၁။အောက်ဖော်ပြပါ တရားအားထုတ်နည်း ဆွေးနွေးခန်းကို ယုတ္တိဗေဒ ရှုထောင့်မှလည်းကောင်း၊ ဗုဒ္ဓ၀စန တရားတော်များ ရှုထောင့်မှလည်းကောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်းရှုထောင့်မှ လည်းကောင်း၊ ဘုရားဟော ကျမ်းဂန်များနှင့် ကိုက်ညီခြင်းရှိမရှိ၊ ယုတ္တိရှိမရှိ ဆွေးနွေးဖြေကြားပေးပါရန် ပညာရှိ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့ကို လျှောက်ကြား တောင်းပန်ပါသည်။
၂။ဤဘလော့ဂ်၏ ကွန်မန့်နေရာတွင် အောက်ဖော်ပြပါ အသံသွင်းခွေတွင် ပါရှိသော တရား ဆွေးနွေးခန်းသက်သက်ကို နားထောင်၍ ယုတ္တိရှိမရှိ၊ ဗုဒ္ဓဘာသာကျမ်းဂန်များနှင့် ကိုက်ညီသည် မညီသည် (သို့မဟုတ်.. ကိုက်ညီသည် မကိုက်ညီသည် မဆုံးဖြတ်နိုင် စသည်ကို) အလွတ်တန်းသဘောအရ ဆွေးနွေးရန် ဖြစ်သည်။ ဆွေးနွေးသော ပုဂ္ဂိုလ်များသည် မိမိ၏အမည်မှန်ကို ဖော်ပြရန်မလို။ မိမိ၏ပညာဗဟုသုတအရ မိမိသိဖူး ကြားဖူးထားသည့် ကျမ်းဂန်နှင့် နည်းစနစ်များကို ကိုးကားပြီး လွတ်လပ်စွာ ဆွေးနွေးနိုင်သည်။
၃။မိမိ၏ ကိုယ်တွေ့များနှင့် ကိုက်ညီခြင်းရှိသည် မရှိသည်ကို ဆွေးနွေးရန်မလို။
၎။အခြားသော တရားများနှင့် ဤတရားမှ အပဖြစ်သော ပုဂ္ဂိုလ်ရေးကိစ္စများကို ဆွေးနွေးခြင်း မပြုရန် သတိပေးလိုသည်။ အသံသွင်းခွေတွင် ပါဝင်သော တရားဟောပြောသူနှင့် လျှောက်ထားသူတို့ကိုလည်း ပုဂ္ဂိုလ်ရေးအရ ပြောဆိုဝေဖန်ခြင်း မပြုရန် သတိပေးပါသည်။
၅။(ကွန်မန့်များကို မော်ဒရေးရှင်းမလုပ်ထား။ မိမိ၏ဂုဏ်သိက္ခာကို မိမိဘာသာ ထိန်းရန် ဖြစ်သည်။ သို့သော် တစ်ဖက်စောင်းနင်း ကျပြီး တင်ပြထားသော တရားဆွေးနွေးခန်းမှ အံချော်နေသော ကွန်မန့်များနှင့် စည်းကမ်းချက်များနှင့် မကိုက်ညီသော ကွန်မန့်များကို တစ်ရက်အတွင်း မူလ Author ဖြစ်သူက ပြင်ဆင်ခြင်းမရှိလျှင် ဤဘလော့ဂ်ရှင်က မိမိသဘောနှင့် မိမိဖျက်မည်။)
၆။ ၄၈ နာရီအတွင်း စိတ်ဝင်စားသူ မပေါ်ပေါက်လျှင် ဤပိုစ့်ကို ဖျက်သိမ်းမည်။
၇။ ၉၆ နာရီပြည့်လျှင် ဆွေးနွေးခန်းကို ပိတ်မည်။
၈။ ဆွေးနွေးသူများသည် ပုဂ္ဂိုလ်ရေးများကို အလျဉ်းစိတ်ဝင်စားစရာမလိုဘဲ စိတ်သန့်ရှင်းစွာ ဆွေးနွေးခွင့်ရှိသည်။
http://www.mediafire.com/?ld3ywitj5wm
Subscribe to:
Post Comments (Atom)


10 comments:
ကာလမသုတ်တန်
မဟာသတိပဋ္ဌာနသုတန်
ဆဆက္ကသုတန် တို့ နှင့် လုံးဝကွဲလွဲနေပါသည် ။
အာနာပါနာကမ္မဋ္ဌာန်းကို ဘုရားရှင်တို့  မလွှတ်ဆိုသော အဆိုအမိန့် နှင့် ဆန့် ကျင်နေပါသည် ။
ဘုရားရှင်၏ တပည့်ကြီးများဖြစ်သော အရှင်ကောဏ္ဍညအရှင်မှစပြီး သုဘဒ်အရှင်ထိ တရားအရင်နာပြီး မိမိဘာသာ တရားအားထုတ်ရပါသည်။ ဘုရားရှင်ကိုယ်တော်တိုင်ပင် တိုးရစ်ဂိုက်မလုပ်ခဲ့ ပါ ။
မိုးကုတ်ဆရာတော်၊မဟာစည်ဆရာတော်ဘုရားတို့ သည် တိပိတကကို ထုံးလုံချေရေလိုနှောက်ပြီး အကျင့်ကိုလဲ ပေါက်မြောက်အောင်ကျင့်ခဲ့ ပေသည်။
ဆရာတော်များအကျင့်မရှိဟု သိမ်းကြုံးပြောဆိုခြင်း မှားပေသည် ။
အမျိုးသမီးလျှောက်သော ရဟန္တာမှ ဒိဋ္ဌိပြုတ်သည်ဆိုသည်မှာ လွဲနေသည် ။
အနိစ္စသည် ဖြစ်ပျက်မဟုတ်ဟု နင်းငြင်းနေခြင်းသည် မှားနေပြန်သည် ။
ပညတ်များကို ပိုင်းခြားသိ ၊ ပရမတ်တရားကိုထိုးထွင်းသိဟူသော မိုးကုတ်ဆရာတော်ဘုရား၏ သင်ကြားချက်နှင့်ဆန့် ကျင်ပြီး ပညတ်များကို အကုန်စွန့် ရမည်ဟူသောအချက်မှာ လွဲနေသည် ။
မိမိသည် ဦးဇင်းမ၀တ်မီ တရားရနေပြီဟု လူမိန်းမရှေ့ တွင် ၀န်ခံခြင်းသည် အကယ်တရားရသူဖြစ်ပါက ရဟန်းဝိနည်းအရ ပါစိတ်အာပါတ်သင့်နေပါသည် ။
အကယ်၍ အကယ်တရားမရခဲ့သော် .. အဓိမာနနှင့် ပြောမိပါက တော်၏ ။ မရဘဲလျက် လိမ်လည်မိပါမူ စတုတ္ထပါရာဇိကကို ကျူးလွန်နေပေပြီ ။
ရှေးက စပြီး ခုထိ ဒီနည်းမရှိသေး ဦးဇင်းစထွင်တာဆိုလိုက်သောအခါ နားထဲထပ်ထပ်ကြားမိသည်ကား
ငါသည် နောင်တော်ဘုရားတို့ ၏ ခြေရာနင်းသော တထာဂသတတည်းဟူသော မြတ်စွာဘုရား၏ အတန်တန်သော ဥဒါန်းပေတည်း ။ ထို ဥဒါန်းကို ပမာမပြုပြုရဲသောသူကား မြတ်စွာဘုရားထက် သာသူပေလော??
တထာဂတသတို့ သည်ကား လမ်းပြသူသာတည်းဟူသော မာလာယုသုတ်လာစကားနှင့်ဆန့် ကျင်ပြီး တိုးရစ်ဂိုက်လုပ်နိုင်သူကား အဘယ်သို့ သော် သူပေနည်း ??
ပုဂ္ဂိုလ်ရေးလုံးဝမပါပဲ တရားရေးသက်သက်ပဲ ဆွေးနွေးလိုပါတယ်. အလှတရားရေ...
ဆရာမကူဘဲ မိမိဖာသာ တရားကိုသိပြီး အားထုတ်နိုင်တာ ပစ္စေကဗုဒ္ဓလို့ခေါ်တဲ့ ဘုရားငယ်ပဲ ရှိပါတယ်။
စွန်းလွန်းဆရာတော်တို့ သဲအင်းဂူဆရာတော်တို့ ဆရာမပါဘဲ အားထုတ်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး.
တရားခွေနာလို့ပဲ ဖြစ်ဖြစ်၊ စာအုပ်ဖတ်လို့ပဲဖြစ်ဖြစ်၊ သူများပြောလို့ လိုက်နာတာပဲဖြစ်ဖြစ်.မိမိကို အသိတရားပေးသူတိုင်းက ဆရာပဲ ဖြစ်မှာပါ။
မည်သည့်နည်းပဲ အားထုတ်အားထုတ် မြတ်စွာဘုရားရဲ့ ကျင့်စဉ်နည်းလမ်း စည်းကမ်းကို ပစ်ပယ်ခြင်း လစ်လျူရှုခြင်း လိုသလို ပြင်ဆင်ခြင်း လုပ်လို့ မရပါဘူး။
ဆူနာမီဆရာတော်အနေနဲ့ မိမိနည်းလမ်းနဲ့ အားမထုတ်ရင် အရိယာအစစ်အမှန် မပေါ်ပေါက်နိုင်ပါဘူးလို့ တဖက်သတ် မှတ်ချက်ချတာ သိပ်ကို လွန်ကဲသွားပါပြီ..
အရိယာအစစ်အမှန်ဟူသည် မိမိတို့ကိုယ်ကို မိမိတို့ အရိယာပါလို့ မည်သည့်အခါမှ ထုတ်ဖော်ဝန်ခံမည် မဟုတ်ပါ။ အဲဒီလို မဝန်ခံခြင်းကို မှားပါတယ်လို့ ပြောခြင်းသည် အရိယာအပေါင်းကိုပါ စော်ကားနေသကဲ့သို့ ဖြစ်နေပါသည်။
ပရမတ်သဘော၏ မမြဲခြင်းကို သိဖို့ထက် ပညတ်ကို မရှိဘူး သတ်မှတ်ချက်ပါဆိုပြီး ဘာလုပ်လုပ် သင့်လျော်ပါတယ်ဆိုသည့် သဘောထားသည် အလွန်ကြောက်စရာကောင်းနေပါသည်။ နောက်ဆုံး ထေရဝါဒဗုဒ္ဓဘာသာ အယူအဆသည်ပင်လျှင် မှားယွင်းသယောင်ယောင် ပြောဆိုခြင်းသည် အဆိုးဝါးဆုံး အဆင့်သို့ ရောက်သွားပါပြီ။
ဒီအသံသွင်းခွေဆွေးနွေးချက်များအရ ထေရ၀ါဒဗုဒ္ဓဘာသာ တရားများနှင့် ကွဲလွဲကောင်း ကွဲလွဲနေတယ်။ သွားလျှင် သွားတာကို သိရမယ်၊ စသည်ဖြင့် အတိအလင်း ပါရှိသော မဟာသတိပဋ္ဌာန သုတ်နှင့် ကွဲလွဲသည်။ သီလ ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်နိုင် အစရှိသော ၀ိသုဒ္ဓိမဂ်နှင့် ကွဲလွဲသည်။
"ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ၀ုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။" ၀ိပဿနာယာနိက တို့အတွက် ပြဆိုသော ပါဠိတော်နှင့် ဆန့်ကျင်သည်။
"၀ိပဿနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း စွဲလန်းနိုင်ရာငါးခန္ဓာ မှန်စွာရှု၍ ဖြစ်သတည်း" ဟူသော ယောဂီများ လက်သုံးဆောင်ပုဒ်နှင့် ကွဲလွဲသည်။
ရှေးကနည်းများအတိုင်း အားထုတ်တဲ့ (မဟာစည်ရိပ်သာမှ) ယောဂီများ တရား မရတာလည်း ဖြစ်နိုင်တယ် (တရားရဟန်မတူ စသည်) ဖြေကြားပုံမှာ ကောင်းစွာ ဖြေကြားတယ်လို့ ယူဆအပ်သော အဖြေစကားမဟုတ်။
ယုတ္တိဗေဒနဲ့ စိတ်ပညာရှုထောင့်မှ ကြည့်လျှင် မိမိကိုယ်တွေ့မဟုတ်ဘဲ ဒါဟာ နိဗ္ဗာန်ပဲ သုညတပဲ ဟု အထပ်ထပ် အမိန့်ပေး ယုံကြည်စေသော သဘောသည် Auto-suggestion ဖြစ်သည်။ အမိန့်ပေးခြင်း ကြာလာသော် ကိုယ်ယုံကြည်ချင်သည်ကို အကယ် ယုံကြည်သွားတတ်သည်။
ရှေးက ဆရာတော်အချို့က ယောဂီများ သမာဓိရအောင် စိတ်မပျံ့လွင့် အိပ်မငိုက်အောင် နှလုံးသွင်းတတ်အောင် အစပိုင်းမှာ ဆရာက စောင့်ရှောက်တာမျိုး သတိပေးတာမျိုးနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ အဖြေစကားမှာ "တရားခွေမဖွင့်ပဲ တရားမထိုင်စေရဘူး"ဟူသော အယူအဆ စကားဖြစ်သည်။
ဇင်ဗုဒ္ဓဘာသာအယူအဆတွင်လည်း အချို့နိုင်ငံက ရိပ်သာများမှာ ဆရာက တုတ်ကိုင် စောင့်ကြပ်ပေးနေပြီး တိုးရစ်ဂိုဒ်လုပ်ရသည့် သဘောရှိ၏။ ထို့ကြောင့် လမ်းစဉ်အရတော့ အသစ်အဆန်းမဟုတ်။ မဂ်လေးတန်နှင့် ဥာဏ်စဉ်များကို မယုံကြည်ပုံမှာ ဇင်နှင့်တူနေသည်။ ရုတ်တရက် ဥာဏ်အလင်းပေါက်ခြင်းကို ဆိုလိုသလားဟု သံသယ ဖြစ်သည်။
ုံ
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အာစရိယောဝါဒများနှင့် ညှိနှိုင်းယူလို့ရရင် ဘုရားဟော တရားများနှင့် သဘောညီမျှသည်လို့ ယူရမှာဖြစ်ပြီး ညှိနှိုင်းလို့မရရင်တော့ ဘုရားဟော တရားများမဟုတ်ပါဘူး။
ဘုရားဟောတရားများ မဟုတ်ပေမဲ့ အခြားပုဂ္ဂိုလ်များကတော့ ယုံကြည်နေကြတာလည်း ရှိပါ၏။ ဥပမာ အားဖြင့် ကားမာ့က်စ် လီနင်ဝါဒ၊ ကွန်ဖြူးရှပ်စ်ဝါဒ၊ ဖြစ်တည်ရာပဓာန ၀ါဒ၊ ဂျိန်းဝါဒ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ။ အဲဒီလို အယူအဆမတူ ဘာသာမတူတာတွေကို ယုံကြည်နေကြသူများကို မိမိတို့က ဘာမှ မပြောလိုပါ။ ဒါပေမဲ့ ဖြစ်တည်ရာပဓာန၀ါဒ ဒါမှမဟုတ် ဇင်ဗုဒ္ဓဘာသာ အယူအဆအရ ဟောကြားတဲ့ တရားများကို (ထေရ၀ါဒ ဗုဒ္ဓဘာသာ ကျမ်းလာ) ဘုရားဟောတရား ဖြစ်ပါသည်လို့ ပြောကြားလာရင် အများအနေနှင့် မမှန်ကန်ဘူးဆိုတာကို သိစေလိုသည်။ ဤကား အခုဖွင့်ထားတဲ့ ဆွေးနွေးခန်းရဲ့ အနှစ်သာရဖြစ်သည်။
ယုံကြည်ခြင်းအတွက် မိမိတို့ကိုယ်တိုင်တွင်သာ တာဝန်ရှိသည်။ မိမိတို့ သဘောအတိုင်း ယုံကြည်ဖို့ပါပဲ။ ချုပ်ကိုင်ထားခြင်း မရှိပါ။
7 February 2010 09:24
ဘိက္ခုဝေ လို့ မြတ်စွာဘုရား သုံးနှုန်းခေါ်ဝေါ်တဲ့ ဘုရားတပည့်သား လူပုဂ္ဂိုလ်တွေ သံဃာတွေမှာ ဓမ္မသာကစ္ဆာ ဆိုတဲ့ အချင်းချင်း တရားဓမ္မ ဆွေးနွေးခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်ဘုရား။ ဆရာတော်ကြီးများထံ နည်းခံကျင့်ကြံခြင်း၊ ဆွေးနွေးနှီးနှောခြင်း မပြုဘဲ မိမိတစ်ဦးတည်း သဘောနဲ့ တရားသစ် ထွင်ရင် အမှားတွေ ဖြစ်ကုန်ပါလိမ့်မယ်ဘုရား။ တရားတော်မှာ အသစ် မရှိပါ။ ဒုက္ခမှ လွတ်မြောက်ကြောင်းကို သဗ္ဗညုတ ဥာဏ်တော်သခင် မြတ်စွာဘုရားက လိုအပ်သမျှ ဟောကြားပြီးသားမို့ ဘုရားဟောသာ ပကတိအတိုင်း ရှိသင့်ပါတယ်။
သီးခြား တီထွင်ဟောကြားတဲ့ တရားများဟာ ဘုရားဟော မဟုတ်ဘဲ မိမိကိုယ်ပိုင် ဒဿန အမြင်များ၊ မိမိကိုယ်တွေ့လို့ ထင်မှတ်တဲ့ တွေးခေါ်ခံစားရမှုများသာ ဖြစ်တယ်ဆိုရင် မိမိကိုယ်ပိုင် ဘာသာသာ ဖြစ်သင့်ပါတယ်။ တာအိုဘာသာ၊ ကွန်ဖျူးရှပ်ဘာသာများလို မိမိအမည်နာမနဲ့ ဘာသာသစ်သာ ဖြစ်သင့်ပါတယ်။ ယခုလို မြတ်စွာဘုရား နာမတော်ကို သုံးစွဲပြီဆိုရင် မြတ်စွာဘုရား ဟောကြားချက် မဟုတ်ဘဲ မိမိထင်ရာမြင်ရာ မဖြစ်သင့်ပါဘုရား။
အခြားသော သံဃာများနှင့် ပုံမှန် ဥပုသ်ပြုခြင်း၊ ပဝါရဏာ ပြုခြင်းများဟာ သံဃာတို့ အချင်းချင်း ဆွေးနွေးနှီးနှောခြင်း၊ သတိပေးထောက်ပြခြင်း၊
ဓမ္မရေးရာ မေးမြန်းလျှောက်ထားခြင်းများ ပြုလုပ်နိုင်ဖို့ အခွင့်ကောင်း ဖြစ်ပါတယ်ဘုရား။ အခြားသံဃာများနှင့် တရားဓမ္မကို ပုံမှန် ဆွေးနွေးသင့်ပါတယ်။
ဒိဋ္ဌိ ဟာ အနာဂါမ်တောင် ရှိဦးမှာပဲလို့ ထင်ကြောင်း လျှောက်ထားတဲံ့ ဒကာမလေးရဲ့ ထင်မြင်ချက်ဟာ မှားယွင်းပါတယ်ဘုရား။ အရိယာ လေးပါးထဲက အငယ်ဆုံး ဖြစ်တဲ့ သောတာပန်ပင်လျှင် ဒိဋ္ဌိ ဝီစိကိစ္ဆာ မရှိတော့ပါ။
ပိဋကတ်သုံးပုံကို ဆည်းပူးသင်ကြားတော်မူဖို့ လေးစားစွာ လျှောက်ထားပါရစေဘုရား။ ပိဋကတ် မြန်မာပြန်များလည်း အပြည့်အစုံ ရှိကြပါတယ်။ ပိဋကတ်သုံးပုံကို ဖတ်ရှုလေ့လာဖို့ဟာ ဘုရားတပည့်သားတို့အတွက် ခက်ခဲသောအမှု မဟုတ်ပါ။
တပည့်တော်ဟာ သံသရာမှ လွတ်မြောက်ကြောင်းတရားကို အားထုတ်နေဆဲ ကျင့်ကြံနေရဆဲသူသာ ဖြစ်ပါတယ်ဘုရား။ ဒါပေမယ့် လွတ်ရာလမ်း၊ လွတ်ရာအကျင့်ကို မြတ်စွာဘုရားရှင် အပြည့်အစုံ ဟောခဲ့ပြီးပါပြီ။ လမ်းသစ်ထွင်ရန် မရှိတော့ပါ။ ကိစ္စမပြီးသေးခြင်းဟာ တပည့်တော်ကိုယ်တိုင်ရဲ့ ဝိရိယ စတဲ့ အဓိပတိတရားများ မလုံလောက်သေးခြင်းကြောင့်သာ ဖြစ်ခြင်း တရားတော်မြတ်မှာ လိုအပ်ချက် အားနည်းချက် မရှိပါ။
သတိပဋ္ဌာန် တရားတော်အတိုင်း လိုက်နာကျင့်ကြံရင် တပည့်တော်တို့ တဏှာကုန်ချင်စိတ်လဲ တကယ်ရှိရင် တစ်နေ့ လမ်းဆုံးကို ရောက်ရမှာပါ။ ဖြောင့်ဖြောင့် မလျှောက်ဘဲ ဒီလို စကားလုံးသစ်တွေ တီထွင်ရင်း ရှုပ်ရှက်ခက်နေရင် လိုရင်းမရောက်ဘဲ လမ်းပျောက်ရုံသာမက တစ်ပါးသူတို့ကိုလည်း လမ်းပျောက် ချောက်ကမ်းပါးထဲ ဆွဲခေါ်မိပါလိမ့်မယ်ဘုရား။
ဝင်လေထွက်လေကို သို့မဟုတ် ကြွတယ် လှမ်းတယ် ချတယ် မြင်တယ် ထိတယ် စသဖြင့် ကာယာနုပဿနာကို မှတ်ခြင်း၊ ဆာတယ် နာတယ် စသဖြင့် ဝေဒနာနုပဿနာကို ရှုမှတ်ခြင်း၊ တွေးတယ် သတိရတယ် စိတ်ဆိုးတယ် လွမ်းတယ် ကြံစည်တယ် စသည်ဖြင့် စိတ္တာနုပဿနာကို မှတ်ခြင်း၊ ရုပ်နာမ်ကို အနိစ္စ ဒုက္ခ အနတ္တတင်၍ ရှုခြင်း စသည်ဖြင့် ဓမ္မာနုပဿနာကို ရှုမှတ်ခြင်းတို့သည် သံသရာမှ လွတ်မြောက်ကြောင်း တရားစစ်စစ် ဖြစ်ပါသည်။
တစ်ခုတစ်ယောက်တစ်ကောင်မရှိ စိတ်ဆိုတာမရှိ စသည့် ထင်ကြေးများမှာ တရားတော် မဟုတ်ပါ။ စိတ်ဆိုတာ ဧကန် ရှိ၍ပင် စိတ္တာနုပဿနာကို ထားခဲ့ပါသည်။ ရုပ်နာမ် ဧကန်ရှိ၍ ပရမတ်တရားလေးပါးထဲ ရုပ်နှင့် နာမ်ကို ထည့်သွင်းထားပါသည်။ ဘာမှ မရှိဘူးဟု နတ္တိအယူကို မဟောပြောသင့်ပါ။
တရားတော်လို့ မသတ်မှတ်နိုင်ပါ၊ သူပြောစကားကို နားထောင်ကြည့်ပါသည်။ တရားအနှစ်သာရများနှင့် လွဲချော်နေမှန်း သိပါသည်။ (သမထ) သမာဓိ လုပ်ငန်း လုပ်စရာ မလိုဘဲနှင့် ပညာကို ရတယ်ဆိုတဲ့ သူ့ယူဆချက်ဟာ ဘုရားဟော မဟုတ်ပါ။ သူ့၏ ယူဆချက်သက်သက်သာ ဖြစ်ပေသည်။ " သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ" သမာဓိရှိသူသည် မှန်ကန်စွာ သိမြင်နိုင်၏။ ဆိုသော ဘုရားရှင်၏စကားတော်ကို မထေမဲ့မြင် ပြုရာရောက်သဖြင့် ဆင်းရဲဒုက္ခရောက်ပြီး အမှားသံသရာလည်မည့်သူသာ ဖြစ်ပေသည်။ ထိုသို့သော သူများနှင့် တရားဆွေးနွေးလိုပါသည်။ ဖြစ်နိုင်လျှင် ဘွဲ့နှင့် လိပ်စာအပြည့်အစုံဖော်ပြပေးစေချင်ပါသည်။
တော်တော်လွဲနေတာတွေ နားထဲကြားတော့ ပြောစရာတွေရှိလာတယ်။
ဘူတံ ဘူတော ပဿတိ
အရှိကိုအရှိအတိုင်းသိရမယ်ဆိုတဲ့ ပါဠိတော်အရ သတိကို ကပ်ပြီးအသိလိုက်နေရပါမယ်၊
ယထာ တထာ ၀ါ ပနဿကာယော ပဏိဟိတော ဟောတိ၊ တထာတထာနံ ပဇာနာတိ"
ဆိုတဲပါဠိတော် ကိုဆန့်ကျင်နေပါတယ်
စိတ်ဆိုသောတရား အမှန်ရှိတဲ့ အတွက်ပရမတ္ထတရားလေးပါးထဲမှာ ဘုရားဟောထားပါတယ်။
တရားတော်ဆိုတာ အစဉ်အတိုင်းသွားရတာပါ ကျော်လို့မရ ဘူး ဖြစ်ခွင့်လည်းမရှိ ဘူး၊
အနိစ္စကိုမြင်ရင် ကျန်တဲ့ဒုက္ခ ရော အနတ္တပါမြင်ပြီ ဟု အနတ္တလက္ခဏသုတ်မှာ အတိကျဟောထားပါတယ် ၊ဖြစ်ပြီး ပျက်နေတဲ့ မတည်မြဲမှုဟာ အနိစ္စ ဟုဆိုထားပါလျှက် ဖြစ်ပျက်သည် အနိစ္စတရား မမြဲခြင်း မဟုတ်ဟုဆိုပါလျှင် ကိုယ်တော်သိသော အနိစ္စကို ပါဠိတော်နဲ့ တကွထောက်ပြပေး ပါ၊
ဥပသကာ
အဲဒါဘယ်ကဆရာတော်လည်းဟင်?
http://www.dhammalaws.org/ ကိုဆက်သွယ်ကြပါ
စောဒနာလွှာတင်သွင်းကြပါ
Post a Comment