Saturday, 5 December 2009

မြစ်ကိုဖြတ်ကူးသူများ

မင်္ဂလာဒုံစစ်ဆေးရုံကြီး ဘေးနားက ရင်ခွဲရုံသည် ဖိုင်နယ်ပါ့တ်ဝမ်း ကျောင်းသားများအတွက် ရင်ခုန်ဖွယ် အတိပြီးသော အဆောက်အဦကြီး ဖြစ်ခဲ့ပါသည်။ ထိုနေရာ၏ ပညာရှင်ဆန်မှုများ၊ ထိုနေရာ၏ သည်းဖိုလှိုက်မောမှုများ၊ ထိုနေရာ၏ လက်တွေ့ကျမှုများ၊ ထိုနေရာ၏ ချုပ်တီး သည်းခံမှုများ၊ ထိုနေရာ၏ သံဝေဂလင်္ကာများ နှင့်အတူ ထိုနေရာ၏ ကြေကွဲဆွေးမြည့်မှုများ၊ ထိုနေရာ၏ ပေါက်ကွဲ ဖွင့်ထုတ်မှုများ ၊ ထိုနေရာ၏ ခါးသက် အေးစက်မှုများ၊ ထိုနေရာ၏ ခြောက်ခြားဖွယ် ဒဿနများ၊ ထိုနေရာက ပိုင်ဆိုင်ထားသော လူ့ခန္ဓာကိုယ်များ၏ အဟိရိက အငွေ့အသက်များကို ကျွန်တော်သည် ကျေးဇူးတင်ခြင်း ထက်ပိုသော ခံစားမှုဖြင့် မှတ်မိနေခဲ့သည်။ ကျွန်တော်တို့ ပထမဦးဆုံး ရင်ခွဲစစ်ဆေးသည့် လူနာမှာ အသက်လေးဆယ် အရွယ်ရှိ အမျိုးသားတစ်ဦး ဖြစ်ပါသည်။

ပထမဦးဆုံး ဓားချက်မတင်မီ သူ့ကိုယ်ပေါ်က အ၀တ်အစားများကို ဆရာနှင့် ဆရာ့လက်ထောက်တို့က ချွတ်ခွာလိုက်သောအခိုက်တွင် ကျွန်တော်သည် လူသားတစ်ဦးအပေါ် အဂါရ၀ပြုမှုအတွက် လိပ်ပြာမလုံ ဖြစ်ခဲ့မိသည်။ ကျွန်တော်သည် နှလုံးမခိုင်ကျည်သော စိတ်ကူးယဉ်သမား တစ်ဦးသာ ဖြစ်လေ၏။

လူသားတစ်ဦး ပိုင်ဆိုင်ခဲ့ဖူးသော ခန္ဓာကိုယ်သည် အနံတို၊ အလျားရှည်သော သံမဏိ ခေါက်ကုတင်ပေါ်တွင် ၀တ်လစ်စားလစ် လဲလျောင်းလျက်ရှိသည်။ စူးရဲသော မျက်လုံးပေါင်းများစွာက ထိုခန္ဓာကိုယ်ကို ၀ိုင်းဖွဲ့ကြည့်ရှုနေကြသည်။ ထိုအခိုက်အတန့်တွင်ရှိသော ထိုစူးရဲသော မျက်လုံးများ၏ အတွင်းတွင် ပညာကို ငတ်မွတ် လောင်ကျွမ်းနေသည့် နုပျိုသော မာန်မာနများကိုသာ ရှာ၍ တွေ့ရှိခဲ့လျှင် ယင်းသည် သဘာဝ ကျသော မြင်ကွင်းသာလျှင် ဖြစ်ပါသည်။ တနည်းအားဖြင့် သဘာဝကျလွန်းသည့် မြင်ကွင်းသာလျှင် ဖြစ်၏။

ဦးခေါင်းခွံကို မဖွင့်မီ ဆံပင်ပါသော ဦးရေပြားကို အရင်လှန်ရ၍ မျက်နှာပေါ် အုပ်ကာချထားရသည် ဆိုတာကို ယခင်က ကျွန်တော် မသိခဲ့။ လည်ပင်း၊ ရင်ဘတ်၊ ၀မ်းဗိုက်တို့ကိုမူ ကျွန်တော် သိခဲ့သည်ဟု ထင်ပါသည်။ သို့ရာတွင် ကျွန်တော်သိခဲ့သော လည်ပင်း၊ ရင်ဘတ်၊ ၀မ်းဗိုက်တို့သည် ကျွန်တော် သိထားသလို မဟုတ်ကြတော့။ ကျွန်တော် သိထားတုန်းက အရောင်များနှင့် အရာဝတ္ထုများသည် အေးဆေး ငြိမ်သက်ကြသည်။ ဟာမိုနစ် ဖြစ်ကြသည်။ အစီအစဉ်တကျ ဖြစ်သည်။ အချင်းချင်း တိုးခွေ့ရုန်းကန်လျက် မနေခဲ့။ ယခုတော့ အရောင်များနှင့် အရာဝတ္ထုများသည် တိုးခွေ့နေကြသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ အချင်းချင်း ဟာမိုနစ် မဖြစ်ကြတော့ဘဲ ဟိုတစ်ပုံ သည်တစ်စု ဖြစ်နေသည်။ အနီရောင်က လွန်လွန်ကဲကဲ သာလွန်နေခဲ့သည်။ အနီရောင်သည် ကျွန်တော် အရှုံးပေးရလောက်အောင် များလွန်းနေခဲ့သည်။ ကျွန်တော်သည် အနီရောင်ကို အရှုံးပေးရမတတ် ဖြစ်ခဲ့သည်။

နောက်ဆုံး ကျွန်တော်သည် အနီရောင်ဘက် လွန်လွန်ကဲကဲ သန်းနေသော ထိုရှုခင်း၏ အလှရှာဖွေမှု၌ ရှုံးနိမ့်ခဲ့ရပါသည်။

"တို့အားလုံးရဲ့အရှုံး၊ တို့ဆေးပညာရဲ့အရှုံး၊ တို့အားလုံးရဲ့ သေးမွှားမှု၊ အရာမရောက်မှု အားလုံးဟာ ဒီနေရာမှာလာစုဆုံတာပဲ။"

နာနာကျည်းကျည်း ရေရွတ်သော ဆရာ့အသံကို ယခုတိုင် ကြားယောင်သည်။ တို့အားလုံးဟူသော အသံ၏ ညီညွတ်မှု ၀ိဥာဉ်သည် ခွန်အားကို ပေးနိုင်စွမ်းရှိသည်ဟု ကျွန်တော်တို့ ဟိုတုန်းက နားလည်ခဲ့ကြပါသည်။ သို့ရာတွင် ယခုတစ်ခေါက်ကြားရသော "တို့အားလုံး" အသံသည် ကျွန်တော်တို့ကို ခွန်အားမပေးပါ။ ကျွန်တော်တို့သည် တို့အားလုံး ဟူသော အသံကို ကြားလိုက်ရ၍ အားတက်မသွားခဲ့ကြပါ။ ယခုတစ်ခေါက် တို့အားလုံးဟူသော အသံကို ကြားလိုက်ရသော အခါတွင် ကျွန်တော်တို့သည် အနီရောင် အတွေး ပင်လယ်အတွင်း၌ စည်းလွတ်ဝါးလွတ်၊ ညီညွတ်မှုလွတ်၊ ရိုင်းပင်းမှုလွတ်လျက် တစ်ယောက်ပြီး တစ်ယောက် နစ်မြုပ်နေခဲ့ပြီး ဖြစ်ပါသည်။

သေခြင်းတရား၏ ခက်ထရော်မှုကို ကျွန်တော်တို့ သတိထားနေတုန်း ဂရင်းမိုင်းလ် (Green Mile) ဇာတ်ကားမှ ပေါလ်(Paul)က အသက်ရှည်ခြင်း၏ ရက်စက်မှုကို ထောက်ပြခဲ့သည်။ ထိုဇာတ်ကားတွင် အသက် ၁၀၈ နှစ်ရှိသော ပေါလ် (Paul) သည် သူချစ်သောသူများ တစ်ဦးပြီး တစ်ဦး သေဆုံးခဲ့ကြသည်ကို လက်ပိုက် ကြည့်နေခဲ့ရသည့်အတွက် သူ့အတွက် ဘ၀သည် တစ်ဆင့်ပြီး တစ်ဆင့် ကြေကွဲစဖွယ် ကောင်းခဲ့ရသည် ဟုဆိုသည်။ ဇရာသည် တစ်ဆင့်ပြီး တစ်ဆင့် အထီးကျန် ငြီးငွေ့ဖွယ်ကောင်းသည်၊ သူ့အတွက် သေခြင်းတရားသည် ဝေးလွန်းလှသည်ဟု ဆို၏။

"We each owe a death; there are no exceptions; but, Oh God, sometimes the Green Mile seems so long." (Paul Edgecomb)

ဂရင်းမိုင်လ်ကား သေဒဏ်ကျခံရသူများ လျှပ်စစ်ကုလားထိုင်ဆီ သွားရန်ခင်းထားသည့် အစိမ်းရောင်ကြမ်းခင်း (linoleum) ကို ဆိုလိုသတည်း။

ဘူတာရုံထောင့်တွင် ခွေခေါက်လျက်အိပ်နေသော လူတစ်ဦး။ ခွက်တစ်လုံးနောက်တွင် အကော်ဒီယံတီးနေသော အဘွားအိုတစ်ဦး၊ ခြေထောက်ပြတ်နေသော စစ်သည်တော် တစ်ဦး။ ဆီးချိုဖြစ်နေသော ကလေးသူငယ်များ၏ ကြောက်လန့် စိတ်ကုန်နေသော မျက်လုံးအစုံလိုက်များ။ ဘုထစ်နေသော ကမ္ဘာမြေကြီးပေါ်တွင် ဆောင့်ဆောင့်အောင့်အောင့် နင်းလျှောက်သွားသော အကျည်းတန်သည့် ခွာမြင့်ဖိနပ်များ။ ဤရှုခင်းတစ်ခုတည်းကို ကြည့်၍ ကမ္ဘာမြေကြီးသည် အကျည်းတန် အရုပ်ဆိုးလှသည်ဟု ပြောရန် ကျွန်တော် အားနာမိပါသည်။ သို့သော် အကြည့်အမြင်သည် လူတစ်ဦးချင်းစီ၏ အချိန်ကာလ တစ်ခုစီက စိတ္တဗေဒအပေါ် မူတည်သည်ဟု ကျွန်တော် ဆုံးဖြတ်ချက် ချမိသည်။

အကော်ဒီယံတီးနေသော အဘွားအို၏ မျက်လုံးတွင် ကမ္ဘာကြီးသည် အ၀ါရောင်များကောင်း များလွန်းနေပေမည် ဟု တွေးမိသည်။ မကျန်းမာသော သူငယ်လေးများ၏ မျက်လုံးထဲတွင် ကမ္ဘာက အဖြူရောင် များလွန်းနေတတ်ပြီး ဒေါသထွက်နေသော ခွာမြင့်ဖိနပ်များ အတွက် ကမ္ဘာသည် ဂြိုဟ်နီကြီးတစ်လုံး ဖြစ်နေတတ်တာပဲ မဟုတ်လား။ စိတ်ဓာတ်ကျဆင်းနေသော သူများ၏ မျက်လုံးထဲတွင်မူ ကမ္ဘာသည် မီးခိုးရောင် များကောင်း များလွန်းနေပေမည်။ ထိုသူတို့၏ မျက်လုံးများတွင် အရောင်များသည် ဟာမိုနစ် ဖြစ်ချင်မှ ဖြစ်မည်။ ကြည့်လို့ကောင်းချင်မှ ကောင်းမည်။ အမြဲထာဝရ တိုးခွေ့ရုန်းကန်နေခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်ပေမည်။

သန်းပေါင်းများစွာသော အညတြများသည် အရောင်ပဋိပက္ခများကြောင့် ကမ္ဘာမြေကြီးပေါ်တွင် နေ့စဉ်ငိုကြွေးနေကြသည်။ သို့ရာတွင် ထိုမျက်ရည် သန်းပေါင်းများစွာကို ကျွန်တော်တို့၏ နှလုံးသားများသည် ခက်မာသော တုံ့ပြန်မှုများစွာဖြင့် တုံ့ပြန်ကောင်း တုံ့ပြန်မိကြလိမ့်မည်။ ဤသို့ခက်မာစွာ တုံ့ပြန်တတ်သော ကျွန်တော်တို့ကို နှလုံးမာသူများဟု မှတ်ချက်ပေးလျှင်မူ အပြည့်အ၀ မှန်ကန်မည် မဟုတ်ပါ။ ကျွန်တော်တို့၏ နှလုံးသားများသည် ကျွန်တော်တို့နှင့် နီးစပ်သူများ၏ မျက်ရည်ပေါက်များအတွက်မူ အလွန် နူးညံ့စုတ်ပြဲလွယ်သော ပန်းစက္ကူများ ဖြစ်တတ်ကြပြန်ပါသည်။

သူငယ်ချင်းတစ်ယောက်က လသားအရွယ် သမီးကလေး တစ်ဦးကို ထားခဲ့၍ လူ့လောကကို စွန့်ခွာသွားသောအခါ ကျွန်တော် တုန်လှုပ်မိသည်။ ထို့နောက် ထိုအဖြစ်မျိုး တစ်ယောက်ပြီး တစ်ယောက် ။ ဆွေမျိုးများ၊ မိတ်ဆွေများ။ ကြီးသော မိတ်ဆွေများ၊ ရွယ်တူ မိတ်ဆွေများ၊ ငယ်ရွယ်သူ မိတ်ဆွေများ။

ပစ္စုပ္ပန်နှင့် အနာဂတ်မှ ဆုံးရှုံးမှုများ၏ ဒဏ်ကို ကျွန်တော် ပြုံးရွှင်စွာ ခံနိုင်ပါ့မည်လား။ ခံ့ညားစွာ ခံနိုင်ပါ့မည်လား။ က္ကနြေ္ဒရရ ခံနိုင်ပါ့မည်လား။ ဘ၀အားလုံးသည် နေရောင်ခြည်ဘက် ထာဝရလှည့်နေသော နေကြာပန်းများ ဖြစ်လိမ့်မည်ဟု ကျွန်တော်မယုံကြည်ပါ။ သို့သော် နေရောင်ခြည်ဘက် ထာဝရ လှည့်နေသော နေကြာပွင့် တစ်ပွင့်တစ်လေလောက် ရှိများ ရှိလေမည်လားဟု စဉ်းစားမိသည်။ ဒီတုန်း အလက်ဇန္ဒားရစ်ဘတ် (Alexander Rybak) က 13 horses ဖြင့် ကျွန်တော့်ကို ခြောက်လှန့်လိုက်သည်။

မြင်းတစ်ဆယ့်သုံးကောင်
ပင်လယ်ထဲမှာ ကူးယက်နေကြတယ်
အရာမရောက်တာသူတို့နားမလည်
သူတို့မှာသိက္ခာတွေကျန်နေတယ်
ဒါပေမဲ့ အဲဒီသိက္ခာဒီအချိန်မှာအလကား
သူတို့ရဲ့အရပ်ကြီးတွေဟာယခင်ကတော့မြင့်မား
ခုချက်ချင်းပဲသူတို့သိပ်ကိုသေးငယ်သွား
မြင်းရိုင်းမောင်နှံတစ်နှံ
ဟိုးဝေးဝေးတစ်နေရာမှာနေရစ်ခဲ့လို့ကျန်
မကြာမီပဲမြင်ကွင်းကပျောက်ကွယ်သွား
ဒါကိုဘယ်သူကများဂရုထား
ဘယ်နည်းနဲ့ဖြစ်ဖြစ်အားလုံးဟာသေဆုံးခါနီးပြီမဟုတ်လား
ဒီညမှာအားလုံးသေမိန့်ကျပြီးသား။

အဲဒီ မြင်း ၁၃ ကောင် က သူတို့ဟာ ပင်လယ်ထဲ ကူးခတ်နေတယ်လို့ အထင်ရှိနေကြမဲ့ တကယ်တော့ အဲဒါဟာ ပင်လယ်မဟုတ်။ မြစ်တစ်စင်းရယ်သာပါ တဲ့။ တယောထိုးသည့် လူငယ်လေးက ပြောပြသည်။ သူတို့ အမြင်မှာတော့ မြစ်ကလေးက ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီး ဖြစ်လို့ပေါ့ တဲ့။ သူတို့အတွက် ရေကူးနေရတာဟာ ပြိုင်ပွဲတစ်ရပ်ဖြစ်ပါသတဲ့။ ပန်းတိုင်မရှိတဲ့ ပြိုင်ပွဲ ဖြစ်ပါသတဲ့။ အော်ဟစ်ငိုယိုနေပေမဲ့ ကယ်တင်မဲ့သူတွေ ရောက်မလာတဲ့ အသက်လုပွဲ ဖြစ်ပါသတဲ့။ အချည်းနှီးသော ကြိုးပမ်းမှု ဖြစ်ပါသတဲ့။ ခြေကုန်လက်ပမ်းကျတဲ့ အားထုတ်မှု ဖြစ်ပါသတဲ့။ အဲဒီညမှာ အားလုံးမြုပ်ကြရမှာတဲ့။ သူတို့ အိမ်ကို ပြန်ချင်နေကြတဲ့ အချိန်မှာပဲ တစ်ဦးပြီးတစ်ဦး နစ်မြုပ်သွားကြပါသတဲ့။ ကြေကွဲဖွယ် သီချင်းကို ကမ္ဘာအရပ်ရပ်က လူများက ချီးမွမ်းထောပနာ ကြသည်။ တကယ်တော့ ထိုသီချင်းသည် လူ့သားတို့၏ ယေဘုယျ အဖြစ်အပျက်များနှင့်လည်း တိုက်ဆိုင်နေသည် မဟုတ်လား။

ကျန်ရစ်တဲ့မြင်းသုံးကောင်
ပင်လယ်ထဲမှာသေလုမြောပါး
အော်ဟစ်ငိုကြွေးကြပေမဲ့တစ်ဦးမှပေါ်မလာ
သူတို့ဟာအနိုင်ရဖို့မွေးဖွားလာတာပါ
သူတို့နှလုံးသားတွေဟစ်ကြွေးနေခဲ့တာ
လူသောင်းထောင်သောင်းရဲ့ခွန်အားမျိုးနဲ့ပါ
သူတို့နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်နေခဲ့တာ။

မြစ်ကို ကူးနေရတာချင်းတော့ တူသည်။ အလျားလိုက် ကူးတာလား။ ထောင်လိုက် ကူးတာလား။ သို့မဟုတ် ထောင့်ဖြတ် ကူးနေတာလား ၊ သို့မဟုတ် စက်ဝိုင်းပုံ ၀ဲထဲ လှည့်နေမိတာလား ကျွန်တော်တို့ မသိနိုင်။ ရပ်ပြီးစဉ်းစားလိုက်သူသည် ပထမဆုံး နစ်မြုပ်သောသူ ဖြစ်ချင်ဖြစ်သွားမည် ဟု ကျွန်တော်တို့ ထင်မြင်ယူဆကြသည်။ စက်ဘီးသည် အလည်ရပ်သည်နှင့် လဲကျတတ်သည် မဟုတ်လား။ ဤသို့ဖြင့် နစ်မြုပ်မည်ကို ကြောက်သဖြင့် ကျွန်တော်တို့သည် မရပ်မနား ကူးခတ်နေကြသည်။

မြင်းဆယ့်သုံးကောင်
ပင်လယ်ထဲမှာကူးခတ်လို့
မကြာမီပဲ သူတို့အားလုံးထာဝရပျောက်ကွယ်သွားကြလိမ့်မယ်
သူတို့ကူးခတ်နေခိုက်မှာ
တစ်ခုတော့ကျန်ခဲ့တယ်
အဲဒါကတော့မျှော်လင့်ချက်
ဘယ်တော့မှမသေတဲ့မျှော်လင့်ချက်
ဒီတစ်ခုဟာ ဘယ်တော့မှမသေ
ဒင်း ဘယ်တော့မှမသေ
ဒင်း
ဘယ်တော့မှမသေ။



ဆရာပြောသည့် မော့ဂ် (morgue) ထဲမှ "တို့အားလုံး" အသံကို ကျွန်တော် ပြန်ကြားယောင်မိသည်။ ရစ်ဘတ်ပြောသည့် အတိုင်း ကျွန်တော်တို့အားလုံး သေဆုံးသည့်တိုင် ကျွန်တော်တို့၏ မျှော်လင့်ချက်က မသေဟု သံယောင်လိုက်ကာ ပြောရလျှင် အားလုံး လက်ခံနိုင်ဖွယ် ရှိသည်ဟု ထင်ပါသည်။ သို့ရာတွင် မျှော်လင့်ချက်၏ အကြောင်းရင်းကို ရေရေလည်လည် ရှင်းပြနိုင်ရန်မှာ မလွယ်ကူပါ။ ထိုင်နေလျှင် အကောင်းသားဟု ဆိုစရာ ဖြစ်လာပါလိမ့်မည်။ ဤနည်းအားဖြင့် ကျွန်တော်သည် ကျွန်တော်၏မြစ်ကို ရေရေလည်လည် နားမလည်သေးသော မျှော်လင့်ချက်တစ်ခုဖြင့် ကူးခတ်နေသည်ဟု ဆိုရမလို ဖြစ်နေပါသည်။

ကျွန်တော်က မြင်းများနှင့် မြစ်အကြောင်းပြောပြတော့ သူငယ်ချင်းက ရယ်သွမ်းသွေးသည်။ သူ့ပြက်လုံးကို ကျွန်တော် မရယ်နိုင်ပါ။ ဤပြက်လုံး၏ ရက်စက်မှုကို ကျွန်တော်၏ အတွေးခေါင်ပြီး ပျော့ညံ့သောစိတ်နှလုံးက လက်သင့်မခံနိုင် ဖြစ်နေသည်။ စာဖတ်သူများကတော့ ရယ်မောနိုင်မည်လား မပြောတတ်။

"မင်းပြောတဲ့ မြင်းတွေက ကူးရင်းခတ်ရင်း ဒေါသကြီးတတ်လား၊ တစ်ယောက် ခြေထောက်ကြားထဲ တစ်ယောက်ခြေထောက် ထိုးထည့်တတ်သလား၊ တစ်ဦးကုပ်ကို တစ်ဦးခွစီးတတ်သလား"

7 comments:

WWKM on 5 December 2009 02:03 said...

အင်း..ဖတ်လို့တော့ကောင်းသား..

Kosoe on 5 December 2009 08:15 said...

ဆရာကိုလွမ်းဝေ..ဖတ်ပြီး တခုခုကို ရင်ထဲကျန်ရစ်ခဲ.စေတယ်ဗျာ.။ ကျေးဇူးပါ. ဖတ်ရတဲ.အတွက်။

ရဲရင့်နီ on 6 December 2009 05:18 said...

ကူးဖို့ ဖြစ်လာရတော့လည်း.....
ကူး ကြရအောင်...

မိုးမောင် on 6 December 2009 16:54 said...

"မင်းပြောတဲ့ မြင်းတွေက ကူးရင်းခတ်ရင်း ဒေါသကြီးတတ်လား၊ တစ်ယောက် ခြေထောက်ကြားထဲ တစ်ယောက်ခြေထောက် ထိုးထည့်တတ်သလား၊ တစ်ဦးကုပ်ကို တစ်ဦးခွစီးတတ်သလား"

စဆုံးနှစ်ခေါက်တိတိ ဖတ်သွားတယ် ရောင်းရင်း။

Upasaka on 10 December 2009 19:07 said...

ညီလေးရေ....တကယ့်စာရေးဆရာကြီး ဖြစ် နေ ပြီဗျ။

အိမ် on 14 December 2009 15:20 said...

ကောင်းတယ်ဗျာ... အရေးအသားနဲ့ အတွေးအခေါ်တွေကို လေးစားတယ်ဗျာ။
ကိုအလှရေ ကိုအလှအဖြစ်ကဆရာကြီးဒဂုန်တာရာ ရေးခဲ့တဲ့ ဝတ္ထုထဲက ဇာတ်ကောင်လို ဖြစ်နေပြီဗျ....။ ထင်တာ ပြောတာနော်... ဟဲဟဲ

Anonymous said...

ဖတ်လို့ကောင်းပါတယ်....

 

Recent posts

Recent comments

Hit

web counter