"
ခဏလောက်ငေးပြီး စဉ်းစားနေဟန်ပြုသည်။
"ကိုကို မင်းလိုငါ တတ်အောင် သင်ရင်ကြာမှာလား။ ငါ့ကို မေမေက ပုစဉ်းတောင်သံကြိုးကို စန္ဒယားနဲ့ သင်ပေးထားတယ်ကွ။ သိလား..။ ဒါပေမဲ့ ငါစန္ဒယားအသံကို မကြိုက်ဘူး။ နားညည်းတယ်။ ဒီအသံလေးကို ကြိုက်တယ်။ သာသာ နုနုလေးရယ်။ ငါ.. ငါကွာ သူ့ ကို မြင်ရတာ စိတ်ထဲမှာတစ်မျိုးပဲ။ ရင်းနှီးနေသလိုပဲ။"
"အင်း.."
သက်ပြင်းချပြီး ညီအစ်ကိုနှစ်ယောက် ပတ္တလားကို သေချာဖင်ပြန်ခေါင်းပြန် စစ်ဆေး ကြည့်နေကြသည်။ ညီညီက ပတ္တလားအိမ်က ကနုတ်ပန်းတွေကို လက်နှင့်တို့ကြည့်သည်။ ပတ္တလားအဆန်ကို အောက်ကလည်း လက်သည်းနှင့် ခေါက်ကြည့်သည်။ ပတ္တလားအိမ်ထဲ ခေါင်း ၀င်ပြီး အားလို့လည်း အော်ကြည့်သည်။ နှာခေါင်းကို တရှုံ့ရှုံ့ တပွပွလုပ်ပြီး ရေမွှေးနံ့ရတယ် ဟုလည်း ပြောသေးသည်။
"ကလေး နှစ်ယောက် ဘာတွေ လေ့လာနေကြတာလဲ" ။
ဆည်းလည်းသံ နှင့်တူသော ဒေါ်လေးနွယ်၏ အသံသည် ပေါ်လာသည်။ ကျက်သရေရှိသော ကိုယ်နေဟန်ထားနှင့် ညီအစ်ကို နှစ်ဦးရှိရာ အိမ်ရှေ့ကွပ်ပျစ်ဆီသို့ လှမ်းလာနေသည်။
"ဒေါ်လေး. မအိပ်သေးဘူးလား " ဟု ကိုကိုက မေးသည်။ ညီညီကတော့ "မေမေ"ဟု အော်ကာပြေး ဖက်သည်။
ဒေါ်လေးနွယ်က ညီညီ့ခေါင်းက ဆံပင်လေးတွေကို ပွတ်သပ်၍
"အိပ်လို့မပျော်ဘူး သားကြီးရယ်" ဟု ခပ်နွမ်းနွမ်းလေး ဖြေသည်။ "လကလည်း သာတယ် မို့လား"
...တူအရီး သားအမိတွေ ခဏမျှ ငြိမ်သက်သွားသည်။ ကနုတ်ပန်း ခြယ်ထားသော ပတ္တလားအိမ်ကို ညီညီက စိုက်ကြည့်ပြီးမှ ...
"မေမေ သားကို ပတ္တလား တစ်လုံးဝယ်ပေးပါလား " ဟု ပြောသည်။
"ဘာဖြစ်လို့လဲ"
"ကိုကို ပတ္တလားတီးတာ သိပ်နားထောင်လို့ ကောင်းတာပဲ။ စန္ဒယားကြီးက ဆူလွန်းတယ် မေမေ။ သား မကြိုက်လှဘူး။"
"သားကလည်း ချက်ချင်းပဲ စိတ်က ပြောင်းပြန်ပြီ.. ကိုကို တီးတာမြင်တာနဲ့ လိုက်တီးချင်နေပြန်ပြီ မဟုတ်လား သင်လက်စကိုပဲ လက်တက်အောင် အသံသာအောင် လုပ်ပါလား"
ဟုပြောရင်း ခေါင်းကို ပုတ်လိုက်သည်။
"အဘိုးဦးထွန်းရှိန် စောင်းတီးတာမြင်ရင် ညီညီ စောင်းတီး သင်ချင်လာဦးမယ်.. ငါတောင် စောင်းကိုပိုတီးချင်နေတာ"
ဟု ကိုကိုက ၀င်ပြောသည်။
"အင်းးးးးးးး" ဟု သံရှည်ဆွဲပြီး ညီညီ ငြိမ်သွားပြန်သည်။
ညီအစ်ကိုနှစ်ယောက်က တစ်နှစ်ကြီး တစ်နှစ်ငယ်။ ငါးတန်းနှင့်လေးတန်း။ ၀မ်းကွဲတွေ ဖြစ်ပေမဲ့ ရုပ်ရည်ချင်းလည်း တော်တော်ဆင်သည်။ အကျင့်ချင်းလည်း အတော်တူသည်။ အခုမှ မြင်ဖူးကြတာပေမဲ့ တော်တော် နှလုံးသားချင်းနီးတဲ့ ကလေးတွေပဲ ဟု တစ်အိမ်လုံးကော ပတ်ဝန်းကျင်ကရော အသိအမှတ်ပြုရသည်။ တည်ကြည် ငြိမ်သက်တာလေးတွေ က စလို့ နူးညံ့ စိတ်ကူးယဉ်တတ် တာ လေးတွေရော။ တစ်ခါတစ်ခါ စိတ်ထက်ထက်နဲ့ ဆန္ဒပြ တက်တာလေးတွေရော။ ကာတွန်းစာအုပ်တို့ ၀တ္တုစာအုပ်တို့ အလွန်ဖတ်တာရော ရော။ စူးစမ်းဆင်ခြင် တတ် မေးခွန်းများ တတ် တာရော။ ဂီတကို ၀ါသနာပါတာရော။ ညီအစ်ကိုနှစ်ယောက်လုံး တော်တော်တူသည်။
"အခုလိုညချမ်းမှာ ဘယ်သီချင်းမျိုး တီးချင်ဆိုချင်လဲ စိန်ကိုကို လေးရဲ့"
ဒေါ်လေးနွယ်က မေးသည်။
လရောင်ဖြာဆင်းနေသည်။ လရောင်သည် အုန်းလက် ကိုင်းများကြားမှ လျောတိုက် ဆင်းသက်ကာ ဒေါ်လေးနွယ်၏ မျက်တောင် ကော့များပေါ် ဟီးလေးခိုနေသည်။ စင်းသောနှာတံ ပြည့်ဖူးသော နှုတ်ခမ်း ၀င်းမွတ်သော ပါးပြင်တို့ကို လရောင် အလင်းအနား သတ်ပေးကာ စုံနံ့သာ ပန်းချီကားသည် ကျုံ့ကျုံ့ပြုပြီး ထိုင်နေသည်။ ညဖြစ်၍ ဒေါ်လေးသည် ဆံပင်ရှည်များကို လွတ်လပ်စွာ ဖြန့်ချထားသည်။ ဒါတောင် ဆရာမများ ၀တ်တတ်သော ရင်ဖုံးအင်္ကျီ လည်စေ့ကို ၀တ်ထားသေးသည်။ ယဉ်သမျှ ကိုမှ ယခုလို ခေတ်တွင် ဆန်းလည်း ဆန်း လှပါပေသည်။ ဒေါ်လေးနွယ် ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်ခဲ့ရတာ ဘယ်ဝဋ္ဋ် ကြွေးကြောင့်လည်း ဟု ကိုကိုက ရင်ထုမနာ မကြာမကြာ တွေးမိသည်။
အသိအလိမ္မာလည်း ပြည့်စုံ၊ ယဉ်ကျေးသိမ်မွေ့၍ နှလုံးသွင်းလည်း မှန်လှသဖြင့် ဘ၀လောကဓံသည် ဒေါ်လေးနွယ့်ကို အရုပ်ဆိုးအောင် မပြုနိုင်။ ရင့်ကျက် တည်ငြိမ်လာအောင်သာ ကူညီခဲ့ဟန် တူပါသည်။
ဦးလေးဖြစ်သူ ဆုံးပြီးတော့ ဒေါ်လေးသည်လည်း တစ်ယောက်တည်း ရပ်တည် ကြည့်သေးသည် ဆို၏။ နယ်မြို့ကလေးမှာပဲ ဆရာ အလုပ်နှင့် အသက်မွေးခဲ့သည် ဟု ကိုကိုသိရသည်။
ငယ်သော လှသော ပညာတတ်သော အသိအလိမ္မာရှိသော ဒေါ်လေးကို ဦးလေးလောင်းလျာများက မြင်မကောင်း ရှုမကောင်း အောင်ပင် ကရုဏာတွေပို၍ ၀ိုင်းဝန်း ကယ်တင်ဖို့ ကြိုးစားခဲ့ ကြသည် ဆိုသည်။ ဒေါ်လေးမှာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်သော အစွမ်းအစ ရှိသူပီပီ ကရုဏာရှင်များ၏ အကယ်အတင်ကို ယဉ်ကျေးစွာ ပယ်ချခဲ့သည်။ ကယ်တင်မှုကို လက်မခံသောအခါ သွားပုပ်လေလွင့် ပြောဖို့ ကြိုးစားသည့် သူက ကြိုးစားသည် ဆို၏။ အဆင်းဘီးတပ်သည့် မိတ်ဆွေတုများကို ကြုံခဲ့ ရသည် ဆို၏။ အင်း အခုတော့လည်း ဒီအဆိုးတွေ လွန်ခဲ့ပါပြီ။
"ဘယ်လိုပဲ ဆိုနေဆိုနေ အမေနဲ့ အစ်မရဲ့ ရင်ခွင်မှာ အေးအေးချမ်းချမ်းလေး နေခွင့်ရတာ ကုသိုလ်တစ်မျိုးပဲ မဟုတ်လား သားတို့ရယ် "ဟု နှလုံးသွင်းကောင်းသော ဒေါ်လေးက တွေးတွေးဆဆနှင့် ဖြေပြောလေး ပြောရှာသည်။ အဲဒီ သွားပုပ်လေလွင့် ပြောသည့် လူများကို ဒေါ်လေးမုန်းလားလို့ မေးမိတုန်းက "မမုန်းပါဘူး သားကြီးရယ် ဒါကတော့ ၀ဋ္ဋ်ကြွေးရှိခဲ့တာကိုး" လို့ ပဲ ပြောပြသည်။
ကိုကိုသည် လရောင်ကို ထပ်ကြည့်ပြီး ဒေါ်လေးကို ထပ်ကြည့်သည်။ "ဟိုလေ ပန်းမြိုင်လယ် မှာ သားကြိုက်တဲ့ စာသား တစ်ပိုဒ်ရှိတယ် "သုကြိတ် မျှော်ရှုဆင်ခြင်" ဆိုတဲ့ အပိုဒ်လေ။ တောထဲ တောင်ထဲမှာ ရာမနဲ့ လက္ခဏာ ညီအစ်ကိုဟာ တစ်ဦးပေါင်ကို တစ်ဦး ခေါင်းအုံးလို့ ခြင်ကိုက်တာတောင် မခြောက်ဝံ့ တစ်ဦးနိုးမှာစိုးလို့ သိပ်သတိထား သတဲ့။ အဲဒီလို ချစ်ချစ်ခင်ခင် နေတာကို သုကြိတ်က မြင်သတဲ့ ဒေါ်လေးရဲ့။ အင်းအင်း သိပ်တော့ မသိပါဘူး။ အဲဒီ စာပိုဒ်ထဲမှာ တောထဲမယ် လမ်းပျောက်ကြတာလည်း ပါတယ်။ လေယာဉ်ပျံကြီး စီးတာလည်း ပါတယ်။ ဟိုလေ သားပြောတာက ဒသဂီရိက သီတာဒေ၀ီကို လေထဲက ယဉ်ပျံနဲ့ ခိုးပြေးတာကို ပြောတာပါ။ အန္တရာယ်တွေ ၀ိုင်းဝိုင်းလည်နေတော့ အဲဒီ အပိုဒ်ကို နားထောင်ရတာ သည်းထိတ်ရင်ဖိုပဲ။ သီချင်းတစ်ပုဒ်လုံးကို ကြိုက်ပါတယ်။ အဲဒီထဲကမှ "သုကြိတ်မျှော် ရှုဆင်ခြင်" ဆိုတဲ့ စာသားလေးကိုတော့ အမေ ဒေါ်တင်တင်မြက နွမ်းလျလျလေး ဆိုသွားတာ သိပ်နားထောင်လို့ ကောင်းတာပဲ"
"သားကြီး တီးမလား။ ဒေါ်လေး ဆိုပြမယ်လေ။"
"ညီညီကော ဘယ်လိုသဘောရလဲ။"
"နားထောင်မယ်..ကိုကို။ မေမေ သီချင်းဆိုတာ မကြားရတာလည်း ကြာလှပေါ့။"
ဖွားဖွားရယ် ဖေနဲ့မေရယ်ပါ အိမ်ပေါ်ကဆင်းပြီး ကွပ်ပျစ်ပေါ် ၀ိုင်းထိုင်ကာ အားပေးကြသည်။ ဖွားက ကွမ်းအစ်ကြီး မလာသည်။ မေမေက စည်းနှင့် ၀ါးကို ယူလာကာ ဒေါ်လေးနွယ်ကို လှမ်းပေးသည်။
ကိုကိုက တစ်ပေါက်သံကို စမ်းပြီး အသံတည်ပေးလိုက်သည်။ ဒေါ်လေးနွယ်က ၀ါးတစ်ချက်ချပြီး စည်းနှင့် သီချင်းကို စ၀င်သည်။
"ပန်းမြိုင်လယ်
သာနယ်ဘွေ မျှော်လေတိုင်း
ညိုပြာရီမှိုင်း မှုန်မှိုင်းမြူမှုန်ခြယ်
အိုဘယ်ဝယ်တောင်စွယ်မှော်ရုံကြော
လွန်သာမောဖွယ့်တောစုံယံမှာ
ရွှေလျံဝင်းမှည့် ထုံမှုန်ကြွေ
ရီဝေပြာပြာလွမ်းဖွယ့်စေ...
လေပြေဆော်ကာ ဟေမန်တွင်း
တုန်စီမလ္လာ ကန္တာတွင်းဝှုန်
ရေယဉ်ခင်းငယ် ဆင်းကြည်သွန်..
သီလာဘွေကွန့် ညာမြေစွန်
မြရောင်ဖြာဆင့် ကန်သာလွန်..."
ပန်းမြိုင်လယ် သီချင်းက အရှည်ကြီး ဖြစ်သည်။ ထို့ကြောင့် ကိုကို ကြိုက်သော သုကြိတ် မျှော်ရှုဆင်ခြင် သော အပိုဒ်ကို မရောက်နိုင်သေး။ ရာမနှင့် လက္ခဏာတို့က ချစ်ချစ်ကြင်ကြင် နေကြတာကို သုကြိတ်ကတွေ့တော့ အားလည်းကျသည်။ မိမိတို့ ညီအစ်ကိုနှင့် ကွာချင်တိုင်းကွာတာကိုလည်း တွေ့သည်။ နောင်တလည်းရသည်။ ရာမတို့ သီတာဒေ၀ီတို့ ဒသဂီရိတို့ သုံးပွင့်ဆိုင်ဇာတ်လမ်းကိုလည်း သူကမြင်ရသည်။ ဘီလူးက ရွှေသမင်ယောင်ဆောင်တာလည်း မြင်သည်။ ရသေ့ဟန်ဆောင်တာလည်း မြင်သည်။ တောသည် လှ၏။ သာမောဖွယ်ဖြစ်၏။ သို့သော် အလှည့်စားသန်သည်။ ဒါကိုလည်း မြင်သည်။ သို့နှယ် ရှုဆင်ခြင်မိသည်။
"ဝေးဝေးသူရာနယ်မြေ
စကြာစုံရွှေနန်း
ရှိန်ဖြာကိန်းခန်းပြည်တိုင်းခန်း
ကြို့ညိုသည်ဘုံစံကွန့်နန်း
ဖြာမြန်းညီနောင်လေး
စွန်တောင်တိုင်းရွှေလေးရိပ်ဝယ်
နယ်လေးဖော်ကြောင်းရေး
မျှော်ရောင်သာ စက်မှိတ်
တွေးဖွယ်ကိုပင်
သုကြိတ်မျှော်ရှုဆင်ခြင် ..။"
နွယ်နွယ့်အသံက ၀ါဝါလေးဖြစ်၏။ စနစ်တကျ အဆိုသင်ထားသူမို့ တခါမှ မတိုက်ရသေးပေမဲ့ ဦးရီနွယ်တီးကွက် အဟန့်တွေကို ကြောက်မသွား။ ရဲရဲဝင်ထွက်၍ တည်ငြိမ်စွာပင်ဆိုနေသည်။ ညီညီကတော့ မေးလေးထောက်ကာ မျက်လုံးအ၀ိုင်းသားနှင့် သူ့အမေကို ငေးကြည့်နေသည်။ တစ်အိမ်သားလုံးက ငြိမ်သက်စွာနေကြ၍ ဂီတကို ခံစားတော့သည်။
လရောင်သည် ဂီတနှင့် အတူ ကခုန်နေ၏။ အော်အော်ဟစ်ဟစ် တွေကိုတော့ မကြားရ။ ပတ်ဝန်းကျင်သည် နွယ်နွယ့် နှင့် ညိမ့်ညောင်းသော ဂီတကိုသာ ရံထားကြသည်။
"သီလာဘွေကွန့် ညာမြေစွန်
လ(မြ)ရောင်ဖြာဆင့် ကန်သာလွန်"

လေ့လာရန်-ပန်းမြိုင်လယ်(ယိုးဒယား)အဆိုပညာရှင်-ဒေါ်တင်တင်မြ...စန္ဒယား-ဂီတလုလင်ဦးကိုကို

3 comments:
"သီလာဘွေကွန့် ညာမြေစွန်
လရောင်ဖြာဆင့် ကန်သာလွန်"
သာယာသောမိသားစုလေးရဲ့ ဂီတ
အလှတွေကို လ ရောင်နှင့်အတူ
ဝင်ရောက်ခံစားသွားပါတယ်--
အသံဝါ၀ါက ဘယ်လို အသံတုန်း။ အသံပြာပြာလေးပဲ
ကြားဘူးတယ်လေ။ :D ဆီးချိုအကြောင်းတော့ မရေး
ဘူး.. ပို့စ်တွေ အများကြီးတက်နေပါလား။ တော်တော်အားနေတယ် ထင့်ပါ့။ :D
ဒီPOSTလေးကို ဖတ်လိုက်တာ စိတ်ထဲတစ်မျိုးဝင်သွားတယ်။ အေးချမ်းတဲ့ ခံစားချက်တစ်ခုဖြစ်သလို မြန်မာဂီတအကြောင်းကို တစေ့တစောင်းဖော်ပြထားတာတွေ့ရတော့ တော်တော်ကို ၀မ်းသာမိတယ်.. သူငယ်ချင်း
Post a Comment