Thursday, 4 February 2010

ဖကီးရ်တစ်ဦး ဖြစ်ရအောင်

[M ParrottHow to be a fakir ဆောင်းပါးကို ဘာသာပြန်သည်]

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကျွန်တော်ဟာ "how to be a psychic" (စိတ်စွမ်းအင်ရှိသူတစ်ဦး ဖြစ်ရအောင်) ဆောင်းပါးကို ရေးသားခဲ့ပါတယ်။ သဘာဝလွန် စိတ်စွမ်းအင်မျိုးကို ဘယ်လိုဖန်တီးကြမလဲ ဆိုတာကို ပြောပြခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာက ပိုအရေးကြီးတဲ့ ပြဿနာတွေ ရှိသေးတယ်ဗျ။ ပြဿနာတွေ ဆိုတာက နိုင်ငံရေးသမားတွေရဲ့ ကျယ်ပြန့်တဲ့ တောင်းဆိုချက်တွေ မဟုတ်ဘူးဗျို့။ ဖကီးရ်တွေရဲ့ အဆိုပြုချက်တွေပေါ့။ ဖကီးရ်တွေဟာ လူအများအပြားကို အန္တရာယ်ရှိတဲ့ ဒါမှမဟုတ် မဖြစ်နိုင်ဘူးလို့ ယူဆဖွယ်ရာရှိတဲ့ အံ့ဘနန်းအရာတွေကို စွမ်းဆောင်ပြခြင်းအားဖြင့် လူတွေကို ဘာသာပြောင်းအောင် စည်းရုံးကြတယ်။

ဒီဆောင်းပါး မစခင် တင်ကြိုမှာထားချင်တာ ရှိပါတယ်။ ဒီနေရာမှာ ဖော်ပြထားတဲ့ အရာအားလုံးဟာ အန္တရာယ်ရှိပြီး စမ်းသပ်ကြည့်ဖို့ မသင့်တော်ပါ။ အကယ်၍ ဒီနေရာမှာ ဖော်ပြထားတဲ့ နည်းစနစ်တွေကြောင့် ခင်ဗျား ဒါမှမဟုတ် အခြားသူတစ်ဦးဦး ဒဏ်ရာအနာတရ ဖြစ်ခဲ့ရင် ကျွန်တော့် အမှားမဟုတ်ဘူးနော်။ ခင်ဗျားတို့ အမှားသာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီပြကွက်တွေ ဘယ်လိုလုပ်ကြသလဲ ဆိုတာကို သိပ္ပံနဲ့ဆက်နွှယ်ပြီး တတ်နိုင်သမျှ ရှင်းပြဖို့ပဲရှိတယ်။ ခင်ဗျားအနေနဲ့ ဒီနည်းစနစ်တွေကို မစမ်းသပ်ရမနေနိုင်၊ သဲသဲမဲမဲ ဖြစ်နေသပဆိုရင်လည်း အဟောဝတ သဘောကျပဲ ပေါ့ဗျာ။ ဒါပေမဲ့ မစမ်းသပ်ဖို့ ခင်ဗျားတို့ကို ကျွန်တော် လေးလေးနက်နက် သတိပေးခဲ့တယ်နော။

သံမွေ့ရာပေါ်စက်တော်ခေါ်ရအောင်

ခင်ဗျားတို့ သိတဲ့အတိုင်း ဒီပြကွက်ကလေးကတော့ တစ်စုံတစ်ဦးဟာ ချွန်မြပြီး အန္တရာယ်ရှိဟန်တူတဲ့ သံချွန်ရာ၊ ထောင်ပေါင်းများစွာ စိုက်ထားတဲ့ အိပ်ရာပေါ်မှာ လှဲအိပ်ပြခြင်းပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်သူဟာ တစ်ရေးအိပ်ပြတယ်၊ ထပြတယ်၊ သံမစူးဘူး။

ဒီလှည့်စားမှုဟာ တကယ်တော့ လှည့်စားမှုကို မဟုတ်ပါဘူး။ လိုအပ်တာကတော့ တကယ့် သံချွန်အိပ်ရာ တစ်ခုပဲ ဖြစ်ပါတယ်။ သံချွန်တွေဟာ အလျားတူညီရမယ်။ ခင်ဗျားကို မပြီး အိပ်ရာပေါ် တင်ပေးဖို့ တစ်ဦးဦးက ကူညီရမယ်။ ခင်ဗျားက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို သံချွန်အားလုံးနဲ့ ထိနိုင်သမျှ ထိအောင် လုပ်ရမယ်။ ခန္ဓာကိုယ်အလေးချိန် တစ်ခုလုံးကို သံချွန်တွေ အားလုံးအပေါ်မှာ ဖြန့်ထားရမယ်။ အဓိကကတော့ သံချွန်တစ်ခုတည်းပေါ်မှာ ဖိအားတွေ သွားစုပုံမနေဖို့ပဲ။ သံချွန်တစ်ခုတည်း ဖိအားတွေ သွားစုပုံနေရင် ဘာဖြစ်မလဲ။ သံစူးမှာပေါ့ဗျာ။ အိပ်ရာပေါ်က ထတဲ့အချိန်မှာ သံချွန်တစ်ခုခုတည်းပေါ် ကွက်ပြီး သွားမဖိအောင် သတိထားပါ။ အများကြီး ပိုအန္တရာယ်ကင်းတဲ့ နည်းတစ်ခုကတော့ ကြက်ဥအိပ်ရာပေါ် အိပ်တဲ့နည်းပေါ့။ ကြက်ဥတွေရဲ့ ထိပ်ချွန်တွေကို အပေါ်မှာ ထောင်ထားရမယ်။ ပြီးတော့ ခုနသံချွန်တွေပေါ်မှာ အိပ်တဲ့နည်းအတိုင်း လှဲအိပ်ချလိုက်ရုံပါပဲ။ ကြက်ဥပေါ်အိပ်တဲ့ နည်းကတော့ တစ်ခုခုအမှားအယွင်း လုပ်မိရင်တောင် အနည်းဆုံး ကြက်ဥနှစ်တွေ ပေရုံပဲ ရှိမယ်။ မနာဘူးပေါ့ဗျာ။

မြွေကိုမြိုပြကြရအောင်

ဖကီးရ်တစ်ယောက်ဟာ မြွေတစ်ကောင်ကို ယူမယ်။ နှာခေါင်းထဲကို ထည့်ပြီး ပါးစပ်ထဲက ဆွဲထုတ်ပြတယ်။

အဲဒါကို ဘယ်လိုလုပ်သလဲ။ ကိုင်း၊ မြွေတစ်ကောင်ကို ယူချေဗျာ။ နှာခေါင်းထဲ ထည့်ချေ။ ပြီးတော့ ပါးစပ်ထဲက ပြန်ထုတ်ချေ။ တကယ်တော့ ဒါက လူ့ခန္ဓာဗေဒနဲ့ ဆိုင်တယ်။ ခင်ဗျားနှာသီးဝရဲ့ အထက်မှာ နှာခေါင်းအတွင်း ဂလိုင်ကလေး ရှိတယ်။ အဲဒီနှာခေါင်းအတွင်း ဂလိုင်ပေါက်ဟာ ခင်ဗျားရဲ့ လည်ချောင်းထဲကို တ၀က်တပျက် ပွင့်နေတယ်။ ပါးစပ်ပေါက်ကလည်း အဲဒီနားမှာပဲ လည်ချောင်းထဲ ပွင့်ဝင်နေတယ်။ ဒါကြောင့် အသက်အောင့်ပြီး နှာခေါင်းထဲ မြွေသွင်းတဲ့အခါမှာ (အမြီးကနေ စထည့်ဖို့ အကြံပြုချင်တယ်) ပါးစပ်ထဲကနေ လက်နဲ့ ပြန်စမ်းပြီး ဆွဲထုတ်လို့ရတယ်။ အကယ်၍ ခင်ဗျားဟာ ကျွန်တော် စောစောက သတိပေးခဲ့တာမျိုးကို မလိုက်နာတတ်တဲ့ ခပ်မိုက်မိုက် လူတစ်ယောက်ဆိုရင် စမ်းကြည့်ပေါ့ဗျာ။ (မလုပ်ပါနဲ့လို့တော့ အကြံပြုတယ်နော်)

မြွေတစ်ကောင်နဲ့တော့ စပြီး မစမ်းသပ်လေနဲ့ဗျို့။ ဂွမ်းနဲ့လုပ်တဲ့ ချည်ကြိုးက အကောင်းဆုံးပဲ။ (ဂွမ်းနော် ဂွမ်း)

မှန်ကွဲစတွေကို ဖြတ်ကျော်ကြမလား

ဒီပြကွက်မှာတော့ မှန်ကွဲစတွေကို ခင်းထားလိုက်ပြီး ဖကီးရ်ဟာ မှန်ကွဲစတွေကို ဖြတ်ပြီး တစ်ဖက်ကနေ တစ်ဖက်ကို လမ်းလျှောက်ရတယ်။ အဆုံးမှာ ဖကီးရ်က မှန်ကွဲစတွေ မစူးတဲ့ သူ့ခြေဖ၀ါးကို ပြလိမ့်မယ်။

ဒါကတော့ သံမွေ့ရာပေါ် အိပ်တဲ့ သဘောတရားနဲ့ အလားသဏ္ဍာန် တူပါတယ်။ အလေးချိန် ဖြန့်ထားခြင်း ပါပဲ။ ဖိအားကို မှန်ကွဲစများများအပေါ် ဖြန့်ထားရမယ်။ ဒါမှ မစူးမှာ။ နောက်တစ်ခု လုပ်ဖို့လိုတယ်။ မှန်ကွဲစတွေမှာ ချွန်နေတဲ့ အပိုင်းတွေက အောက်ဘက်ကို စိုက်နေပြီး ညီညာတဲ့အပိုင်းတွေပဲ အပေါ်မှာ ရှိအောင် လုပ်ရမယ်။ ချွန်နေတဲ့ အစွန်းတွေက မြေကြီးဘက်ကို လှည့်နေရမှာနော်။ ခင်ဗျား ခြေဖ၀ါးဘက် မဟုတ်ဘူး။ ဒါက အမြဲတော့ အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် ခင်ဗျား ခြေချတဲ့အခါမှာ ခြေထောက်ကို ရှေ့နဲ့နောက် ဖြည်းဖြည်းချင်း ရွှေ့ဖို့ လိုတယ်။ မှန်စတွေဟာ အန္တရာယ်မရှိမဲ့ အနေအထားအတိုင်း ဖြစ်မှ အလေးချိန်တစ်ခုလုံးကို ဖိချရမယ်။ ဒါမှ မနာမှာ။ တစ်ရာ ရာခိုင်နှုန်း မသေချာသေးရင် မချနဲ့ဦး။ မဟုတ်ရင် ရှမှာပဲ။ ဒီအတိုင်းပဲ ထပ်ခါထပ်ခါ လုပ်ကြတာပေါ့။ ဖြည်းဖြည်းချင်း ခြေထောက်ချရတာက နှစ်ကြောင်းရှိတယ်။ ပထမအချက်ကတော့ ကိုယ့်ဟာကိုယ် မရှမိဖို့ ။ ဒုတိယအချက်ကတော့ နှေးလေလေ သရုပ်ပြသူဟာ ပိုပြီးနာကျင်နေတဲ့ပုံ ပေါက်လေလေပဲ။ တကယ်တော့ နာတာမှန်သမျှဟာ မှန်ကွဲစတွေအပေါ် မြန်မြန်ဆန်ဆန် လျှောက်သွားတဲ့အခါမှ ဖြစ်တာပဲ။

ကျောက်မီးသွေးမီးခဲပေါ် ဘယ်လိုလမ်းလျှောက်မလဲ၊ မီးဘယ်လိုနင်းမလဲ

ကျောက်မီးသွေးမီးတွေရှိတယ်။ ဖကီးရ်က ခြေဗလာနဲ့။ နောက် သူအနာခံနိုင်တယ်ဆိုပြီး မီးပေါ် ဖြတ်လျှောက်ပြတယ်။ မီးမလောင်ဘူး။ ဒဏ်ရာမရဘူး။ အရေပြားလဲ ခွဲစိတ်စရာမလိုဘူး။

ဒီနည်းကို သုံးပြီး စိန်ခေါ်တာတွေကို အလဲထိုးဖို့၊ ဆိုးကျိုးတွေကို မသိကျိုးကျွံပြုဖို့နဲ့ တကယ့်စိတ်ပျော်ဖွယ် ပေါက်တတ်ကရလုပ်ဖို့ ကတော့ ခုခေတ်မှာ တော်တော်လေး ကြောက်နေကြသဗျို့။ ကျောက်မီးသွေးပေါ် လျှောက်လို့ ဖြစ်တာကတော့ ခင်ဗျားခြေဖ၀ါးဟာ အပူကူးတာ သိပ်မကောင်းလို့ပဲ။ မှန်မှန်မလျှောက်ဘဲ တစ်နေရာရာမှာ ခင်ဗျား ကြာကြာ ရပ်လိုက်မိရင်တော့ ခင်ဗျားရဲ့ ခြေဖ၀ါးဟာ အလွန်ကောင်းတဲ့ အမဲသားဖြစ်သွားမှာပေါ့။ ပုံမှန် ဆက်လျှောက်နေရင် မီးမလောင်နိုင်ဘူးဗျ။ အကြောင်းက ကျောက်မီးသွေးကနေ ခင်ဗျား ခြေဖ၀ါးဆီ အပူလျှောက်ကူးဖို့ အချိန်အလုံအလောက် မရလို့ပဲ ဖြစ်တယ်။


လျှာကိုဘယ်လိုဖြတ်မလဲ ဘယ်လိုမြိုချမလဲ ဘယ်လိုပြန်ကောင်းအောင် လုပ်မလဲ

ဖကီးရ်က ဓားတစ်ချောင်းယူလိုက်တယ်။ သူ့လျှာကို ကိုင်တယ်။ လျှာအရင်းကနေ ဖြတ်လိုက်တယ်။ အဲဒါကို ပါးစပ်ထဲသွင်းတယ်။ ပြန်ကောင်းအောင် လုပ်တယ်။

ဘယ်လို။ လေထွားနေတယ်၊ ဟုတ်စ။ တကယ်တော့ ဒါဟာ လုံးဝ မျက်လှည့် ပါ။ ဒါကြောင့်လဲ ဆိုတော့ လှည့်ကွက်ကလေးတွေ လုပ်ထားလို့ပဲ။ အထက်က ပြောပြခဲ့တဲ့ ပြကွက်တွေ အားလုံးမှာ ဒီပြကွက်လေးဟာ စမ်းကြည့်ဖို့ အတော်ဆုံးပဲဗျ။ ကိုယ့်ဓားကိုယ် စိတ်မချရင်တော့ မလုပ်နဲ့ပေါ့ဗျာ။

ပထမဆုံး ခင်ဗျားဟာ လျှာနဲ့တူတဲ့ ပစ္စည်းတစ်ခုခု လိုတယ်။ စားလို့ရပြီး ခပ်စိုစို ဖြစ်နေဖို့ လိုတယ်နော်။ စန္ဒလာ ရေးတဲ့ "ဆွာမိနဲ့ မန္တယား" စာအုပ်မှာ ဆိတ်ရဲ့လျှာကို အသုံးပြုဖို့ အကြံပြုထားတယ်။ ဒါကတော့ ရိုးရာပေါ့လေ။ အဲဒီလျှာကို ခင်ဗျားရဲ့ လျှာအစွန်းနဲ့ တူအောင် လှီးပေတော့။ တကယ်တော့ နည်းနည်းပါးပါး နီးစပ်ရင် ဖြစ်ပါပြီ။ ဟန်သာကောင်းပါစေ။ တူတာမတူတာက သိပ်ပြဿနာ မဟုတ်ဘူးဗျ။

အဲဒီလျှာအတုကို ကိုင်ထား။ (ထိပ်ကို အောက်စိုက်ထား) ဘယ်ဘက်လက်မနဲ့ လက်ညှိုးနဲ့ကိုင်ထား။ အဲဒီလျှာကို လက်နဲ့အုပ်ပြီး ကွယ်ထား။အဓိက အာရုံစိုက်ရမှာက ညာဘက်လက်က ကိုင်ထားတဲ့ ဓားကိုပဲ။ ဒီဓားကို မြင်အောင် ပြထား။ ပြီးရင် ပါးစပ်ဆီ ဓားကို ဆွဲယူလာ။ လျှာအတုကိုလည်း ယူလာ။ ပါးစပ်ထဲ မရောက်သေးဘဲ လျှာအတုကို မပေါ်စေနဲ့။ ပြီးမှ လက်ချောင်းတွေကို ချဲလိုက်။ လက်ညှိုးနဲ့ လက်မက လျှာကို ကိုင်ထားတဲ့ ပုံအတိုင်း ဖြစ်နေလေရော။ ဟုတ်ပြီလား။ နောက်တော့ လျှာကို ဖြတ်တဲ့ပုံလုပ်။ လျှာအတုကို ပါးစပ်ထဲထည့်။ ၀ါးစား။ မြိုချ။ ဒါပဲ။ ပိုပြီးပီပြင်အောင်ဆိုရင် သွေးစသွေးနလေးတွေ ထွက်နိုင်အောင် လုပ်ပေါ့ဗျာ။


ခေါင်းကို သံချွန်နဲ့ပိတ်ရအောင်

ဒါက geek တွေနဲ့ ဖကီးရ်တွေ လုပ်လေ့ရှိတာဗျ။ (geek ဆိုတာက မျက်လှည့် နဲ့တူတာမျိုး လုပ်လေ့ရှိပေမဲ့ ဘာတစ်ခုမှဖုံးထား ကွယ်ထား ၀ှက်ထားတာ မဟုတ်ဘူး။ ပေါ်တင်လုပ်ရတဲ့ လှည့်ကွက်ဆိုပါစို့ဗျာ။

လူ့ခေါင်းကို သံချွန်နဲ့ထိုးဖို့အတွက် ဖကီးရ်တစ်ဦးဟာ သံချွန်တစ်ချောင်းကို ယူပြီး နှာခေါင်းထဲ ဖြည်းဖြည်းချင်း ရိုက်သွင်းတယ်။ လုပ်ရတာက လက်တော့ဝင်တယ်ဗျ.။ ဒီနေရာမှာတော့ ကျွန်တော်လည်း ဖကီးရ်တွေ၊ ဂိခ်တွေနဲ့ မယှဉ်နိုင်ဘူးဗျို့။ တစ်ချို့က ငါးလက်မသံနဲ့ကို လုပ်ပြနိုင်တာဗျ။ အကြောင်းကြောင်းကြောင့် ကျွန်တော်ကတော့ သုံးလက်မသံထက် ပိုရှည်တာနဲ့ လုပ်မပြနိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုလုပ်သလဲ ဆိုတာလောက်ကတော့ အေးအေးဆေးဆေး ရှင်းပြနိုင်တယ်။

မြွေမြိုခြင်း မှာတုန်းက ကျွန်တော် ရှင်းပြခဲ့တာ ရှိတယ်။ နှာသီးဝရဲ့ အထက်မှာ နှာခေါင်းအတွင်း လိုဏ်ဂူ ရှိတာကိုလေ။ သံချွန်ဝင်တဲ့နေရာပဲပေါ့။ သံချွန်ကို ရေပြင်ညီအတိုင်း ကိုင်ထား။ ပြီးရင် သံချွန်ရဲ့ အဆုံးနဲ့ အဲဒီအခေါင်းကို ရှာပေတော့။ ပြီးရင် ပါးစပ်ကနေ အသက်ပြင်းပြင်းရှူပြီး သံချွန်ကို သွင်းပေတော့ ။( တကယ်ပါ။ အလုပ်ဖြစ်ပါတယ်) အလေ့အကျင့်များလာရင် ပိုပြီး နက်နက် သွင်းလာနိုင်မပေါ့ဗျာ။ နှာမချေအောင် လုပ်ရတဲ့ နည်းတွေပါ ကျွမ်းလာလိမ့်မယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ခင်ဗျား မစမ်းပါနဲ့နော်။ ဟုတ်ပြီလား။ ဒါပေမဲ့ တားမရရင်တော့ ဒီနည်းအတိုင်းသာလုပ်။ အဲအဲ သံချွန်တော့ မသုံးနဲ့ဦးနော်။ ဂွမ်းတောင့်ကလေး Q-tip လောက်ကလေးပဲ သုံးပါ။

နိဂုံးကမ္ပကောက်ချက်

သူတို့ရဲ့ သဘာဝလွန် စွမ်းအားနဲ့ ဘာသာရေး အင်အားတွေကို ပြဖို့ ဖကီးရ်တွေ လုပ်ပြတဲ့ ပြကွက်တွေ အများအပြား ရှိပါတယ်။ လျှပ်စစ်စွမ်းအား၊ ချီ၊ သံချွန်နဲ့ အပ်တွေကို ထိုးသွင်းခြင်း။ ဒီနေရာမှာ ဖော်ပြခြင်း မရှိသေးတဲ့ မေးခွန်းနဲ့ ဥပမာတွေ ရှိရင် ဒီဆောင်းပါးမှာ မှတ်ချက် ပြုသွားကြပါ။ ဒါမှမဟုတ် ကျွန်တော့်ဆီကို အီးမေးလ် တစ်စောင်ပို့လိုက်ပါ။ ကျွန်တော် တတ်နိုင်သမျှ ကူညီပါ့မယ်။ အချို့ပြကွက်တွေကိုတော့ အခြားသူတွေကို ငဲ့ကွက်ပြီး ကျွန်တော် ထုတ်ဖော်ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပမာအနေနဲ့ ပြောရရင် လျှာကိုမြိုချတဲ့ ပြကွက်ကိုတော့ မျက်လှည့်ဆရာတွေ ပြသတာ တစ်ခါမှ မမြင်ဖူးတဲ့အတွက် ဒီပြကွက်မျိုးကို ရှင်းပြတာ အပြစ်ကင်းတယ်လို့ ယူဆပါတယ်။ ဒီပြကွက်တွေဟာ ကြည့်လို့ကောင်းသလို သင်္ခန်းစာယူဖို့ ကောင်းတယ်။ အကယ်၍ တစ်ဦးဦးက ကိုယ့်ကိုယ်ကိုယ် ကြွားဝါအမွှမ်းတင်လာခဲ့ရင် ဒီအမွှမ်းတင်စကားကို ဘယ်နည်းနဲ့မှ ယုံဖို့ မလိုပါဘူး။ ပရိယာယ်တွေ၊ လိမ်လည်မှုတွေနဲ့ လှည့်စားမှုတွေဟာ ပျော်စရာကောင်းသလို အမြတ်အစွန်းကြီးမားတယ်။ အဲ... လိမ်ရတာဟာလည်း လွယ်ကူပါသဗျား။

စာရေးသူ-M Parrott(http://www.dbskeptic.com)

ဘာသာပြန်သူ-အလှတရား

(နောက်အပတ်မှာ စိတ်စွမ်းအားရှိသူတစ်ဦး ဖြစ်ရအောင် ကို ဘာသာပြန်ပါမယ်။)

6 comments:

မိုးမောင် on 4 February 2010 12:15 said...

စိတ်ချဆရာ။ လုံးဝ မလေ့ကျင့်ပါဘူး။ :D

WWKM on 4 February 2010 13:07 said...

လုပ်ပြန်ပြီ ပေါက်တတ်ကရ..ဖြစ်ပုံများ..

အိမ် on 4 February 2010 13:15 said...

ဆရာ အရင်လုပ်ပြဗျာ.. စာတွေ့နဲ့တော့ မယုံသေးဘူး ဟီး..။
အခုလိုတကူးတက သေချာဘာသာပြန်ပေးတာ ကျေးဇူးပါဗျာ..။

Craton on 4 February 2010 16:06 said...

ဖတ်သွားတယ်
ကြောက်စကီးးးး

ဖွားရွှေပိုး said...

ဘာသာပြန်ပေးတာ ကျေးဇူး။

Upasaka on 5 February 2010 20:51 said...

ညီရေ ဆက် ပြန်ပါဦး လူတွေက အဆန်းကြိုက် လွန်း လို့

 

Recent posts

Recent comments

Hit

web counter