ဆွေး...

(၁)

အကြောဆွဲနေသော လူရွယ်တစ်ဦးကို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေတာ မြင်ရသည်။


ခါးကကော့ထိုးပြီး လက်နှစ်ဖက်က ကွေးကောက်လှုပ်ရွ နေသည်။ ဖခင်ဖြစ်ဟန်တူသူ လူကြီးက ဖေးမကာထိန်းကိုင် ထားသည်။

ရောဂါရာဇ၀င်ယူနေသံကို ကြားရ၏။

"မျိုးရိုးထဲမှာ အခုလိုဖြစ်ဖူးတာ ရှိသလား"

"မဖြစ်ဖူးပါဘူး ဒေါက်တာ"

"သေချာလို့လား"

"သေချာပါတယ် ဒေါက်တာ မျိုးရိုးမရှိပါဘူး"

"သူ့အမေဘယ်အရွယ်မှာဆုံးသွားသလဲ"

"အသက်၃၅ မှာပါ"

"ဘာရောဂါနဲ့ဆုံးတာလဲ"

လေးစက္ကန့်မျှ တိတ်ဆိတ်သွား၏။

"နှလုံးအားနည်းတာဆိုလားပဲ ဒေါက်တာရယ်"

...ညာသည်။

လူတိုင်းညာတတ်သည် ။ ထို့ကြောင့် လူနာသည်လည်း ညာတတ်သည်။ လူနာရှင်သည်လည်း ညာတတ်သည်။

လူနာသည် ညာတတ်သည်။ လူနာရှင်သည် ညာတတ်သည်။

ထို့ကြောင့် လူတိုင်းညာတတ်သည်။

...


(၂)

သားငယ်က ပုရွက်ဆိတ်တွေ စီတန်းသွားနေသည့် ကြားထဲ လက်ညှိုးနှင့် မျဉ်းကြောင်း ဆွဲချလိုက်သည်။ ပုရွက်ဆိတ်များသည် ထိုစည်းကို မခြားမကျော်။ လှည့်သာ ပြန်ကုန်၏။

"ဖေဖေ အဲဒါဘာကြောင့်လဲ။"

သူ့လက်တစ်ကမ်းမှာ စာအုပ်စင်ရှိသည်။ သူနှင့် ၃ ပေအကွာမှာ ဗဟုသုတပင့်ကူအိမ် သည်ရှိ၏။ လက်လှမ်းရမှာ သူ တွန့်ဆုတ်နေသည်။ ပွေလီရှုပ်ထွေးနေသော ဦးနှောက်ထဲကို အချက်အလက် အသစ်များသွတ်သွင်းရန် သင့်ပါသလား။ သို့ရာတွင် အမှန်တရားကို သူမသိ ဆိုတာက တကယ့်အဖြေမှန်ဖြစ်၏။ တစ်ဆက်တည်းမှာပဲ လေ့လာရန် သူအပျင်းထူနေသည်။

"လူ့ခန္ဓာကိုယ်က ထွက်တဲ့ ဓာတုပစ္စည်းတစ်မျိုးမျိုးကြောင့် ပုရွက်ဆိတ်တွေ လှည့်ပြန်သွားရတာလည်း ဖြစ်နိုင်တာပဲ။

ဥပမာ...

...ချွေး။"

သို့သော် သူမသေချာပါ။ မသေချာသော်လည်း ပုရွက်ဆိတ်များ၏သဘာဝ ဟူသော စာအုပ်ကို လှန်ကြည့်ရန် သူ မတက်ကြွ။ အမှန်တရားကို ရှာဖို့ ဒီလောက်တောင် ပျင်းရိရသလား။

ဟင့်အင်း။ ပုရွက်ဆိတ်တစ်ကောင် အကြောင်းကို သူသိစရာမှမလိုဘဲ။ သူက ဆရာဝန်တစ်ယောက်။ နောက်ပြီး အချိန်သိပ်မရှိတော့တဲ့ လူတစ်ယောက်။

နောက်အကြောင်းပြချက်တစ်ခုကတော့ လူတိုင်းဟာ အရာရာကိုတော့ မတတ်ကျွမ်းနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက်။ ဟုတ်သည်။ ထူးချွန်မှုဆိုတာ နယ်ပယ်တစ်ခုတည်းတွင်သာ ရှိသည်။


...ဆင်ခြေတွေပေးနေပြန်သည်။

မသိတာကို ရှာဖွေဖို့ မကြိုးစားဘဲ မသိပါလို့ ၀တ်ကျေတမ်းကျေ ငြင်းပယ်ခြင်းမျိုး ဆိုကရေးတီး ဆိုလိုခဲ့သည်ဟု သူကတော့ မထင်။ ဒါပေမဲ့ ပျင်းရိစိတ်က အနိုင်ယူသွားသည်။

"သားငယ် ဟောဟိုမှာ စာအုပ်ပုံ။ ဟောဒီမှာ ကွန်ပြူတာ။ ပြီးရင် ဖေဖေ့နဲ့ လာဆွေးနွေး။"

လာဆွေးနွေးဆိုတာ အလကား။ လာပြောပြပေးပါလို့ ပြောရမှာ။ အမှန်ကတော့ ၇ နှစ်သားကလေးကို သူလှည့်စားနေတာ။ ရှင်းသည်။ သူမသိတာကို မသိပါ ၀န်ခံရဲတဲ့ သတ္တိမရှိတာပါပဲ။

"အို.. မဟုတ်ပါဘူး။ ကလေးငယ်တွေရဲ့ ကိုယ်တိုင်သင်ယူပညာရေးကို အားပေးလိုက်ခြင်းပါ။ ဒါဟာ အနောက်တိုင်းက လူတွေရဲ့ လုပ်နည်းလုပ်ဟန်ပဲ။ အနောက်တိုင်းရဲ့ ကိုယ့်အားကိုယ်ကိုးပညာရေး။

သြသြ ..ဟုတ်လား။ ဒါဖြင့် မိဘလောင်းရိပ်မကင်းတဲ့ တရုတ်နည်းတရုတ်ဟန် ပညာရေးကို ဘယ်လိုပြောဦးမလို့လဲ။ မဟုတ်သေးဘူး။ ဒါဟာ အတော်နက်နဲတယ်။"

မြန်မာ့ပညာရှာဖွေနည်းကို စဉ်းစား။ မြန်မာမိဘတစ်ဦးဟာ မေးခွန်းတစ်ခုကို တော်ရိရော်ရိ ကြံဖန်ပြောလိုက်ပြီး ကိုယ်သိကိုယ်တတ်သယောင် ငြိမ်နေတတ်ပါသလား။ မဟုတ်ပါဘူးခင်ဗျာ။ မဟုတ်လောက်ပါဘူး။

သို့သော် မာယာသာဋ္ဌေယျ အတတ် ကိုလူတိုင်းတတ်သည်။ ထို့ကြောင့် သူလည်း တတ်သည်။

(၃)

ဧည့်ခန်းထဲက လူနာကို Huntington လို့ အော်ပြောလိုက်သည်။ သူပိုင်ဆိုင်တဲ့ စားပွဲတင် ဦးနှောက်က အဲလို ရောဂါကို အဲဒီလို ညွှန်ပြနေသည်။ မှန်ချင်မှန်မည်။ မှားချင်မှားမည်။ သို့သော် သူ့မှာ အကြောင်းပြချက်သည် ရှိ၏။

သူ ဒီကထွက်မသွားသေးတာကလည်း အကြောင်းပြချက်ရှိသည်။ သူရှိနေလို့ သူ့သားနှင့် သူဇနီးသည် လုံခြုံနေခြင်းဖြစ်သည်။ သူ့တပည့်တွေ သူ့လူနာတွေအတွက် သူဒီမှာဆက်နေရခြင်းဖြစ်ပါသည်။ အကြောင်းရင်း အခိုင်အလုံ သူ့တွင်ရှိပါသည်။


(၄)
သူ့ဇနီးက အပြုံးတစ်ခုကို ဆင်ယင်လျက် သူ့ဆီလှမ်းလာနေသည်။ ဘယ့်နှယ်ဘယ်လို။ သူ့ဇနီးထံတွင် ဤ မြတ်နိုးဖွယ် အရှေ့တိုင်းအပြုံးက ရောက်နေနှင့်သနည်း။

အနောက်တိုင်းမှ အထက်တန်းစား မိန်းမတို့၏ နောက်မီးလင်းတတ်သော အော်ဂလီဆန်ဖွယ် ညဉ်ကို သူ့ဇနီး၏ အမူအရာတွင် သူအကဲခတ်၍မရ။ သူ .. သူမကို ဒါကြောင့် ချစ်ခဲ့သလား။ ဒီအချက်တွေကို သူကြိုသိခဲ့သလား။ ဒီအချက်တွေမရှိတော့ရင် သူမကို သူမချစ်တော့ဘူးလို့ ဆိုလိုရာ ရောက်ပါသလား။

ဆိုလိုရာရောက်သည်ဟုလည်း မဖြေနိုင်။ မရောက်ဘူးဟုလည်း မပြောနိုင်။ လူ့ခံစားချက်မှာ အကြောင်းပြချက်တွေမှ မရှိပဲ။ ခံစားချက်တွေကို အကြောင်းပြဖို့ ဘာကြောင့် ကြိုးစားနေဦးမလဲ။

သူ့ပါးစပ်က သွားရည်တွေကို တယုတယ သုတ်ပေးရင်း "ဒါလင် ရှူရှူးပေါက်ဦးမလား " ဟု ဇနီးသည်က မေးသည်။

"နိုး..နိုး မပေါက်ချင်သေးပါဘူး ဒါလင်။ ကိုယ်ဒီလောက် မမာမချာ မဖြစ်သေးပါဘူး။ ဒါတွေကို ကိုယ့်ဖာသာလုပ်နိုင်ပါတယ် ကွာ ။ ဒါလင်လည်း ပင်ပန်းသွားပြီ။ သွား..အနားယူလိုက်ဦးနော်။"

"အို ဟုတ်ပါလေရဲ့။ ကျမနားလည်ပါတယ်။ ကြည့်စမ်းပါဦး။ ရှင့် လက်ချောင်းတွေ အားတွေပြည့်လာလိုက်တာ။ တော်တော် သန်လာပြီပဲ။ ကျမရဲ့လက်ခလယ်ကို ညှစ်ကြည့်ပါဦး။ အင်းဟုတ်ပြီ။ နောက်တစ်ဖက်။"



(၅)
သားငယ်က စာအုပ်ပုံကြားထဲက လက်မထောင်ပြသည်။ သူလိုချင်တာ ရှာတွေ့ပြီဆိုတဲ့သဘော။ ဇနီးသည်က နားနားကပ်လျက် တီးတိုးပြောသည်။

"ဒါလင်ပြောမှ Huntington disease ကို ကျမစဉ်းစားမိတာ။ လုပ်ပါဦး ဒါလင်။ ဒါလင်ဘာကြောင့် အဲဒါကို ထင်ရသလဲ။ အဲဒီအကြောင်း နည်းနည်းပြောပါဦး။"

ဦးနှောက်ဖောက်စားသည့် သဘော။ ဒါပေမဲ့ ဦးနှောက်ဖောက်စားတာကို သူသဘောကျပါသည်။ သူ့ဗဟုသုတတွေကို အလောတကြီး ပြောပြနေမိသည်။ သူမကို မှီခိုနေရသည်ဆိုသော အတွေး ခေတ္တမေ့သွားသည်။ မပီမသသော သူ့စကားလုံးများကို သူမက ဂရုစရိုက် နားထောင်နေသည်။

အထီးကျန် လူသားသည် အဖော်သာရှိလာလျှင် သမုဒ္ဒရာကြမ်းပြင်အောက်မှာ အောက်ဆီဂျင်ဘူးမပါဘဲ လမ်းလျှောက်ဖို့ မိုက်မဲမည့် တစ်မျိုးတည်းသော သတ္တ၀ါ ဖြစ်ပါသည်။


(၆)

ကတ္တီပါအနားကွပ်သော ဖျာပေါ်တွင် သူ့ကိုယ်တစ်ခြမ်းက လက်နှီးစုတ်တစ်ခုလို ပုံလျက်သားကျနေသည်။ သူ၏ကောင်းသော လက်တစ်ဖက်က အနားစုတ်နေသော တစ်နေရာမှ ဖျာစတစ်ခုကို ချိုးယူလိုက်နိုင်သည်။ ဖျာစကို သူ့ပါးစပ်ထဲထည့်ကာ ၀ါးရင်း သားငယ်ဖတ်ပြသော ပုရွက်ဆိတ်ဋီကာကို နားထောင်၏။

သားငယ်စာဖတ်ပြခြင်း အဆုံးမှာ ဖျာစကို ထွေးထုတ်ရင်း သူရေရွတ်သည်။ သားငယ်က မကြားလိုက်၍ ထပ်မေးသည်။

..သြော်..

ကတ္တီပါအနားလည်း

ဆွေးရဦးမှာပဲ ...

5 comments:

LittLe bIrD said...

ဆွေးဆိုလို့ နာ့ အကိုကြီးဘာတွေများဆွေးရဲလို့ လာကြည့်တား)

ကော်ဖီ နှင့် မှတ်စု said...

ရောက်ခဲ့တယ်။ ဒီလူနာက အကြောသေနေတာလား လေဖြတ်နေတာလား အစ်ကို။

နဲနဲဥာဏ်နိမ့်တော့ ခုံခုပြီး ဖတ်သွားတယ်။

:D

WWKM said...

အင်းးး ဒီကလေးကတော့ တော်ပြီးရင်းတော်ရင်းပဲ..လူကြီးသဘောမပေါက်အောင် ရေးတတ်တယ်. :D
ခေါင်းရှုတ်နေတာ ရှင်းမလားလို့လာမိပါတယ်.. အခုတော့ပိုဆိုးသွားပြီ။
ရော့..ဆေးလှုတ်သောက်. :P

ငှက်ငယ်လေးရေ...
မမလည်း ညီမလေးလို ထင်လိုက်မိတာပဲ.. :)

shae myanmar said...

လူတိုင်းညာတတ်သည် ။ ထို့ကြောင့် လူနာသည်လည်း ညာတတ်သည်။ လူနာရှင်သည်လည်း ညာတတ်သည်။

ညာတတ်တဲ့လူတစ်ယောက်ကျန်သေးတယ်ထင်တယ်။
ပထမ စာပိုဒ်အရ အားလုံး ၃ ယောက်လို့ထင်လို့ပါ။

mmtn (kalay) said...

ကိုအလှတရားရေ..ဥာဏ်သိပ်မမှီလို့ သုံးကြိမ်လောက်ဖတ်သွားတယ်။ သုံးကြိမ်မြောက်ဖတ်ပြီးတော့လည်း ရှင်းနေအောင်တော့ နားမလည်သွားဘူး။ ဒါပေမဲ့ အပိုဒ် (၂) က သားငယ်က ပုရွက်ဆိတ်အကြောင်း မေးတာနဲ့ အဖေရဲ့ အတွေးကို တော့ တော်တော် သဘောကျမိတယ်။