Image by Gauravonomics via Flickr[Tim ၏ The Psychology of Twitter, Facebook, and Other Social Networking Devices
ကို ဘာသာပြန်သည်။]
ကို ဘာသာပြန်သည်။]
လူမှုဆက်ဆံရေး ကွန်ယက် (Social networking) ၏ သမိုင်းသည်ကား လူအများ သိနားလည်ထားကြသည်ထက် အပုံကြီး စောပုံရပေသည်။ အကြင် အင်တာနက် သည် ကျွန်တော်၏ မွေးသဖခင် ချာတိတ်ဘ၀တုန်းက စိတ်ကူးယဉ်ခဲ့သည့် လူအချင်းချင်း ဆက်သွယ်မှု ပုံစံများကို အကယ် မျက်တွေ့ ဖြစ်လာအောင် ဆောင်ကြဉ်ပေးနိုင်ခဲ့သည်။ စင်စစ် ကျွန်တော်သည် ငယ်ရွယ်စဉ်အခါကမူ အထက်တန်းကျောင်းညီလာခံ ကို တက်လိုက်ရလျှင် မည်မျှ "မိ" လိုက်မလဲဟု တစိမ့်စိမ့် တွေးတော စိတ်ကူးယဉ်ခဲ့ဖူးသည်။ တကယ်တမ်း အထက်တန်း တက်ရောက်ရသော ကာလတွင်မူ မပြတ်တမ်း ၀င်ရောက်လာနေသော မက်ဆေ့ခ်ျများ၊ အီးမေလ်းများ၊ my space နှင့် ( ကောလိပ်ကျောင်းသားဘ၀တွင်) facebook တို့က အထက်တန်းကျောင်းညီလာခံများကို လိုအပ်ပုံ မရတော့အောင် စွမ်းဆောင်ခဲ့သည်။ လွန်ခဲ့သည့် ငါးနှစ်က တွမ်, ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို ကျွန်တော် သိနှင့်နေပြီး ကျွန်တော် အဆက်အသွယ် လုပ်လိုသော သူငယ်ချင်း ရောင်းရင်းများနှင့်လည်း ကျွန်တော့်မှာ အဆက်အသွယ် မပြတ်တမ်းရနေပေသည်။
တကယ်တမ်းပြောရလျှင်ဖြင့် ကျွန်တော်သည် ကျွန်တော်အရေးမစိုက်သည့် လူများအကြောင်းကို မျှော်မှန်းခဲ့သည်ထက် ပိုသိနေရပေသည်။ တမြန်နေ့ကတော့ ကမ္ဘာကို ကျွန်တော် ကြေငြာခဲ့သည်။ ကျွန်တော့်မှာရှိသော facebook မိတ်ဆွေ ၃၅၇ ဦး၏ ၇၅ ရာခိုင်နှုန်းခန့်ကို မိတ်ဆွေစာရင်းမှ ပယ်ဖျက်မည်ဟု ရည်ရွယ်ထားကြောင်း ဖြစ်သည်။ အကြောင်းကတော့ သူတို့ အကြောင်းကို ကျွန်တော် မသိခဲ့လို့ သို့မဟုတ် သူတို့အကြောင်း ကျွန်တော် မသိချင်လို့ ဖြစ်သည်။ တကယ်တော့ ထိုသို့ပြုသည့် အဆင့်ထိ မရောက်ခဲ့ပါ။ ရောက်လိမ့်မည်ဟုလည်း မဆိုနိုင်ပါ။ လူသားများကား ၄င်းတို့ပါဝင်သည့် ကွန်ယက်များအား တန်ဖိုးထားကြပေ၏။ ထို ၃၅၇ ယောက်သော မိတ်ဆွေများသည် သယံဇာတရင်းမြစ် တစ်မျိုး ဖြစ်သည်ဟု ကျွန်တော် သိရှိနားလည်ခဲ့သည်။ ကျွန်တော်သည် မနေ့က မေရီ ကိုယ်တိုင် ကမ္ဘာကို ကြေငြာခဲ့သော သူ့ colonoscopy ကိစ္စကို ဂရုစိုက်ချင်မှ စိုက်မိမည်။ သို့သော် ကုမ္ပဏီမှ အလုပ်ခေါ်ခြင်းအကြောင်းကို သူမ ဘယ်အချိန် ပိုစ့်တင်မလဲဆိုတာကိုတော့ ခင်ဗျားတို့ သိမှမသိဘဲကိုး။
ကျွန်တော်က colonoscopy တစ်ခုအကြောင်းကို facebookမှာ ရယ်စရာအနေနှင့် ဖော်ပြခဲ့သည်။ (တကယ်ကတော့ ရယ်စရာ မဟုတ်လှဘူးပေါ့ဗျာ။ )ကျွန်တော့် news feed ထဲမှာ အဲဒီအကြောင်းအရာလေး ပေါ်လာခဲ့တာ ဖြစ်ပါသည်။ ပါစင်နယ် (personal) အချက်အလက်များကို မျှဝေထားသည့် twitter၊ my space၊ facebook ၊ message boards သို့မဟုတ် တစ်လတစ်လ လျှာလည်သမျှ ပုပုရွရွ လူမှုကွန်ယက် မှန်သမျှသည်ကား အတော် ယဉ်လှသော စိတ်ကူးတရားများ ဖြစ်ပေသည်တကား။
ထိုထိုသော ဆိုက်များတွင် ကျွန်တော်တို့ သတင်းအချက်အလက်များ မျှဝေရခြင်းမှာ တစ်ခုသော ရည်ရွယ်ချက်အတွက် ဖြစ်ရာသည်။ ယင်းရည်ရွယ်ချက်ကား ကမ္ဘာလောကကြီးတစ်ခုလုံးနှင့် ကျွန်တော်တို့ ထိတွေ့ ပေါင်းဖက်ပြီး မိမိတို့ သန္တန်ထဲ အမြဲ ကိန်းအောင်းနေသည့် ဂရုပြုခံလိုမှု၊ အရေးပါ အရာရောက်လိုမှုတည်း ဟူသော အာသာဆန္ဒများ ပြေပျောက်ဖို့ရာ ကြိုးပမ်းလိုခြင်း ဖြစ်သည်။
ကမ္ဘာကို ကျွန်တော်တို့ အာခေါင်ခြစ်ခါ အော်ပြောပြချင်သော ကျွန်တော်တို့၏ တဒင်္ဂဖြစ်ရပ် ကလေးတိုင်းဟာ (သင်အလိုရှိရင်တော့ စအိုကတဆင့် အူမကြီးကို ကြည့်လို့ရတဲ့ မှန်ပြောင်းများအကြောင်းဟာ) စိတ္တဗေဒက မောင်းနှင်ထားတာ ဖြစ်ပုံရပါသည်။ ၀ဘ်ဆိုက်အသစ်တစ်ခု ဖြစ်သော TweetPsych ကမူ အသင်းဝင် tweets များ၏ စိတ်ပိုင်းဆိုင်ရာ အလဲအကွဲများ (psychological breakdown) ကို စစ်ဆေးပေးနိုင်မည် ဆိုသည်။ twitter ၏ ထင်ရှားသော Shaquille O’Neil က ယခုလိုပြောပြန်သည်။ "ခင်ဗျားတို့ရဲ့ Tweets တွေဟာ ကွဲပြားတဲ့ လူမှုဆက်ဆံရေးလှုပ်ရှားမှု (social behaviour) တွေကို ကိုယ်စားပြုပါတယ်" ဟူသတတ်။ TweetPsych တို့နည်းတူ စိတ်ဝင်စားဖွယ် ရွှင်မြူးဖွယ် ကောင်းသည်များမှာ အင်တာနက် လူမှုကွန်ယက်များ (Social networks) ၏ စိတ္တဗေဒကို သုတေသန ပြုလုပ်နေသည့် ကိစ္စများ ဖြစ်သတည်း။
အဘယ်ပုဂ္ဂိုလ်များနည်း
စတန်းဖို့ဒ် တက္ကသိုလ် စိတ်ပညာဋ္ဌာန( Stanford University’s Psychology Department)မှ သုတေသီများ ဖြစ်ကြသည့် Young, Dutta, and Dommety တို့ဖြစ်သည်။
အဘယ်ကိစ္စများကိုဆောင်ရွက်ခဲ့ကြသနည်း
Young, Dutta, and Dommety တို့သည် facebook ပရိုဖိုင်ပေါ်ရှိ လူပုဂ္ဂိုလ်အများ၏ ကိုယ်ရေးအကြောင်းအရာများနှင့် ၄င်းတို့၏ ရည်ရွယ်ချက်များ အကြား ဆက်စပ်မှု (အတိအကျပြောရလျှင် လူများသည် facebook ကို ရိုမန်တစ်အချစ်ရှာဖွေဖို့ တန်ဆာပလာ အဖြစ်သုံးဖို့ ရည်ရွယ်ထားခြင်း ရှိမရှိ) ကို သုတေသန ပြုရန် ဖြစ်သည်။ ယင်းအဖွဲ့သည် random ကျရောက်သော ဖေ့စ်ဘွတ်ခ် ပရိုဖိုင် ၁၅၀ ကို ကောက်ယူ ရွေးချယ် အသုံးပြုခဲ့သည်။
အဘယ်အရာများတွေ့ရှိခဲ့ကြသနည်း
သူတို့ခန့်မှန်းထားသကဲ့သို့ပင် ပရိုဖိုင်ပေါ်တွင် တင်ထားသော အချက်အလက်များနှင့် လူတို့၏ နှီးနှောမှု (relationship) တို့ ရောယှက်ဆက်နွှယ် နေသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။ အတိအကျဆိုရလျှင် ပရိုဖိုင်ပေါ်တွင် ကိုးကွယ်သည့် ဘာသာတရားကို ဖော်ပြထားသော အနှီပုဂ္ဂိုလ်များသည် တဆက်တည်းတွင်ပင် ၄င်းတို့ကား လက်ထပ်ထားခြင်းမရှိသော ဆင်ဂယ် (single) များ ဖြစ်သည် ဟု ရေးလေ့ရှိကြသည် ဟူသတတ်။
အဘယ်ကို ဆိုလိုသနည်း
သုတေသီများက သူတို့၏လေ့လာမှုသည် အလွယ်မှုပြုထားသလို ဖြစ်နေကြောင်း သဘောပေါက်ကြပါသည်။ သို့ရာတွင် သူတို့သိရသမျှမူ သူတို့၏လေ့လာမှုသည် ဤနယ်ပယ်တွင် ပထမဦးဆုံးလေ့လာမှုဖြစ်သည် ဟု ထောက်ပြသည်။(ရံခါ၌ လေ့လာမှုတစ်ခု၏ ကိုင်းခွဲကြီးများသည် ယခုလေ့လာမှုကဲ့သို့ မထင်မရှား သေးသေးမွှားမွှားတစ်ခုမှ စတင်အမြစ်ခွဲဖြာရတတ်သည်။) သူတို့က ကောက်ချက်ဆွဲသည်မှာ facebook ကဲ့သို့သော အင်တာနက်လူမှုကွန်ယက် (social network) များကို သုံးသည့် ပုဂ္ဂိုလ်အများသည် အလားအလာရှိသည့် ချစ်သူပါတနာ လောင်းလျာများ ရှာဖွေရန် စုတ်ချက်ဆွဲ ဆေးစက်ချခြင်း ဖြစ်သည် ဟူ၏။
အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးသည် ချစ်ဖော်ကို ရှာနေသူတစ်ဦး မဟုတ်က အလွန်ပုဂ္ဂလိက ဆန်သော အမြင်များနှင့် စိတ်နေ သဘောထား အမြင်များကို ပြောပြဖို့ မလိုဟု ဆိုထိုက်ပေ၏။ အနှာပုဂ္ဂိုလ်ကား ၄င်းအပေါ် စိတ်ဝင်စားနိုင်လတ္တံ့သော သူများကို အင်ဖော်မေးရှင်းများ တိတ်တဆိတ် ပေးနေခြင်း ဖြစ်ရာ၏။ ပြောရလျှင်ဖြင့် facebook သည် မိမိနှင့် သဘောညီမျှ လိုက်ဖက်ဟန် မတူလှသည့် ချစ်ဖော်များကို ရှင်းထုတ်ပေးမည့် စစ်ထုတ်ကိရိယာ (filter) ဖြစ်ပေသည်။
အခြားတပါးလေ့လာမှု
အမှန်တရားကတော့ facebook မိတ်ဆွေ ငါးယောက်ရှိလျှင် အခုနပြောသလို မဟုတ်သည့် တစ်ယောက်ကို ကျွန်တော် လက်ချိုးရေ စဉ်းစားလို့ ရနိုင်ကောင်းသည်။ လူတိုင်း ကတော့ အခြားသူများလို သူတို့အကြောင်း ကမ္ဘာလောကကို ချပြလိုစိတ် ရှိမည် မထင်။ သေချာသည်ကတော့ အင်တာနက်က ကိုယ်ချစ် အတ္တပေမ ၀ါဒ (narcissism) ကို ဖန်တီးခဲ့သည်တော့ မဟုတ်။ သို့သော်ငြားလည်း ဆိုရှယ်ဝဘ်ဆိုက်များတွင် အတ္တပေမ ၀ါဒကို မြှုပ်နှံထားပါသည်ဟု အငြင်းအခုန် ပြုလိုကြသူ အမြားအပြားရှိရလိမ့်မည်။ ထို့ထက်ပို၍ အန္တရာယ်ကင်းကင်း ကောက်ချက်ဆွဲရလျှင် အတ္တပေမ ၀ါဒ (narcissism)ကို နှစ်သက်သော ပုဂ္ဂိုလ်များသည် အင်တာနက်လူမှုကွန်ယက်တည်း ဟူသော တန်ဆာပလာများကို ပိုမိုအသုံးပြုရန် နီးစပ်သည်ဟု ဆိုသင့်သည့် သဘောရှိသည်။ မကြာမတင်မီက ပြုသော လေ့လာမှု က ယင်းကောက်ချက်ကို အတည်ပြုပေးလေသည်။
လေ့လာမှုကိုအဘယ်ပုဂ္ဂိုလ်များပြုသနည်း
ဂျော်ဂျီယာ တက္ကသိုလ် စိတ်ပညာဌာန (the University of Georgia’s Department of Psychology) မှ Buffardi နှင့် Campbell
အဘယ်ကိစ္စများ ဆောင်ရွက်ခဲ့ကြသနည်း
Buffardi နှင့် Campbell တို့က အင်တာနက်လူမှုကွန်ယက်(social network) များတွင် အသုံးပြုသူများ၏ ကိုယ်တိုင်ပေးပို့သော သတင်းပို့လွှာများ(reports) ကို စုစည်းပြီး အတ္တပေမ အလားအလာများ (narcissistic tendencies)ကို စစ်ဆေးကြသည်။ ယင်းပုဂ္ဂိုလ်တစ်ဦးချင်း၏ ပရိုဖိုင်စာမျက်နှာများတွင် ကုဒ်များ ထည့်သွင်းပြီး ပုဂ္ဂလနှင့် ဓမ္မဒိဋ္ဌာန် ပါဝင်မှု အဆင့်အတန်းများကို စစ်ဆေးကြသည်။ နောက်ဆုံးအဆင့်အားဖြင့် ယင်းပရိုဖိုင်များကို ယင်းပုဂ္ဂိုလ်များနှင့် မသိကျွမ်းသူများအား ပြသပြီး အမျိုးအစားသုံးခု ခွဲခြား အမှတ်ပေးစေသည်။ တစ်သီးပုဂ္ဂလ လွတ်လပ်သော အစု (agentic traits) ၊ အများနှင့် ထွေးရောယှက်တင်အစု (communal traits) နှင့် အတ္တပေမအစု (narcissism)ဟူ၍ ဖြစ်သတည်း။
အဘယ်အရာများကိုတွေ့ကြသနည်း
အင်တာနက်လူမှုကွန်ယက် (social network) များတွင် လှုပ်ရှားဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များသည် ယင်းတို့၏ အတ္တပေမစိတ္တဗေဒ (narcissism) နှင့် ဆက်နွှယ်မှုရှိသည်။ အကျဉ်းချုပ်ပြောရလျှင် ကိုယ့်ကိုယ်ကိုယ် ပိုချစ်သော အတ္တပေမ ပုဂ္ဂိုလ်များက မိမိတို့၏ အကြောင်းကို ကမ္ဘာကို ပိုချပြလိုကြသည်။
အဘယ်ကြောင့်အင်တာနက်လူမှုကွန်ယက်များတွင် ဤအလားအလာများနေရသနည်း
အတ္တပေမ(narcissism) သမားများသည် အကြမ်းဖျင်းအားဖြင့် အောင်မြင်သော အစု (celebrated trait)တွင် မပါဝင်ပေ။ အင်တာနက် ကွန်ယက်များက ဤမျှအထိ အတ္တပေမ စိတ္တဗေဒ နှင့် ပတ်သက် ဆက်နွှယ်နေလျှင် ဤအင်တာနက်ကွန်ယက်များကို အဘယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေရသနည်း။ အင်တာနက်က သာမန်အချိန်တွင် လူအများမပိုင်ဆိုင်ကြသော အတ္တပေမစိတ်များ အားလုံးကို အလွယ်တကူ ဖောက်ထုတ်ခွင့် ပေးနေသလား။ ဟုတ်ကဲ့ လေ့လာချက်တစ်ခုက ဤမေးခွန်းကို ပြဿနာအဖြစ် ထောက်ပြထားသည်။
လူအချို့မှာ အခြားပုဂ္ဂိုလ်များထက် ပိုပြီးအရှက်ကြီးတတ်သည်။ သို့ရာတွင် ကျွန်တော်တို့အားလုံးတွင် အနည်းနှင့်အများ ဟိရီတရား ရှိတတ်ကြသည်။ အင်း... အတ္တပေမဆရာကြီးများတွင်တောင်မှ အရှက်တရား ရှိတတ်ကြပါသည်။ ရှက်တတ်ခြင်းသည် အကြင်ပုဂ္ဂိုလ်ကို ပရိသတ် အများဝိုင်းရယ်ခြင်း သို့မဟုတ် ထို့ထက်ဆိုးရွားသော အဖြစ်အပျက်များမှ ကာကွယ်ရန် ဖြစ်သည်။ အင်တာနက်သည် ရုပ်ပိုင်းဆိုင်ရာ အနန္တကွာခြားမှုကို ထိန်းသိမ်းထားခြင်းနှင့်အတူ သဘာဝထက်လွန်ကဲသော မိတ်ဆွေအချင်းချင်း နှီးနှောဆက်ဆံရေးကို ခွင့်ပြုထားပေသည်။ ဟိရီရှိသော ပုဂ္ဂိုလ်အများကို ဤအချက်က မည်သို့ သက်ရောက်သနည်း။
လေ့လာမှုကိုအဘယ်ပုဂ္ဂိုလ်များပြုသနည်း
ဝင်ဆောတက္ကသိုလ် စိတ်ပညာဌာန (The University of Windsor’s Psychology Department )မှ Orr, Sisic, Ross, Simmering, Arseneault, နှင့် Orr တို့ ဖြစ်သည်။
အဘယ်အရာများကိုတွေ့ကြသနည်း
ကိုယ်တိုင်ဆန္ဒနှင့်ပေးပို့သော ရီပို့တ် (Reports) များနှင့် facebook အသုံးပြုမှု ကို ခွဲခြမ်းစိတ်ဖြာ လေ့လာသဖြင့် သူတို့သိလာရသည်မှာ ပိုပြီးရှက်တတ်သော ပုဂ္ဂိုလ်များသည် facebook မှာ ပိုပြီးအချိန်ကုန်တတ်ကြောင်း ဖြစ်သည်။ မမျှော်လင့်ဘဲ တွေ့ရှိရသည့် အချက်မှာ ယင်းရှက်တတ်သော ပုဂ္ဂိုလ်များသည် facebook တွင် အချိန်ပိုကုန်ကြသော်ငြား သူတို့၏ ပရိုဖိုင်များတွင် အလွန်နည်းပါးသော မိတ်ဆွေများသာ ရှိကြသည်။
ဤအချက်များအားလုံးကဘာကိုရည်ညွှန်းသနည်း
အင်တာနက်လူမှုကွန်ယက်များ (social network) သည် တတိယမျိုးဆက်၏အဆုံးသတ် ကာလသို့ ချဉ်းနင်း ၀င်ရောက်လာသည့်တိုင်အောင် ယင်းနယ်ပယ်နှင့် ပတ်သက်သည့် စိတ်ပညာသုတေသနများကား အလွန်နုနယ်သေးသော အဆင့်တွင်သာ ရှိသေးသည်။ နောက်ဆုံးပေါ် လေ့လာချက်များကို အခြေတည်၍ အတွေးအခေါ် လော့ဂျစ်တစ်ခုခုကို ကျော်လွန်ကောက်ချက် ပေးလာနိုင်မည့် ပုံတော့ပေါ်ပါသည်။ အင်တာနက်လူမှုကွန်ယက်များက ယင်း၏နှလုံးသားထဲတွင် အလွန်ရှည်ကြာစွာ စွဲမြဲနေသော စိတ္တဗေဒ လိုအင်များ(psychological tendencies) ဖြင့် လောင်စာဖြည့် ထားသည်။ အချစ်ခံလိုသည့် ဆန္ဒနှင့် ကမ္ဘာလောကအတွက် အရေးပါလိုသော ဆန္ဒတို့တည်း။ ယင်းဆန္ဒများကို ပုံမှန်မဟုတ်ဟု မဆိုနိုင်ကြောင်း သေချာပါသည်။ သို့ရာတွင် အင်တာနက်၏ သတင်းအချက်အလက်များ အလွယ်တကူ တင်နိုင်မှု၊ သတင်းများ အရှိန်ပြင်းပြင်း ပျံ့နှံ့တတ်မှု၊ သတင်းများ၏ ကြာရှည်စွာ တည်မြဲနေတတ်မှုတို့ကမူ စဉ်းစားရမည့် အချက် ဖြစ်လေသည်။
ပုံမှန်လမ်းစဉ်များအရ မိတ်ဆွေဖွဲ့ဖို့၊ ရိုမန်တစ်ချစ်သူရှာဖို့ ပြဿနာရှိသော ပုဂ္ဂိုလ်များသည် အင်တာနက်ကို သွားကာ အတ္တပေမ ၀ါဒ(narcissism) ကို ထုတ်လွှတ်လိုက်ပြီး ကမ္ဘာလောက၏ ဂရုပြုမှုကို လက်ဆုပ်လက်ကိုင်ရရန် ကြိုးပမ်းသည်။ ကံမကောင်း အကြောင်းမလှပြန်ခြင်းမှာ ပုံမှန် နည်းစနစ်များဖြင့် (ဥပမာအားဖြင့် ညစာစားပွဲများ၊ ကပွဲများ၊ အရက်ဘားများ) လူများကို တွေ့ဆုံရန် မဖြစ်နိုင်သော ပုဂ္ဂိုလ်များတွင် ကမ္ဘာလောကကို အလွန်အမင်း ရှဲယာလုပ် မျှဝေခြင်းမှ ထိန်းကွပ်နိုင်သော ဟိရီတည်းဟူသော စစ်ထုတ်ကိရိယာ မရှိတတ်ပြန်ပေ။ ရလာဒ်သည် အလိုရှိအပ်သည်များ၏ ပြောင်းပြန် ဖြစ်တတ်ပေသည်။
မည်သို့ဖြစ်စေ.. စိတ်ဝင်စားဖွယ်ဖြစ်ပေသည်။
More Reading
Extrapolating psychological insights from Facebook profiles: a study of religion and relationship status (2009)
Narcissism and social networking Web sites (2008)
The influence of shyness on the use of Facebook in an undergraduate sample (2009)
Malignant Self Love: Narcissism Revisited
မူရင်းစာရေးသူ- Tim (http://www.laymanpsych.com)
ဘာသာပြန်သူ- အလှတရား
![Reblog this post [with Zemanta]](http://img.zemanta.com/reblog_e.png?x-id=15f8b28a-ad8e-45e4-be42-b89ddb8f4b1f)

8 comments:
စိတ်ဝင်စားစရာ လေ့လာချက်ပဲ
ဒါပေမယ့် ငုံမိတယ်တော့ မထင်သေးဘူး
ထောင့်ကျဉ်းနေသေးတယ်
မကြာခင် ကျယ်ပြန့်တဲ့ လေ့လာမှုတွေ ထွက်လာမယ် ထင်မှတ်ရပါတယ်
ဖွားရွှေပိုးဖေ့စ်ဘွတ်ကိုသုံးနေတော့ ဒီဆောင်းပါးလေးကို စိတ်ဝင်စားခဲ့ပါတယ်။ သို့သော် ချစ်သူပါတနာလောင်းလျာကတော့ အပေါ်ကပြောသလို ဘောင်ကျဉ်းဦးမလား။ ဥပမာ ဖွားရွှေပိုးတို့မိတ်ဆွေတွေက ဘယ်သူတွေ ဘာလုပ်နေတာကို သိချင်ကြတယ်။ ကိုယ်ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ချပြချင်တယ်။ ဒါကလဲ တခါတရံ အလုပ်သဘောတွေက ပါတတ်ပါတယ်။ ပညာယူတဲ့ အပိုင်းတွေလဲရှိပါတယ်။ ဥပမာ ဓါတ်ပုံပညာရှင်တွေ၊ မော်ဒယ်တွေ၊ သတင်းတွေ။ မီဒီယာဆိုတာ လူမှုဘ၀ကို လွန်ပြီး အလုပ်ပိုင်းမှာပါ အရေးကြီးတဲ့ အပိုင်းကို ၀င်လာနေတယ်လို့ သုံးသပ်ကြည့်ရင်တော့ ဖေ့စ်ဘွတ်က ကိုယ့်ရဲ့ ပြန်ကြားရေး ဌာန ဖြစ်လာမှာပဲလေ။ မီဒီယာ အရေးကြီးတာကိုတော့ လက်ခံသင့်ပါတယ်။ သုံးသူရဲ့ စွမ်းရည် ခံစားချက်ပေါ်မူတည်ပြီးတော့ ကွာခြားမလား ကိုအလှတရားလေးရေ။ နိုင်ငံရေးသမားတွေ အနုပညာရှင်တွေ (ကွန်ပြူတာ မသုံးချင်တဲ့ ဖွားရွှေပိုးသူငယ်ချင်း အဆိုတော်တောင် ကြိုးကြိုးစားစား ဖေ့စ်ဘွတ်ကို ဒီလပိုင်းတွေမှာလုပ်လာတာပါ။) ကိုအလှတရားဆီက အများကြီး ထပ်ဖတ်ရဦးမယ်လို့ မျှော်လင့်ထားပါတယ်။ ဘာသာပြန်ပေးတာ ကျေးဇူး။
ဝန်ခံထားတဲ့အတိုင်း ဘောင်ကျဉ်းပါတယ်။ ဟုတ်မှာပါ။ ပြီးတော့ ကျွန်တော်တို့ လူမျိုး ကျွန်တော်တို့ အခြေအနေနဲ့လည်း ကိုက်ညီချင်မှ ကိုက်ညီမှာပါ။
ကျွန်တော်ကတော့ time magazine က အာဘော်ကို ပိုသဘောကျတယ်။ In other words, if you're a jerk in real life, you'll be one on Facebook too.)http://wellness.blogs.time.com/2009/12/03/the-psychology-of-facebook-profiles/#ixzz0eIUKjnyp
ကျွန်တော်ကိုယ်၌ကတော့ လူဟာ မိမိအခြေအနေကို မိမိ အသိဆုံးလို့ ယုံတဲ့သူပါ။ ဒါပဲဖြစ်ဖြစ် ဒီကိစ္စကို စိတ်ဝင်စားလို့ ဘာမှအကျိုးမရှိပါဘူးလို့တော့ မဆိုနိုင်ဘူး မဟုတ်လားဗျာ။
လင့်ခ်လေး ပေးထားပေးလို့ ကျေးဇူးပါ။ ဒီဆိုက်ကို သုံးသူများအပေါ် ဘေးလူများရဲ့ သဘောထား အမြင်ကိုလဲ ဆည်းပူးရတာပေါ့။ နဲနဲ အချိန်ပိုထွက်မှပဲ အဲဒီလင့်ခ်ကို သွားဖတ်ပါ့မယ်။ ကျန်းမာပါစေ။
အင်။ အဲဒါဖြင့် နိုင်ငံရေးသမားတွေနဲ့ အနုပညာရှင်တွေပါ jerk ဖြစ်သွားရတော့မယ်ပေါ့။ ဖွားရွှေပိုး ဖေ့စ်ဘွတ်ကို စ၀င်ခဲ့တုန်းက ရည်ရွယ်ချက်တစ်ခုနဲ့လုပ်ခဲ့ပါတယ်။ အဲဒါဟာ အောင်မြင်ခဲ့ပါတယ်။ ချစ်သူ ပါတနာကိစ္စ လုံးဝ မဟုတ်ပါဘူး။ အဲဒါဟာ ကြီးကြီးကျယ်ကျယ်ပြောရမယ် ဆိုရင် ဘ၀မှာ တော်တော်ကြီးမားတဲ့ ပြန်လည်ရရှိမှုပါပဲ။ အဲဒီ အတွက် ဖေ့စ်ဘွတ်ကို တိတ်တဆိတ် ကျေးဇူးတင်ခဲ့ပါတယ်။ ကိုအလှတရားတို့ ၀ိပသာနာသမား မျက်စေ့နဲ့ ကြည့်ရင်တော့ အရှုပ်တွေ ဖြစ်နေမှာပေမဲ့ လူ့လောကရဲ့ အကြောင်းအရာတွေဟာ ရှုပ်ထွေး သိမ်မွေ့တာလဲ ရှိတတ်သေးတယ် ကိုအလှတရားလေးရဲ့။ ဒေါ်ရွှေပိုးလဲ လောကဟာ ရိုးရိုးရှင်းရှင်းလေးပါလို့ မြင်ခဲ့ဖူးပါတယ်။ အသက်အရွယ်ရော ဘ၀အတွေ့အကြုံတွေပါ အမြင်တွေကို အကျိုးသက်ရောက်တာကိုတော့ သတိထားမိပါတယ်။ ကျန်းမာရွှင်လန်း ချမ်းမြေ့ပါစေ။
အား..။ time က ဆိုလိုတာက အဲဒီလိုမဟုတ်ပါဘူး။ social networking ကို ရုပ်မြင်သံကြားတို့၊ သတင်းစာတို့နည်းတူ media တစ်ခုလိုပဲ သဘေားဖို့ သင့်ပါတယ်လို့ ဆိုလိုတာပါ။ အပြင်မှာဆိုးတဲ့ လူကတော့ facebook မှာလည်း ဆိုးမယ်။ အပြင်မှာကောင်းရင် facebook မှာလည်း ကောင်းမယ်။ ဒီသဘောပါပဲ။
ပြီးတော့ facebook နဲ့ ပတ်သက်လို့ ကျနော့်ရဲ့ အမြင်ကို မပြောရသေးဘူး။ facebook ဟာ ကျနော်တို့ အတွက်တော့ အင်မတန် အသုံးတည့်တဲ့ ဋ္ဌာနပါ။ သူငယ်ချင်းတွေ မိတ်ဆွေတွေ တင်တဲ့ သတင်းတွေ စာအုပ်တွေကို ဖတ်ရတာနဲ့တင် သိစရာအားလုံးကို အချိန်တိုတိုအတွင်း သိရပါတယ်။
တကယ်တော့ psychology ကို ဖတ်ရသမျှ နည်းနည်းပါးပါး ဘာသာပြန်ချင်လို့ မြေစမ်းခရမ်းပျိုးရင်း အများနဲ့ သက်ဆိုင်ပြီး လွယ်မယ်ထင်တဲ့ ဒီခေါင်းစဉ်လေးကို ဘာသာပြန်ဖြစ်သွားတာပါ။ insult လုပ်တဲ့ သဘောမရှိပါဘူး။
အော်။ အင်း။ ဖွားရွှေပိုးလဲ ဘိုလိုရေးထားတာကို အချိန်နဲနေတာနဲ့ရော အပျင်းကြီးတာနဲ့ရော မဖတ်ဖြစ်ပဲနဲ့ ကိုအလှတရားလေး ၀ါကျလေးကိုပဲ ဖတ်ပြီး ကိုယ်အဓိပ္ပါယ် ကောက်ချင်သလိုကောက်လိုက်မိပါတယ်။ ဘာသာပြန်ပေးတာ ကျေးဇူးပါ။ ဘာသာမပြန်ရင် စာတွေကလဲ မဖတ်ဖြစ်တော့ပါဘူး ဖြစ်နေပါပြီ။ ဘ၀ကတော့။ ကျန်းမာရွှင်လန်း ချမ်းမြေ့ အောင်မြင်ပါစေ။
Post a Comment