မနက်က သူငယ်ချင်းအဖေ ဆုံးသွားတယ်လို့ ကြားရတယ်။ လွန်ခဲ့တဲ့ လေးရက်လောက်က သူ့အဖေ ဆေးရုံတက်နေရတဲ့ အကြောင်းကို သူမဟုတ်တဲ့ အခြားသူငယ်ချင်းတစ်ယောက်က အကြောင်းကြားတယ်။ အစာအိမ်သွေးကြော ပေါက်တယ်လို့ ပြောတယ်။
Esophageal varices က ပေါက်တာဖြစ်ဖို့များတယ်လို့ ကိုယ့်ဖာသာ ပြင်တွေးလိုက်တယ်။ သွေးအန်တာက မရပ်မနား အများအပြားလို့ ဆိုတာကိုး။ အခုနပြောတဲ့ Esophageal varices (မြန်မာလို အစာရေမြို သွေးကြောထုံး) တွေက သွေးကြောပေါက်တာကို အရပ်ထဲမှာ အစာအိမ်သွေးကြောပေါက်တယ်လို့ပဲ ပြောကြတယ်။ သူက အဖြစ်များတယ်။ အသည်းခြောက်လာရင် ဒါမှမဟုတ် အသည်းကင်ဆာ ဖြစ်လာရင် အစာရေမြိုနဲ့ အစာအိမ်အစပ်ကြားက မမြင်ရတဲ့ သွေးကြော သေးသေးလေးတွေက ဖောင်းကားတင်းမာပြီး တီကောင်သာသာအထိ ကြီးထွားလာတယ်။ဒီကြီးထွားဖောင်းကားနေတဲ့ သွေးကြောတွေက ပေါက်ထွက်ဖို့ အခွင့်အလန်းများတယ်။ အသည်းခြောက်တာမျိုး ဖြစ်တဲ့လူတွေဟာ ကျန်တဲ့နည်းတွေထက် အဲဒီ နေရာက သွေးကြောတွေပေါက်လို့ သေဆုံးရတာကများတယ်။
ဒါပေမဲ့ အစာအိမ်အနာက တစ်ဆင့် အစာအိမ်အနောက်ဖက်က သွေးကြောကို လှိုက်စားပြီး သွေးကြောပေါက်တာလည်း ဖြစ်နိုင်သေးတယ်။ ဒါကိုလည်း အစာအိမ်သွေးကြောပေါက်တယ်လို့ ခေါ်ကြတာပဲ။ တူတာကတော့ မတူဘူး။ တခြားစီပဲ။
မနက်က သူငယ်ချင်းရဲ့အဖေ ဆုံးသွားတယ်လို့ သိလိုက်ရတော့ စိတ်မကောင်းတာနဲ့အတူ ထုံးစံအတိုင်း အချက်အလက်တွေ ပြန်မေးနေမိတယ်။ ကရုဏာမရှိဘဲ မေးနေတာတော့ မဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကိုယ်ကသိထားရမှ ထပ်ဆင့်အကြံပေးလို့ ရမှာကိုး။ အမေးခံရတဲ့ သတင်းပို့ပေးတဲ့ သူက အဲဒီဆုံးသွားတဲ့ ဦးလေးမှာ အသည်းရောင်အသားဝါ စီပိုးရှိတဲ့အကြောင်း ဒေါက်တာခင်မောင်ဝင်း နဲ့ပြနေရတဲ့အကြောင်း ပြောတယ်။ ဆုံးတဲ့လူကတော့ ဆုံးသွားပြီ။ စဉ်းစားစရာက ကျန်နေတယ်။
အသိမိတ်ဆွေတွေထဲက ဒီလိုနည်းနဲ့ ဆုံးသွားတာကို ကြားရတာ အခုနှစ်အတွင်း ဒီအဖြစ်အပျက်က ဒုတိယအကြိမ်ပဲ။ ပထမတစ်ဦးက ရှစ်တန်းတုန်းက ဆရာမ တစ်ဦး။ သူလည်း စီပိုးရှိတယ်၊ လင်ဇီးဘာညာလည်း သောက်တယ်၊ ဆရာဝန်လည်းပြတယ်၊ အစုံပေါ့၊ ဒီလိုပြနေရင်းနဲ့ပဲ အစာအိမ်သွေးကြောပေါက်တယ်ဆိုပြီး (အရပ်ကပေးတဲ့ ရောဂါနာမည်) ဆုံးသွားတယ်။
ဆရာမရဲ့မိတ်ဆွေ ဆရာမတစ်ဦး (သူငယ်ချင်းနောက်တစ်ဦးရဲ့ အဒေါ်)မှာလည်း စီပိုးရှိနေတယ်လို့ ဆိုတယ်။ ဒါနဲ့ နောက်,နောက်သော သူငယ်ချင်းတစ်ဦးရဲ့ အဘွား အသည်းကင်ဆာ နဲ့ဆုံးသွားတယ် ဆိုတာကို သတိသွားရတယ်။ အဲဒီအဘွားလည်း စီပိုးပဲ။ အဲဒီ နောက်နောက်သော သူငယ်ချင်းရဲ့ မောင်မှာလည်း စီပိုးရှိနေတယ် ဆိုတယ်။
အဲဒါနဲ့ ရူပဗေဒဘွဲ့ရ၊ ဂျီတီအိုင် နည်းနည်းတက်ဖူးပြီး၊ သဘောင်္သားလုပ်နေတဲ့ ညီအစ်ကိုလိုကောင် မြို့ပြန်သွားတယ် ကြားတော့ လှမ်းမေးလိုက်တယ်။ "ငါတို့မြို့က စီပိုးနဲ့ဘီပိုးရှိတဲ့လူ တော်တော်များနေတယ်၊ မင်းသိသလောက် ပြောစမ်းပါ"လို့ဆိုတော့ "အေးကွ ၄၀ ရာခိုင်နှုန်းလောက်တောင် ရှိမယ် ထင်တယ်" ဆိုပြီး ဟိုလူတွေ ဒီလူတွေ ရှိနေတယ်လို့ သူသိရသလောက် ပြောပြတယ်။
၄၀% ဆိုတာကတော့ များလွန်းတယ်၊ မဖြစ်နိုင်ပါဘူး။ ၄၀ ရာခိုင်နှုန်းသာဆိုရင် လူဆယ်ယောက်ထိုင်နေရင် လူလေးယောက်က စီသို့မဟုတ်ဘီ ပိုးရှိရမှာကိုး။ ဒါက (ဆရာ)မေ့ဆေးစိုးမြင့် ရေးတဲ့ "အာဖရိကရောက် မြန်မာတစ်ယောက်"စာအုပ်ထဲကလို နမီးဘီးယားမှာ HIV ပိုး ၃၀ ရာခိုင်နှုန်းရှိတာနဲ့ သွားတူနေတယ်။ လူဆယ်ယောက်ထိုင်နေရင် သုံးယောက်မှာ HIV ပိုးရှိတယ်လို့ သူရေးဖူးတယ်။ နောက်တော့ အဲဒီမှာ HIV ပိုးရှိတာဟာ မဆန်းတော့ဘူးတဲ့။ ပိုးရှိသူကိုလည်း အိမ်ထောင်ပြုကြ လက်ထပ်ကြတာပဲတဲ့။
၄၀ % ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပေမဲ့ စီပိုးနဲ့ဘီပိုးရှိနေတဲ့သူ တော်တော်များတာကတော့ အသေအချာပဲ။ အကြောင်းရင်းကို စဉ်းစားနေတုန်း မြို့မှာ အရင်က ခဏခဏ ရေကြီးတတ်တော့ ရေကြောင့်ကူးတာနဲ့ တူတယ်လို့ သူငယ်ချင်းက လုပ်သေးတယ်။ အဲဒါနဲ့ ပိတ်ဟောက်လိုက်ရတယ်။ ဘီပိုးနဲ့စီပိုးဟာ ရေက မကူးစက်တတ်တာကို မသိဘဲ B.Sc ဘွဲ့ကို ယူခဲ့သေးတယ်လို့။ (ဘာရယ်မဟုတ်ပါဘူး စိတ်ထဲထိထိခိုက်ခိုက် စွဲသွားအောင် နှိမ်လိုက်တာပါ။)
ဒါဖြင့်ဘယ်ကဘယ်လို ကူးစက်နေတာလဲ။ ဘီပိုးဆိုရင်တော့ ရေသောက်တဲ့အခါမှာ ဖန်ခွက်တစ်ခုတည်းသုံးမိလို့ သွားရည်က တစ်ဆင့်ကူးတာလည်း ဖြစ်နိုင်သေးတယ်။ အိမ်သားအချင်းချင်း ကူးတာတွေပေါ့။ ဒါကတော့ ဒုတိယအဆင့်ကူးတာမျိုး ဖြစ်နေတယ်။ သေချာတဲ့ ကူးစက်နည်းမဟုတ်ဘူး။ စီပိုးက ဒီနည်းအတိုင်း ကူးမှမကူးနိုင်တာ။ စီပိုးက တံတွေးကမကူးဘူး။ ဒါဖြင့် ဒီလောက်များများနဲ့ ထိထိရောက်ရောက် ပြန့်ပွားနိုင်လောက်တဲ့ နည်းလမ်းကဘာလဲ။
ဘီကတော့ လိင်ကတစ်ဆင့် ကူးတယ်။ ကွန်ဒုံးကို လှိုင်လှိုင်မသုံးနိုင်ခဲ့တဲ့ ခေတ်က ပိုးတွေအကူးစက်ခံခဲ့ရသလားလို့ စဉ်းစားစရာရှိပါတယ်။ ဒါပေမဲ့ စီပိုးက လိင်ကကူးစက်နိုင်တာ နည်းနည်းပါးပါးပဲ ရှိတာ ဖြစ်တဲ့အတွက် ဒီနည်းနဲ့သာဆိုရင် စီပိုးအကူးစက်ခံရသူ ဒီလောက် များများပြားပြားရှိမယ် မထင်ဘူး။ ဒါမှမဟုတ် ဒီဝန်ဆောင်မှုကို အသုံးချတဲ့လူတွေထဲမှာ အပျိုကြီးတွေလည်း မပါနိုင်ဘူးလို့ တွက်ဆထားတယ်။
သွေးကကူးတာကရော။ သွေးက ဘယ်ကနေဘယ်လို ဒီလူနာတွေဆီ ရောက်လာရသလဲ။ မုတ်ဆိတ်ရိတ်တာတို့ tattoo ထိုးတာတို့များလား။
တစ်အိမ်တည်း အတူနေတဲ့ ညီအစ်ကို မုတ်ဆိတ်ရိတ်ဓားကို မျှဝေသုံးစွဲတယ် ဆိုတာမျိုးကတော့ ဟုတ်ချင်ဟုတ်မယ်။ အပြင်က လူနဲ့မျှသုံးခဲ့တာကတော့ ဟုတ်မယ် မထင်ဘူး။ အရင်က ပွဲဈေးတန်းမှာ တက်တူးထိုးပေးတာတွေ ရှိတာကို တရားခံရှာရမလိုဖြစ်နေတယ်။ မူးယစ်ဆေးဝါးကို အကြောထဲထည့်ထိုးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါလည်း သိပ်မခိုင်မာလှဘူး။ သွေးကြောထဲ သွင်းရလောက်တဲ့ မူးယစ်ဆေးဝါးမျိုးကို ကိုယ့်ရဲ့ မြို့မှာသုံးဖို့မလွယ်ဘူး။ သူတို့သုံးနေကြတာက သောက်ဆေး ငုံဆေးတွေပဲ။ သွေးကြောထဲသွင်းရတဲ့ ဆေးမျိုးက ၀ယ်ဖို့လည်းခက်တယ်။ ပိုက်ဆံလည်း ကုန်တယ်။
နောက်တစ်နည်းကတော့ သွေးသွင်းတာနဲ့ ဆေးထိုးအပ်အပါအ၀င် ဆေးရုံပစ္စည်းတွေကနေ ကူးတာပါ။ ၁၉၉၀ မှာ နိုင်ငံတကာအနေနဲ့ effective bloodscreening for virus (ဗိုင်းရပ်စ်အတွက် အလှူခံထားတဲ့သွေးတွေကို ထိထိရောက်ရောက် စစ်ဆေးတဲ့နည်း) ပေါ်လာတဲ့ အတွက် သွေးသွင်းပြီးတဲ့နောက် အသည်းရောင်ပိုးကူးတာကို (၁၉၉၀မှ ၁၉၉၃အတွင်း) ၅%နှုန်းလျှော့ချနိုင်ခဲ့တယ် လို့ဆိုတယ်။ ဒါက သူများနိုင်ငံက အခြေအနေ။ သွေးသွင်းတာက ကူးဖို့ကျတော့ တစ်မြို့လုံးအတိုင်းအတာနဲ့ သွေးလည်း သိပ်သွင်းရတာမဟုတ်လို့ ဒီအဖြေကို သိပ်သဘောမကျဘူး။
တစ်ခုသွားသတိရတာရှိတယ်။ ကျွန်တော်တို့ လေးငါးတန်းလောက်အထိ ဆေးထိုးခံရရင် တစ်ခါသုံးအပ်မရှိခဲ့ဘူး။ ဆေးတစ်ခါထိုးပြီးတိုင်း အပ်နဲ့ အဲဒီဖန်ပြွန် syringe ကို ရေနွေးနဲ့ပြုတ်ပြီး ထပ်ထပ်ပြီး ပြန်ပြန်သုံးတယ်။ မြန်မာလူမျိုးကလည်း အအေးမိနှာစေးတာကအစ ဆေးထိုးဖို့ပူဆာတတ်တာဆိုတော့ ဆရာဝန်ပဲဖြစ်ဖြစ် အပ်ပုန်းပဲဖြစ်ဖြစ် လူနာကသာ အိမ်ကြွပါလို့ လာပင့်ရင် ဆေးတစ်လုံးလောက်ဖြစ်ဖြစ် ကောက်ထိုးပစ်ခဲ့တာပါပဲ။ ထိုးပြီးရင် အိမ်က ရေနွေးလေး တည်ထားတာရှိတယ်။ ဇလုံလေးတစ်ခုထဲကို ရေနွေးထည့်ပြီး အဲဒီဆေးထိုးအပ်ရော ပြွန်ရောထည့်ပြီး စိမ်လိုက်တယ်။ အဲဒါကို ပြုတ်တယ်လို့ ပြောလိုက်တယ်။ ပြီးတော့ အဲဒီအပ်ကို ပြန်သုံးတယ်။
ဒီအခြေအနေက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ဝန်းကျင်က မှတ်မိတဲ့ အပိုင်းအစလေးတစ်ခု။ အခုခေတ်မှာ ဘယ်လိုတွေ လုပ်နေကြသလဲတော့ မပြောတတ်ဘူး။ လူထုကြားထဲ ထဲထဲဝင်ဝင် ဆင်းပြီး စပ်စုတဲ့လူမှ ပဲပြောတတ်မယ်။ လီနင်မော်စီတုန်း သမားတွေ လေထွားထွားနဲ့ ပြောသလို ပြည်သူ့အတွက်ဆရာဝန် ပေါ့လေ။ အဲဒီလိုစပ်စုတဲ့လူမျိုးတွေ လိုတာတော့ အမှန်ပဲ။ အခုခေတ်မှာ အကြောဆေးထိုးတာ ခေတ်စားနေတာလောက်တော့ သတိပြုမိတယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုက မသန့်မပျံ့ဆေးထိုးခဲ့တာတွေက ဒီခေတ်မှာ စီပိုးအနေနဲ့များ လာဒုက္ခပေးနေသလားလို့ ဟိုက်ပိုသီးဆစ်ထုတ်မိတယ်။
တင်ပါးပဲဖြစ်ဖြစ် လက်ကသွေးကြောထဲဖြစ်ဖြစ် ဆေးထိုးအပ်တစ်ချောင်းဝင်သင့်တဲ့ အခြေအနေဟာ အင်မတန်နည်းပါးပါတယ်။ ဆိုလိုတာက မ၀င်သင့်ဘဲ စိတ်ချမ်းသာအောင် placebo အနေနဲ့ အပ်နဲ့ထိုးခဲ့တာတွေက ဒုက္ခပေးနေတယ်နဲ့ တူပါတယ်။
သုတေသန လုပ်သင့်ပါတယ်။ ရမ်းပြောဖို့ မသင့်ပေမဲ့ ဟိုက်ပိုသီးဆစ်လို့ပဲ သဘောထားကြည့်ရင် ၁၉၉၀ နောက်ပိုင်းမွေးတဲ့ကလေးတွေမှာ စီပိုးဘီပိုးဖြစ်တာ နည်းမယ်လို့ ယူဆရတယ်။ အမေမှာ ပိုးရှိပြီး မီးဖွားစဉ်မှာ ကလေးဆီ မကူးစက်ခဲ့ဘူး ဆိုရင်ပေါ့။ မြို့က တစ်ချို့ပြောသလို အများသုံးရေကို ဓာတ်ခွဲကြည့်ပြီး Arsenic များတယ်ဆိုတာတို့ ရေခဏခဏကြီးလို့ အသည်းရောင်တယ်ဆိုတာတို့ နဲ့လျှောချလိုက်တာကတော့ ဘီနဲ့စီအတွက် တော်တော် ရယ်စရာကောင်းတယ်။
အခုလည်း တစ်ခါသုံးအပ် သုံးတဲ့ခေတ်မှာ ဆိုပေမဲ့ တရားမ၀င် ခွဲစိတ်ခြင်းတွေ ရှိသေးတယ်။ သားကြောဖြတ်တာကအစ အိမ်မှာ ယောကျာ်းရဲ့ သုက်ကြောကို ဖြတ်တာမျိုး မြင်ဖူးပါတယ်။ အဲဒီကိရိယာတွေကို ဘာလုပ်သလဲ။ ရေနွေးနဲ့စိမ်ပါတယ်။ တောသာသာ မြို့မှာက သာမန်ဆေးခန်းတွေမှာက ရေနွေးနဲ့ပြုတ်တာပဲ တတ်နိုင်မှာကို ဘာမှအပြစ်မဆိုချင်ပါဘူး။ ဒါပေမဲ့ ပြုတ်ဖို့ဖြစ်ပါတယ်။ စိမ်တာနဲ့ ပြုတ်တာက လုံးဝမတူတာကို မသိတာက အခက်ကြီး ခက်တယ်။
မြို့က ဆေးရုံကြီးမှာတောင် autoclave နဲ့ပေါင်းထားတဲ့ဟာတွေကို အသေးစားခွဲစိတ်မှုတွေမှာ သုံးနိုင်မယ်မထင်ဘူး။ ကျွန်တော်တို့လည်း မရှိတဲ့နေရာမှာ အသေးစားခွဲစိတ်မှုဆိုရင် ရေနွေးနဲ့ ကျကျနန ပြုတ်တယ်။ ပြုတ်ထားတဲ့ ကိရိယာတွေကို Oven ထဲ ထည့်ပေါင်းပြီး ပြန်သုံးရတာပါပဲ။ ဒါက ကျကျနန ဆိုတဲ့ စကားလုံးကို သတိရရင် စိတ်ချရပါတယ်။ အချို့ကျတော့ ကျကျနနလုပ်တာ မရှိဘူး။ ပြီးပြီးရောလုပ်ပစ်လိုက်တယ်။ ဂရုတစိုက်ကြပ်ကြပ်မတ်မတ် မလုပ်တော့ အန္တရာယ်များပါတယ်။ တောဘက်က အချို့သော အကျင့်တွေက ဆေးပညာဘွဲ့မရဘဲနဲ့ လက်စွမ်းပြချင်တာရယ် နာမည်ရချင်တာရယ်တွေ ရှိနေတယ်။ ဆေးပညာဘွဲ့ရတဲ့ ပုဂ္ဂိုလ်တွေကတော့ တောဘက်မှာ အလုပ်မ၀င်တော့ဘူး။ လခနည်းတာရယ် အကြောင်းကြောင်းရယ်ကြောင့် ။ ဒီတော့ ကျကျနန မလုပ်တတ်တဲ့လူတွေက စွန့်စားပြီး ဆေးကုပေးနေတာကို ကျေးဇူးတင်ရမလို ဖြစ်တယ်။
ဘီပိုးက ၈၀ ရာခိုင်နှုန်းလောက် အလိုအလျောက် ပျောက်နိုင်သေးတယ်။ စီပိုးကျတော့ သေချာပေါက်နီးပါးပဲ အသည်းကင်ဆာအထိ ဇာတ်ပြောင်းသွားတယ်။ ကုလို့ မရဘူးလားဆိုတော့ (ဆရာ)ဒေါက်တာခင်မောင်ဝင်းတို့ကတော့ ဒီပိုးနှစ်ခုလုံးကို interferon နဲ့ ကုနေတယ်။ မပျောက်ဘူးတော့မဟုတ်ဘူး။ တစ်ဦးနဲ့တစ်ဦး အခြေအနေမတူတော့ ကုလို့မရတဲ့လူတွေ၊ ကုလို့အကျိုးမရှိတဲ့ လူတွေ၊ ကုလို့မထူးတဲ့လူတွေ၊ ကုလို့အကျိုးယုတ်သွားမဲ့လူတွေ လည်း ရှိတယ်။
ဒီပိုစ့်က အချက်အလက် အစုံအလင်ပေးမဲ့ ပိုစ့်မဟုတ်ပါဘူး။ စဉ်းစားစရာပေးဖို့ ကမန်းကတမ်းရေးရတဲ့ပိုစ့်ပါ။ သတိပေးချင်တာလည်း ပါပါတယ်။
နာမည်ကျော်အင်တာဖရွန်နဲ့ ပတ်သက်ရင်တော့ ပျောက်ဖို့သေချာသလောက်ရှိမှ ကုချင်တယ်လို့ ဆရာဒေါက်တာ ခင်မောင်ဝင်းတို့က ပြောဖူးတယ်။ အချို့လူနာတွေကျတော့ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာဖြစ် ကုမယ်လို့ လုပ်တာလည်း ရှိတော့ မလိုအပ်ဘဲ ဆေးပေးလိုက်ရတာတွေ ရှိပြီး အသေစောကုန် ပြန်တယ်။
အသက်ရှည်သင့်သလောက် မရှည်ရတဲ့ အကြောင်းကတော့ အတိုင်းအရှည်ကို မသိလို့ပါပဲ။ မလိုအပ်ဘဲ ဆေးထိုးခြင်း ဆေးသောက်ခြင်းများလုပ်ခြင်းနဲ့ လိုအပ်ရဲ့သားနဲ့ ဆေးထိုးဆေးသောက် မလုပ်တာကြောင့် အသေစောရတယ်။
ခုနက တောင်တောင်အီအီတွေ ရေးထားတာတွေက ပြုလိုသေးတဲ့သုတေသန(၂)ပါ။ အကြားအမြင်များ၍ မင်္ဂလာရှိကြစေကုန်သတည်း။

2 comments:
မှတ်သားစရာပါပဲဗျာ... မသိသေးသူတွေ အတွက် အလွန်ပဲ တန်ဖိုးရှိပါတယ်။
ရေနွေးနှင့်ပြုတ်တာနှင့် စိမ်တာ ကွာခြားမှုရှိမှန်းကို အခုဒီစာဖတ်မှဘဲ သတိထားမိပါတယ်။
များသောအားဖြင့် အိမ်ပင့်လို့  အိမ်မှာလူနာကို ဆေးထိုးပေးကြတဲ့အခါမှာ ဆရာဝန်တွေဟာ ရေနွေးနှင့် အပ်တွေကို စိမ်လိုက်ကြတာကိုဘဲ အတွေ့ များပါတယ်။ အင်း.....စဉ်းစားစရာတွေဘဲဗျာ။
Post a Comment