အနိုင်မခံ
William Ernest Henley ၏ Invictus(1875) ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဘာသာပြန်သည်။
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ်၊ မငိုကြွေး။
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊ ညွတ်ကားမညွတ်။
ဤလောဘဒေါသတို့ ကြီးစိုးရာဋ္ဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည် ဖြစ်စေ ငါကားဂရုမပြု၊
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏အကြီးအကဲဖြစ်သတည်း။
ဗိုလ်ချုပ်အောင်ဆန်းဘာသာပြန်သည်။
(အိုးဝေမဂ္ဂဇင်း၊အတွဲ၆၊အမှတ်၁၊၁၉၃၆ခု)
မှတ်ချက်။ ။စာဖတ်သူတစ်ဦးက အိုးဝေဦးညိုမြ ဘာသာပြန်သည်ဟု အဆိုရှိပါသည်။

5 comments:
အာဇာနည်နေ့ တို့မမေ့.
ကိုအလှတရားရေ ...အာဇာနည်နေ့မှာ ဗိုလ်ချုပ်ရဲ့ ဘာသာပြန်လေး ဖတ်ရတာ ကျေးဇူးပါ.............
အင်းအဲ့လိုစိတ်ဓါတ်မျိုးမွေးလို့လဲ သူရဲကောင်းဖြစ်ရတာပဲ ထင်တယ်ဗျနော်
အခုလို ဗိုလ်ချုပ်အမှတ်တရတင်ပေးထားတာ ကျေးဇူးတင်ပါတယ်။ အခုမှ ပထမဆုံးဖတ်ဖူးတာ။ ကိုယ့်မြေမှာနေပြီး ဒီလိုမျိုးတွေ မသိတာ စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်ကိုလည်းရှက်မိပါတယ်။
အာဇာနည်နေ့ တို့မမေ့...
အာဇာနည်မျိုး သေရိုးမရှိ
Post a Comment