အေးအေးနေတာကြာတော့ စာရေးဆရာ ကိုသော်တာ တစ်ယောက် လောကဓာတ်ကြီးတစ်ခုလုံးကို သူ့လို ခပ်အေးအေးပဲရှိမှာဟု ထင်မိလေသည်။ ဒီတုန်း စာအုပ်သေတ္တာကို ပြန်လှန်ရင်း မဂ္ဂဇင်းဟောင်းတစ်ခုမှာ ဆရာမ မိနှောင်းရေးသော ကဗျာကလေး တစ်ပုဒ်ကို ဖတ်မိပြီးမှ အလန့်တကြားဖြစ်သွားရသည်။
ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်နေတုန်း နီရိုးဘုရင်က တယောထိုးနေသတဲ့။ ယခုလည်း မနက်ကပြောသော ပဲပြုတ်သည် ဒေါ်ထားရဲ့ စကားတစ်ခွန်းကြောင့် ကိုသော်တာ လိပ်ပြာမလုံဖြစ်ခဲ့ရသည်။
"ဆရာ လွှတ်လှက်ပြီး ကဗျာစပ် မနေနဲ့။ ကုသိုလ်ရေးလေး ဘာလေး လုပ်ဦး။ ကမ္ဘာက နေ့ပျက်မလား ညပျက်မလား မသိ။"
"ဗျာ"
ကိုသော်တာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီတင် ဒေါ်ထားအကွက်ထဲ သူဝင်သွားတာ သိလိုက်ရသည်။ နောက်ကျသွားလေပြီ။ ဒေါ်ထားက ကမ္ဘာပျက်ပုံကို သူကိုယ်တိုင် အင်္ဂလိပ်ဓာတ်ရှင်ကားထဲ ကြည့်ဖူးသည့်အတိုင်း မရပ်မနား ရှင်းပြလေသည်။ ကွက်စိပ်ဆရာ ကိုစော၏ အပြောလေးတွေနှင့် ဓမ္မကထိကဆရာတော် တစ်ပါး၏ သီချင်းကလေးတွေ ပါ ထည့်ထည့်ပြီး ပြောသွား ဟောသွားသဖြင့် နေအတော်မြင့်သွားသည်။
ဒီကိစ္စကို မသိရသဖြင့် အိမ်မှာ ကိုသော်တာ၏ ကျားကန်ထားရသော စာပေသြဇာ တော်တော်လေး ကျဆင်းသွားရသည်။
"ရှင်က ဒါတောင်မသိဘူးလား။ ဒီလောက် စာတွေ ဖတ်နေ၊ ရေးနေပြီးတော့။ " ဟု ဇနီးသည်က အငေါ်တူးသည်။
ကိုယ်လည်း နီရိုးလို ဖြစ်နေပြီလား။
"မဟုတ်သေးဘူး မိန်းမရယ် ဘယ်သူပြောတဲ့ စကားလဲ" ဟု ညောင်နာနာလေး ငြင်းမိတော့
"အို..စံဇာဏီဘိုက အစ လူတိုင်းပြောနေကြတာပဲ။ ခိုင်မာသလားတော့ မမေးနဲ့။ အင်တာနက်ထဲမှာကို ပါတာ"
အင်တာနက်ထဲ ပါလာတာဆိုတော့ ကိုသော်တာလည်း တော်တော်လေး ဖြုန်သွားရသည်။ အားငယ်သလိုလိုတောင် ခံစားရသည်။ "၀ီကီပိဒိယ တစ်ချက်လှန်လိုက်ရင် ဆောင်းပါးတစ်ပုဒ် ဖြစ်ကရော" ဟု သူငယ်ချင်းစာရေးဆရာတစ်ယောက် ပြောတာကို မှတ်သားရဖူးသည်။ အခုကိစ္စမှာ စံဇာဏီဘို ကိုယ်တိုင်က အင်တာနက်ထဲမှာ ဟိုရှာဒီရှာ လျှောက်ရှာပြီး ပြောထားတာဟုလည်း အတွင်းသိ အစင်းသိ လူငယ်ပိုင်းက အခိုင်အမာ အဆိုရှိကြသဖြင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ အတော်လေး တုန်လှုပ် မိလေသည်။
"ငါမရှိတော့ရင် မင်းနဲ့ကလေးတွေနဲ့ ဘယ်လိုနေကြမလဲ မိန်းမရယ်"
"ဒီမယ်ရှင့်။ ရှင်ရူးနေလား။ ကမ္ဘာပျက်ပါတယ်ဆို ဘယ်သူက လွတ်မှာတုန်း။ စာရေးဆရာပီပီ အပိုတွေ စိတ်ကူးယဉ်ပြီး ပြောမနေနဲ့။ နောက်ပြီး ဒီညနေ ရှင့်သူငယ်ချင်းတွေဆီ သွားမယ်စိတ်မကူးနဲ့။ ဘုရားသွားရမယ်။ ကမ္ဘာကြီးက ပျက်ခါနီးနေပြီ။ ရှင်က အပေါင်းအသင်း အကြောင်းပြပြီး အရည်လေး တမြမြနဲ့။ အရင်တုန်းကတော့ ဝေးသေးလို့ မပြောသေးဘူး။ ခုတော့ ကမ္ဘာပျက်ဖို့က သိပ်လိုတော့တာ မဟုတ်ဘူး။ လျှော့ရင်လျှော့ မလျှော့ရင် ရှင်အပါယ်လားမှာ မြင်ယောင်သေးတယ်။ ကျွန်မလို သူတော်ကောင်းမနဲ့ရတာ ရှင်ကံကောင်းတယ်မှတ်။ တစ်နေ့တစ်နေ့ အ၀ိဇ္ဇာနဲ့ မောဟနဲ့။ သြဃလေးဖြာထဲမှာ တ၀ဲလည်လည်။ ၀ိပဿနာကို တစ်ခါမှ လုပ်တယ် မရှိဘူး။ ဘာတဲ့ အာသေ၀နာစဗာလာနံ တဲ့။ ပဏ္ဍိတာနဉ္စသေ၀နာ တဲ့။ ရှင့်ကို ဒီလိုတစ်ခုချင်း လိုက်ပြောပေးနေမှ ရတယ်။ "
ဟု တရစပ်ကြီး ဆုံးမသဖြင့် ကိုသော်တာ တစ်ယောက် ခေါင်းမွှေးကလေးကို ပွတ်ရင်း မျက်နှာငယ်လေးနှင့် ဖြစ်နေရသည်။
"အေးပါကွာ။ ပိုကျိန်းသေအောင် တာဆုံက မိုးလက်ဖက်ရည်ဆိုင်မှာ သွားစုံစမ်းလိုက်ပါ့မယ်။" ဟု မရဲတရဲ အထွန့်တက်မိသည်။
"ဘာရှင့်။ ရှင်တို့ယောကျာ်းတွေများ တစ်ခုခုဖြစ်လာရင် စုံစမ်းရတာနဲ့။ စစ်ဆေးရတာနဲ့။ သဒ္ဓါတရားကို မရှိဘူး။ ဒီမယ် သွားချင်သွား၊ မသွားချင်နေ။ လက်ဖက်ရည်ဖိုးတော့ တစ်ပြားမှ မရဘူး။ ညနေအချိန်မီ ပြန်လာခဲ့။ လေတွေ တအားလွှတ်မနေနဲ့။ လူလေးစားတာ လျော့တယ်" ဟု အကန့်အသတ်နှင့်ပေးသော ခွင့်ပြုချက်ကို ရလေသည်။
လက်ဖက်ရည်ဆိုင်မှာ တက်သစ်စလေးတစ်ယောက်က မိနှောင်း ကဗျာသံတူကြောင်းကွဲလေးတစ်ခုကို လက်တမ်းစပ်ဆိုပြီး ကိုသော်တာကို ၀င်တွယ်သည်။
သောက်သုံးလည်းမကျ
ကမ္ဘာပျက်ခါနီး
ကဗျာစပ်နေတယ်
ငကြောင်။
ပြီးမှ"ကန်တော့နော် ဆရာ။ ကိုယ့်ဆရာမိုလို့ ကိုယ်စတာ။ ခင်လို့မင်လို့စတာပဲရှိတယ် မဟုတ်လား ဆရာရယ်။ မခင်ဘဲ မမင်ဘဲစတယ်ဆိုတာ ဆရာကြားဖူးလား" ဟု ဆိုလေသည်။
"ဟုတ်သေးဘူးဗျ။ ကျုပ်တော့ ဆရာဘိုကို သိပ်မယုံဘူးဗျာ။ ပြီးခဲ့တဲ့ နာဂစ်တုန်းကကျတော့ သုံးနှစ်လောက်ကြိုပြီး ဘာဟောကိန်းမှ ထုတ်ထားတာမရှိဘဲနဲ့"
ဟု ဆိုမိတော့ လူတိုင်းက သူ့ကို သနားသည့်မျက်လုံးဖြင့် ၀ိုင်းကြည့်ကြလေသည်။
"အခုကိစ္စက စံဇာဏီဘို အပြောတစ်ခုတည်း မဟုတ်ဘူးဗျ။ အင်တာနက်ထဲမှာကို ပါတာ။ အားတော့ နာတယ်။ ပြောရဦးမယ်။ ဒီတစ်ခါတော့ ဆရာ တယ်န,သွားပြီဗျ။ ဒီကိစ္စက သိပ္ပံပညာရှင်တွေနဲ့ ဘလောက်ဂါတွေ ကိုယ်တိုင်လက်ခံထားကြတာ။ ဆရာ့သူငယ်ချင်း အလှတရားဆိုတဲ့ ဘလောက်ဂါ ကတောင် ကမ္ဘာပျက်ခါနီး ဘာတွေလုပ်မယ် ညာတွေလုပ်မယ်ဆိုပြီး ပြောထားသေးတယ်။ နောက်ပြီး ဗြိတိသျှလို ရေးထားတဲ့ ဆောင်းပါးကို ကျနော် လိုလိုမယ်မယ် ကူးလာတယ်။ ဆရာတို့လို လက်ပေါက်ကပ်တဲ့ လူတွေကို ရှင်းပြရအောင်။ ဟောဒီမှာ ဟောဒီမှာ"
ဟုဆို၍ ကော်ပီတစ်ထပ်ကြီးကို ပြလေသည်။
လားလား။ အဟုတ်ကြီးပါ့တကား။ အင်္ဂလိပ်လို ဆောင်းပါးရှည်ကြီး တစ်ပုဒ်လုံးကို ပရင့်ထုတ်ထားတာ တွေ့ရသည်။ အင်္ဂလိပ်လိုတွေတော့ ခေါင်းရှုပ်ခံပြီး ဖတ်မနေတော့။ ဟုတ်မှာပါဟု ခေါင်းညိတ်လိုက်ပြီး ဗမာလိုထုတ်ထားသည့် ပရင့်တွေကို ကြည့်သည်။
ငယ်ငယ်က ကိုသော်တာနှင့် အတန်းတူတူတက်ပြီး စာစီစာကုံး အိမ်စာပေးလိုက်တိုင်း ကိုသော်တာကို မုန့်ကျွေးပြီး ကိုယ်စား ရေးခိုင်းတတ်သော (ယခုမှ အင်တာနက်ကို အလကားနီးပါးရတိုင်း နင်းကန်သုံးပြီး ဘလောက်ဂါလေး ဘာလေး လုပ်နေသည့်)အလှတရား ဆိုသည့်အကောင်ရေးသည့် ဟိုမကျဒီမကျ စာပိုဒ်ကလေးကို တွေ့ရသည်။ သူ့ဘာသာမေး၊ သူ့ဖာသာဖြေထားသည့် အင်တာဗျူးပုံစံ စာပေးစာယူ ဖောင်ကလေး ဖြစ်လေသည်။
ဒုန်းဒေးမေးဖြေ( Q and A about Doomsday)
(က)ကမ္ဘာပျက်ခါနီး ဘယ်သူနဲ့ ရှိချင်ပါသလဲ။
ကဗျာဆရာ ကိုသော်တာနဲ့ ရှိချင်ပါတယ်။ ဒီလူ အူကြောင်ကြောင်လုပ်တာ ထိုင်ကြည့်ချင်လို့။ ကမ္ဘာပျက်နေတုန်း ဒီလူ ဘာတွေကြောင်နေမလဲ ဆိုတာကို ကြည့်ရေးပြီး ဘလောက်ပေါ် တင်ထားရင် လွှတ်နာမည်ရမှာပဲ။
(ခ)ဘာတွေခံစားနေရမလဲ။
အထွေအထူးတော့ ခံစားရမယ် မထင်ဘူး။ ကိုယ့်ကမ္ဘာက ပျက်ခဲ့တာကြာပြီ။ (ဒါက သနားအောင် ရေးရတာ။ ဘလောက် ထုံးစံ)
(ဂ)ဘာတွေပြင်ဆင်ထားမလဲ။
အသေလှအောင် တရားလုပ်ပါ့မယ်လို့ ဖြေရပါမယ်။ (ဒါလည်း ထုံးစံပါ။)
(ဃ)၀မ်းနည်းမိမှာက
ဘလောက်ဂါတွေ ဆက်လက် အတင်းအုပ်လို့ မရတော့ဘူး။
(င)ကြောက်လန့်မိတာက
ပိုင်သွန်ဆိုတဲ့ ဗမာ့စပါးကြီးမြွေတွေ လွတ်လာပြီး ဟိုမြိုဒီမြို မြိုကုန်မှာ။
(စ)ဆောင်ထားချင်တာက
သားရဲတိရိစ္ဆာန်တွေကို ခြောက်လှန့်ရအောင် ဓာတ်မီးတစ်လက်။
(ဆ)တွေးမိတွေးရာအတွေး
အိမ်ထောင်မကျသေးဘူး။
(ဇ)ဂုဏ်ယူချင်တာက
အများထင်သလို ကမ္ဘာသူကမ္ဘာသားတွေ အချင်းချင်းသတ်လို့ မသေရဘူး။ ကမ္ဘာပျက်လို့ သေရတယ်။
(ဈ)ရှာကြံဖြေသိမ့်ချင်တာက
ဘာပဲဖြစ်ဖြစ် ရေးစရာတစ်ခုရတာပေါ့။
(ည)ကျူးရင့်ချင်တဲ့ ဥဒါန်း
ကမ္ဘာရေ နင် ကုန်အောင်ပျက်ရင်ပျက် ကုန်အောင်မပျက်လို့ ၂၀၁၂ မှာ ငါတစ်ယောက်တည်း ကျန်ခဲ့ရင် ဗေဒင်ဆရာတွေကို ဝေဖန်ပြီး စကြ၀ဠာမှာ နာမည်ကြီးအောင်လုပ်မယ်။
အောက်ကမှတ်ချက်မှာ ကိုသော်တာ နားမလည်သည့် တက်ဂ်ဆိုသော စကားကို တွေ့ရသည်။
(မှတ်ချက်။ ။ ဒေါ်နန်းဝါ၀ါမောင် တက်ဂ်သဖြင့် အလှတရား ရေးသည်။ တန်ဆောင်မုန်းလပြည့်နေ့။ )
နောက်တစ်ပါတ်လောက်နေတော့ အလှတရား ဖုန်းဆက်သည်။ ကိုသော်တာ ကမေးသည်။
"ဟကောင်။ နင်ကမ္ဘာပျက်မယ်ဆိုတာ ယုံလား။"
"အလကားပါကွာ။ လုပ်စားတာ။ ငါ့မှာ ရှင်းထားတာတွေရှိတယ်။"
"ဟုတ်လား။ နို့။ နင်ကိုယ်တိုင် ကမ္ဘာပျက်ရင် ဘာလုပ်မယ် ညာလုပ်မယ် ရေးထားပြီးတော့။ ငါအဲဒါဖတ်လိုက်ရတယ်"
"အေး။ ငါလည်း လုပ်စားထားတာ။"
မဟုတ်တာချည်း ရွေးပြောရရင် အလှတရားတို့ ထိပ်ဆုံးဗျား။
နီရိုး
အနုပညာဝါသနာပါတာတော့ မဖြစ်နိုင်ဘူး
တယောထိုးလိုက ထိုးစေ
ငကြောင်...။
(မိနှောင်း)

13 comments:
ဟိုး.. ဟိုး.. ဟား.. ဟား.. ဟေး.. ဟေး...။ မိုက်လှချည်လား ကိုကိုအလှတရားရယ်။
အနုပညာဝါသနာပါတာတော့ မဖြစ်နိုင်ဘူး
တယောထိုးလိုက ထိုးစေ
ငကြောင်...။
အဲဒီအပိုဒ်ကြီး ပိုသဘောကျတယ်။ စာတတ်တဲ့လူများရေးတော့ ပါးနပ်လိုက်တာ။ လမ်းဘေးဆိုက်ကားသမားရေးတဲ့ သရော်စာနဲ့ကွာပ..ကွာပ။ အဲဒါ ပညာပဲ။
ကိုအလှတရားရေ..
ကောင်းလိုက်တဲ့ သရော်စာဗျာ.. :)
"ဟုတ်သေးဘူးဗျ။ ကျုပ်တော့ ဆရာဘိုကို သိပ်မယုံဘူးဗျ။ ပြီးခဲ့တဲ့ နာဂစ်တုန်းကကျတော့ သုံးနှစ်လောက်ကြိုပြီး ဘာဟောကိန်းမှ ထုတ်ထားတာမရှိဘဲနဲ့" မှန်လိုက်လေဗျာ..။
ကိုမိုးမောင်ကြီး ပြောသွားတာလည်း မှန်တာပါပဲဗျို့..
“စာတတ်သူများရေးတော့ ပါးနပ်လိုက်တာ” တဲ့.. ဟုတ်ပါ့..။ ခုတလော ရေးနေကြတဲ့ ကမ္ဘာပျက်တဂ် သရော်စာ ဆိုတာတွေမှာ မလိုလားအပ်ပဲ စိတ်ဝမ်းကွဲစရာ ခပ်ရင့်ရင့်တွေ ဖတ်နေရတယ်..။
ဒီပိုစ့်လေး ဖတ်လိုက်ရတော့မှာ “သရော်စာဆိုတာ ဒါမျိုးကို ပြောတာ” လို့ ခေါ်ပြလိုက်ချင်စမ်းတယ်..။
ကျနော် ဒီဘလော့က စာတွေကို အကုန်လိုက်ဖတ်မယ်လို့ ခွင့်မတောင်းတော့ဘူးဗျာ.. ဖတ်တော့မယ်..း) လင့်လည်း ချိတ်လိုက်ပြီဗျာ..။
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
ကျေးဇူးပါဗျား။ အားလုံး။
ကျွန်တော်လည်း ဒီကိစ္စ ချဉ်နေတာကြာပြီ။ ဘာလက်ဆုပ်လက်ကိုင်၊ ဘာအထောက်အထားမှ မပြနိုင်တာကြီးကိုဗျ...နော့်။
ကိုယ့်ဆရာ သရော်စာလည်း ဖြစ်သကိုး
:)
ကောင်းမှကောင်း ဆို...
ကောင်းပါပေ့ ညီရာ..
ဟမ်းးး..ကျုပ်ကနှိပ်ကွတ်မလို့ကို သူများတွေက ချီး
မွမ်းသွားလိုက်ကြတာ.. မျက်နှာတောင်ငယ်သွားပြီ.
ဒီ ၂နှစ်အတွင်း မိန်းမရှာပေးမယ်.... တော်ကြာ..ကမ္ဘာမပျက်ခင် မိန်းမ မရလို့ အသေမဖြောင့်
ပဲ ဖြစ်နေဦးမယ်။
မထင်ဘူး..ရေးတတ်တယ်.ပြုံးပြုံးလေးနဲ့ဖတ်သွားတယ်.
မဟုတ်တာရေးရင် အလှတရားတို့ကထိပ်ဆုံးက.ဒီလိုလည်း တတ်သား.. ငကြောင်. :P
ကျေးဇူးစ်
အနုပညာက ဝါသနာပါတယ်..
မဓိပ္ပါယ်ကိုတော့ သေချာမသိဘူးဗျ.
တယောထိုးတာဆို တော့
အင်း... စဉ်ားစားစရာ ရသွားပြီး..
ဒီလိုသရောစာမျိုး ခုမှ ဖတ်ဖူးတာ အကိုရေ..
ကောင်းသဗျ..
လုပ်ပါအုံး အကိုရေ့.
စောင့်မျှော်လျက်ပါဗျ..
ခင်မင်လေးစားစွာဖြင့်
စည်သူ။
ဘလော့ဂ်ဂါထဲမှာမပြောနဲ့ စာရေးဆရာတွေထဲမှာတောင် သရော်စာဆိုတာမျိုးကတော့ လူတိုင်းရေးနိုင်တာမဟုတ်ပါဘူး ။ ( လူ အမြင်ကပ်လိုက ကပ်စေတော့ ပြောမိပြီ အဟတ် ။ ) မင်းလက်က ထွက်လာတာ သရော်စာစစ်စစ်ပါပဲကွာ ။
အထူးတလည် နှစ်ထောင်းအားရဖတ်သွားပါကြောင်း ။ တစ်ခုပဲ မင်းရဲ့ ကိုသစ္စာဆိုတဲ့ နာမည်နဲ့ဇာတ်ကောင်က ဆရာကံချွန်ရဲ့ နာမည်ကြီးပင်တိုင်ဇာတ်ကောင် ကိုသစ္စာဆိုတာနဲ့ တူနေတယ် ( အဲဒီဇာတ်ကောင်ကလဲ ဆရာကံချွန် သရော်စာတွေရေးရင် သုံးတဲ့ နာမည်ကြီးဇာတ်ကောင်ပဲ။) ။ မင်းရဲ့ ပရော်ဖက်ရှင်နယ်လ် စာတွေမှာ မသိလို့မှားတဲ့ အစွန်းအထင်းမပါစေချင်လို့ပါ ။ အဲဒါလေးသတိပြုမိဖို့ ပြောချင်တာပါ ။
စာကောင်းပေမွန်များဆက်လက်ရေးနိုင်ပါစေဗျာ။
ဘုရားဘုရား...အေး ပြောင်းလိုက်မကွာ။
ကမ္ဘာကြီးပျက်မယ်လို့ ရေးကြတဲ့ စာတွေ တက်ဂ်တွေ မှာ ဒီပို့စ်က အကောင်းဆုံးပဲ.. ပျက်ပျက် မပျက်ပျက် ကိုယ်နဲ့ မဆိုင်ပါဘူး.. သေကာမှ သေရော.. မပျက်လဲ သေမှာပဲ.. ပျက်လဲ သေမှာ.. မထူးဆန်းတာကို အထူးအဆန်းလုပ်နေကြတယ်.
အမြင်ကတ်အောင် ရေးသွားတယ်... :P
သို့
ဦးလေးအလှတရား
တူတော်မောင်လေးစားစွာစာရေးလိုက်ပါသည်။
ဦးလေး၏ latest post ကို ကျုပ်မြို့တက်တုန်း
ကော်နက်ရှင်အဆိုးများကြားမှ ဆိုက်ဘာကဖေးတစ်ခုတွင်
ဖတ်ရပါသည်။ ဦးလေးက သိပ်တော်တာပဲဗျာ။ ကိုယ့်ဦးလေးကိုယ် ချီးကျူးလို့ သူများတွေက ၀ိုင်းလှောင်ရင်လည်း ကျုပ်ဂရုမစိုက်ဘူး လေးလေး။
ကဲ..စာလည်းရှည်သွားပြီ။ ဒါပဲနော်။ ဦးလေး ကျန်းခန်းသာလို့မာပါစေ...
တူတောင်မောင်...
ကျော်ညိုသွေး
Mr.Guiter ရွာ
Myanmarbloggers.info ရပ်ကွက်။
ဒီပို့စ်ကို လွှတ်ကြိုက်တယ်ဗျာ..
ကောင်းပါ့..
Post a Comment