တည်တောဆရာတော်၏သတိပေးသြ၀ါဒ အချို့

"ထေရ၀ါဒသာသနာတော်ဟာ ဘုရားဟော ပါဠိတော်နှင့် ရှေးဆရာများ ဖွင့်တဲ့အဋ္ဌကထာ၊ အဲသည်ဟာတွေကို မြဲမြဲဆုပ်ထားတဲ့ သာသနာဖြစ်တယ်။ ပါဠိတော်က လာတယ်ဆိုရင် ခံငြင်းဖို့ မပြင်ဆင်ရဘူး၊ အရှိကို အရှိအတိုင်း မှတ်ရမယ်၊ အကယ်၍ ရှုတ်ထွေးလာခဲ့လျှင် မဟာပဒေသ လေးပါးနှင့် ဝေဖန်ယူရမယ်၊ မဟာပဒေသလေးပါးဆိုတာ လောကယုတ္တိနဲ့ ညှိနှိုင်းဝေဖန်တာ မဟုတ်ဘူး.. ကျမ်းလာစကားနဲ့တိုက်ဆိုင်ပြီး ယူရတာကို ဆိုလိုတယ်။ (အင်္ဂုတ္ထိုလ် အဌ၊ ၄၈၆၊ ၄၈၉)"



"အကယ်၍ ကျမ်းလာစကားနဲ့ မတိုက်ဆိုင်ဘဲ လောကယုတ္တိနဲ့သာ တိုက်ဆိုင်ယူရမယ်ဆိုရင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေဟာ ဘယ်မှာကျန်တော့မလဲ၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေဟာ ကျန်ပါဦးမလား၊ ၅၅၀-နိပါတ်တော်တွေ၊ ဓမ္မပဒ ၀တ္ထုတွေဟာလည်း ယုတ္တိစားတာနဲ့ ကုန်သွားလိမ့်မယ်..ဒါကြောင့် ထေရ၀ါဒဂိုဏ်းရဲ့ မူအရ ပြဿနာတစ်ခု ဖြစ်ပေါ်လာလျှင် ကျမ်းများက ဘယ်လိုဆိုသလဲဆိုတာ ကျမ်းဂန်နဲ့ စီစစ်သင့်တယ်၊ နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်အဖွဲ့များ ဖွဲ့ပြီး ဓမ္မ- အဓမ္မအဆုံးအဖြတ်ပေးနေ တာဟာလည်း ယုတ္တိနဲ့ အဆုံးအဖြတ်ပေးနေတာ မဟုတ်ဘူး၊ ကျမ်းဂန်နဲ့ ညှိနှိုင်း တိုက်ဆိုင်ပြီး အဆုံးအဖြတ် ပေးနေခြင်းဖြစ်တယ်။ အကယ်၍ ကျမ်းဂန်အဆိုကို မကြိုက်ဘူး၊ ယုတ္တိယုတ္တာတွေနှင့် စိစစ်ချင်ပါတယ်ဆိုရင် ထေရ၀ါဒ အတွင်းမှာ မနေဘဲ မဟာယန ဂိုဏ်းအတွင်း ၀င်ရောက်ဖို့ပဲ ရှိတယ်ကွဲ့..."

"သည်လိုဆိုတော့ ထေရ၀ါဒဆိုတာ ကျမ်းလာစကားမှန်သမျှ မျက်စိမှိတ်ပြီး ယုံရမယ်၊ မစစ်ဆေးရဘူးလို့ မဆိုလိုပါဘူး.. စစ်ဆေးနိုင်ပါတယ်..သို့သော်လည်း ကျမ်းပြုပုဂ္ဂိုလ်ရဲ့ဉာဏ်နဲ့ မိမိရဲ့ဉာဏ် အဆင့်အတန်းချင်း တူမတူ ရှေးဦးစွာ သိထားရမယ်။ ကျမ်းပြုပုဂ္ဂိုလ်ကို ဗုဒ္ဓမတညူလို့ ချီးကျူးကြရတယ်။ ဘုရား အလိုတော်ကို သိတယ်ပေါ့.. ဒီလို ဘုရားအလိုတော်ကို သိမြင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ယူဆချက်ကို ကိုယ်တိုင်ယူဆချက်နဲ့ မတူရုံနဲ့ ပယ်ချဖို့ မသင့်သေးဘူး၊ မိမိက ကျမ်းပြုပုဂ္ဂိုလ်ရဲ့ အယူအဆကို မီအောင် လေ့လာရမယ်.. ဆိုလိုတာက ကျမ်းဂန်ဘက်က ရပ်တည်ပြီး အဖြေရှာရမယ်၊ ကျမ်းဂန်ကို ပုတ်ခတ်ပြီး အဖြေမရှာကောင်းဘူး။ ကျမ်းဂန်ကို ပုတ်ခတ်ပြီး အဖြေရှာခဲ့ရင် ဗုဒ္ဓသာသနာကြီး ကွယ်သွားတတ်တယ်.."

နိုင်ငံတော်သြ၀ါဒါစရိယ
မြန်မာစာသြ၀ါဒါစရိယ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး
ယနေ့ ဗုဒ္ဓ၀ါဒ ဆိုင်ရာ အမေးအဖြေများ


Source:http://tknn.org/index.php?topic=261.0 သီတဂူဦးဇင်းလေး (http://sbay-student.co.cc/)

4 comments:

Anonymous said...

ဆရာတော် သြ၀ါဒမှာ အင်မတန် လေးစားလိုက်နာဖို့ ကောင်းလှပါသည်။

အိမ် said...

မှတ်သားစရာများ လာရောက်မှတ်သားနာယူသွားပါတယ် ဗျာ

WWKM said...

ဘုရားရောင်ခြည်တော်ကွန့်မြူးနေတဲ့ပုံလေး ရှိရင်ပို့ပေးပါ။အစ်မ မောင်အောင်ဦးဆိုက်ဒ်မှာတွေ့လို့
တော့တောင်းထားပါသေးတယ်။သူက ဘန်နာနဲ့တွဲလုပ်
ထားတာဆိုတော့ အဆင်မပြေဘူး။အဲလို ပုံလေးဘလော့ဂ်မှာတင်ချင်လို့။

အမ်းမား

Anonymous said...

အော် ကောင်းလိုက်တဲ့ သြဝါဒ၊ မှတ်သားထားရမဲ့ အဆိုအမိန့်ပါပဲ