နိဒါန်း
စနေနေ့ညက (ဤနေရာမှ) တရားအားထုတ်နည်း ဆွေးနွေးခန်း အမေးအဖြေကို နားထောင်ကြည့်ဖို့ မိတ်ဆွေတစ်ဦးက ပေးပို့ပါသည်။ ယင်း အမေးအဖြေ ဆွေးနွေးခန်းကို အစမှအဆုံး နားထောင်ပြီးသော အခါ ဤတရားဆွေးနွေးခန်းမှ ဖြေဆိုမှုများသည် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားနှင့် ကိုက်ညီခြင်း ရှိပါ့မည်လားဟု သံသယ ဖြစ်သည်။ ထိုအမေးအဖြေကို ပရိယတ္တိ၊ ပဋိပတ္တိ ကျွမ်းကျင်သော ဆရာတော် သံဃာတော်ကြီးများထံ ပေးပို့၍ ဗုဒ္ဓဘာသာတရားများနှင့် ညီမညီ အဆုံးအဖြတ် ခံယူသင့်သည် မှန်ပါသည်။ ထိုအတိုင်း လုပ်ဆောင်ဖို့လည်း ရည်ရွယ်ချက် ရှိပါသည်။ သို့ရာတွင် ယင်းဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို မခံယူရသေးမီ မိမိသည် (မြန်မာပြည်တွင်းမှ အင်တာနက်အသုံးပြုနိုင်သော ပုဂ္ဂိုလ်အချို့ အပါအ၀င်) နိုင်ငံရပ်ခြားသို့ ရောက်ရှိနေကြသော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်များ၏ သာသနာတော် သန့်စင်ရေး စေတနာအင်အားနှင့် ပညာဗဟုသုတ အင်အားကို အားကိုးဖို့ အကြံဖြစ်သည်။
ဝေဖန်ပေးဖို့တောင်းပန်ခြင်း
သို့ဖြစ်၍ မိမိသည် အင်တာနက်ကို အသုံးပြုနိုင်သော ပုဂ္ဂိုလ်များကို အဆိုပါတရားအားထုတ်နည်း ဆွေးနွေးခန်းကို နားထောင်ကြည့်ပြီး ဗုဒ္ဓဘာသာတရားများနှင့် ညီမညီ ဝေဖန်သုံးသပ်ပေးဖို့ တောင်းပန်ပါသည်။ ဝေဖန်ရာတွင် ပုဂ္ဂိုလ်ရေးကို အလျဉ်းစိတ်ဝင်စားခြင်း မရှိဘဲ ထိုတရားများသည် ဗုဒ္ဓတရားတော်များနှင့် သဘောညီမျှသည် သို့မဟုတ် သဘောမညီမျှ ဆိုသည့်အကြောင်းကို မိမိတို့ ပညာဗဟုသုတရှိသည့်အတိုင်း ဝေဖန်ပြောကြားဖို့ စည်းကမ်းချက် အချို့နှင့်တကွ ပြသအဆိုပြုခဲ့သည်။ Click here! ထိုသို့ စည်းကမ်းချက်များကို အဆိုပြုရသည့်အကြောင်းမှာ ဝေဖန်သူများကို ချုပ်ချယ်လို၍ မဟုတ်။ အကျိုးမဲ့ စကားရည်လုပွဲများ မဖြစ်စေရေး၊ ရှုတ်ချ ပြစ်တင်ပွဲများ မဖြစ်စေရေးနှင့် ပုဂ္ဂိုလ်ရေး အသရေဖျက်သော ရာဇ၀တ်မှုများ မဖြစ်ပေါ်စေရေး အပါအ၀င် မိမိတို့၏ စေတနာအားဖြင့် စိတ်သန့်ရှင်းစွာ ကုသိုလ်ယူနိုင်ကြစေရန်အတွက် ချမှတ်အဆိုပြုရခြင်း ဖြစ်၏။
အပင်ပန်းခံ၍ဝေဖန်ပေးကြသည်
ယင်းတရားဆွေးနွေးခန်းကို ဒေါင်းလုပ်ချရခြင်း၊ ၉၆ နာရီ အတွင်း နားထောင်ရခြင်း ဝေဖန်ဆွေးနွေးဖို့ စာများဖတ်ရခြင်း၊ မေးမြန်းလျှောက်ထားရခြင်း စသည်တို့ကို အချိန်ပေးဆောင်ရွက်လျက် ဝေဖန်ပေးသော ပုဂ္ဂိုလ်အများ ပေါ်ပေါက်လာသည်။ ရည်ညွှန်းသော ဆွေးနွေးခန်းမေးဖြေ ကိုယူရန် နှိပ်ပါ!ယင်းပုဂ္ဂိုလ်အများသည် လွတ်လပ်သော အွန်လိုင်းတွင်ပင် မတော်မတည့် ရေးသားခြင်းမပြုကြဘဲ၊ မိမိတို့၏ ဂုဏ်သိက္ခာကို မိမိတို့ဘာသာ စောင့်ရှောက်လျက် မိမိတို့ သိရှိသဘောကျထားသည့်အတိုင်း အဆိုပါ ဆွေးနွေးမှု အမေးအဖြေများ၏ အနှစ်သာရ သဘောသည် ဗုဒ္ဓတရားတော်များနှင့် "ညီညွတ်ပါသည် သို့မဟုတ် မညီညွတ်ပါ" စသည်ဖြင့် ဝေဖန်ဆွေးနွေးခဲ့ကြသည်ကို တွေ့ရပါသည်။
ထူးခြားသောသုံးသပ်ချက်များ
ဤသို့ဝေဖန်ပေးရန် တောင်းပန်ခဲ့မှုကို အကြောင်းပြုလျက် ထူးခြားသော သုံးသပ်ချက် လေးစောင်ကို မိမိရရှိခဲ့သည်။ ယင်းတို့မှာ ဘုန်းဘုန်း ဦးလောကနာထ၏ သုံးသပ်ချက်၊ Upasaka ၏ သုံးသပ်ချက် Tha Kya Min ၏ သုံးသပ်ချက်နှင့် TL တို့၏ သုံးသပ်ချက် ဖြစ်သည်။ ယင်းသုံးသပ်ချက် လေးစောင်သည် ယခု ဝေဖန်ဆွေးနွေးမှုနှင့် တိုက်ရိုက် သက်ဆိုင်မှုမရှိသဖြင့် စည်းကမ်းချက်နှင့် အညီ ၂၄ နာရီအကြာတွင် ခေတ္တ သိမ်းဆည်းထားခဲ့ရ သော်လည်း ယင်းတို့ကား သာသနာနှင့် စပ်လျဉ်း၍ စူးရှသော အမြင်များ တန်ဖိုးရှိသော အကြံပြုချက်များကို လွတ်လပ်စွာ ဖော်ပြခဲ့ခြင်း ဖြစ်သဖြင့် ယခုဆောင်းပါး၏ နောက်ဆုံးတွင် အလေးအနက်ပြုလျက် ဖော်ပြပေးရမည် ဖြစ်ပါသည်။
ဝေဖန်မှုများ
အဆိုပါ တရားအားထုတ်နည်း ဆွေးနွေးခန်းမှ မေးဖြေများသည် ဗုဒ္ဓဘာသာတရားများနှင့် ကိုက်ညီသည် သို့မဟုတ် မကိုက်ညီ ဟူသည့် အကြောင်းများကို ဝေဖန်သူများက အောက်ပါအတိုင်း ပုဂ္ဂိုလ်စွဲကင်းကင်း ဝေဖန်ကြသည်။ ဝေဖန်မှုများကို စုစည်းလျက် ယခုဖော်ပြမည်။
(၁)
tint on 7 February 2010 01:47 said...
ကာလာမသုတ္တန်၊ မဟာသတိပဋ္ဌာနသုတ္တန်၊ ဆဆက္ကသုတန် တို့ နှင့် လုံးဝကွဲလွဲနေပါသည် ။ "အာနာပါနာကမ္မဋ္ဌာန်းကို ဘုရားရှင်တို့  မလွှတ်" ဆိုသော အဆိုအမိန့် နှင့် ဆန့် ကျင်နေပါသည် ။
ဘုရားရှင်၏ တပည့်ကြီးများဖြစ်သော အရှင်ကောဏ္ဍညအရှင်မှစပြီး သုဘဒ်အရှင်ထိ တရားအရင်နာပြီး မိမိဘာသာ တရားအားထုတ်ရပါသည်။ ဘုရားရှင်ကိုယ်တော်တိုင်ပင် တိုးရစ်ဂိုက်မလုပ်ခဲ့ ပါ ။
မိုးကုတ်ဆရာတော်၊မဟာစည်ဆရာတော်ဘုရားတို့ သည် တိပိဋကကို ထုံးလုံချေ၊ ရေလိုနှောက်ပြီး အကျင့်ကိုလဲ ပေါက်မြောက်အောင်ကျင့်ခဲ့ ပေသည်။
ဆရာတော်များအကျင့်မရှိဟု သိမ်းကြုံးပြောဆိုခြင်း မှားပေသည် ။
အမျိုးသမီးလျှောက်သော ရဟန္တာမှ ဒိဋ္ဌိပြုတ်သည်ဆိုသည်မှာ လွဲနေသည်။ "အနိစ္စ"သည် ဖြစ်ပျက်မဟုတ်ဟု နင်းငြင်းနေခြင်းသည် မှားနေပြန်သည် ။
"ပညတ်များကို ပိုင်းခြားသိ ၊ ပရမတ်တရားကို ထိုးထွင်းသိ" ဟူသော မိုးကုတ်ဆရာတော်ဘုရား၏ သင်ကြားချက်နှင့်ဆန့် ကျင်ပြီး ပညတ်များကို အကုန်စွန့် ရမည်ဟူသောအချက်မှာ လွဲနေသည် ။
မိမိသည် ဦးဇင်းမ၀တ်မီ တရားရနေပြီဟု လူမိန်းမရှေ့ တွင် ၀န်ခံခြင်းသည် အကယ်တရားရသူဖြစ်ပါက ရဟန်းဝိနည်းအရ ပါစိတ်အာပါတ် သင့်နေပါသည်။ အကယ်၍ အကယ် တရားမရခဲ့သော် .. အဓိမာနနှင့် ပြောမိပါက တော်၏ ။ မရဘဲလျက် လိမ်လည်မိပါမူ စတုတ္ထပါရာဇိကကို ကျူးလွန်နေပေပြီ ။
ရှေးက စပြီး ခုထိ ဒီနည်းမရှိသေး ဦးဇင်းစထွင်တာ ဆိုလိုက်သောအခါ နားထဲထပ်ထပ်ကြားမိသည်ကား
"ငါသည် နောင်တော်ဘုရားတို့ ၏ ခြေရာနင်းသော တထာဂသတတည်း" ဟူသော မြတ်စွာဘုရား၏ အတန်တန်သော ဥဒါန်းပေတည်း။ ထို ဥဒါန်းကို ပမာမပြုပြုရဲသောသူကား မြတ်စွာဘုရားထက် သာသူပေလော?? တထာဂတသတို့ သည်ကား လမ်းပြသူသာတည်းဟူသော မာလာယု သုတ်လာစကားနှင့်ဆန့် ကျင်ပြီး တိုးရစ်ဂိုက်လုပ်နိုင်သူကား အဘယ်သို့သောသူပေနည်း ??
(၂)ထက် said...
ပုဂ္ဂိုလ်ရေးလုံးဝမပါပဲ တရားရေးသက်သက်ပဲ ဆွေးနွေးလိုပါတယ်. အလှတရားရေ...
ဆရာမကူဘဲ မိမိဖာသာ တရားကိုသိပြီး အားထုတ်နိုင်တာ ပစ္စေကဗုဒ္ဓလို့ခေါ်တဲ့ ဘုရားငယ်ပဲ ရှိပါတယ်။ စွန်းလွန်းဆရာတော်တို့ သဲအင်းဂူဆရာတော်တို့ ဆရာမပါဘဲ အားထုတ်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး.တရားခွေနာလို့ပဲ ဖြစ်ဖြစ်၊ စာအုပ်ဖတ်လို့ပဲဖြစ်ဖြစ်၊ သူများပြောလို့ လိုက်နာတာပဲဖြစ်ဖြစ်.မိမိကို အသိတရားပေးသူတိုင်းက ဆရာပဲ ဖြစ်မှာပါ။
မည်သည့်နည်းပဲ အားထုတ်အားထုတ် မြတ်စွာဘုရားရဲ့ ကျင့်စဉ်နည်းလမ်း စည်းကမ်းကို ပစ်ပယ်ခြင်း၊ လျစ်လျူရှုခြင်း၊ လိုသလို ပြင်ဆင်ခြင်း လုပ်လို့ မရပါဘူး။
ဆူနာမီဆရာတော်အနေနဲ့ မိမိနည်းလမ်းနဲ့ အားမထုတ်ရင် အရိယာအစစ်အမှန် မပေါ်ပေါက်နိုင်ပါဘူးလို့ တဖက်သတ် မှတ်ချက်ချတာ သိပ်ကို လွန်ကဲသွားပါပြီ..
အရိယာအစစ်အမှန်ဟူသည် မိမိတို့ကိုယ်ကို မိမိတို့ အရိယာပါလို့ မည်သည့်အခါမှ ထုတ်ဖော်ဝန်ခံမည် မဟုတ်ပါ။ အဲဒီလို မဝန်ခံခြင်းကို မှားပါတယ်လို့ ပြောခြင်းသည် အရိယာအပေါင်းကိုပါ စော်ကားနေသကဲ့သို့ ဖြစ်နေပါသည်။
ပရမတ်သဘော၏ မမြဲခြင်းကို သိဖို့ထက် ပညတ်ကို မရှိဘူး သတ်မှတ်ချက်ပါဆိုပြီး ဘာလုပ်လုပ် သင့်လျော်ပါတယ်ဆိုသည့် သဘောထားသည် အလွန်ကြောက်စရာကောင်းနေပါသည်။ နောက်ဆုံး ထေရဝါဒဗုဒ္ဓဘာသာ အယူအဆသည်ပင်လျှင် မှားယွင်းသယောင်ယောင် ပြောဆိုခြင်းသည် အဆိုးဝါးဆုံး အဆင့်သို့ ရောက်သွားပါပြီ။
(၃)အလှတရား on 7 February 2010 14:58 said...
ဒီအသံသွင်းခွေဆွေးနွေးချက်များအရ ထေရ၀ါဒဗုဒ္ဓဘာသာ တရားများနှင့် ကွဲလွဲကောင်း ကွဲလွဲနေပါသည်။ "သွားလျှင် သွားတာကို သိရမည်" စသည်ဖြင့် အတိအလင်း ပါရှိသော မဟာသတိပဋ္ဌာန သုတ်နှင့် ကွဲလွဲသည်။ သီလ ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်နိုင်သည် အစရှိသော ၀ိသုဒ္ဓိမဂ်နှင့် ကွဲလွဲသည်။
"ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ၀ုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်း" ဟူ၍ ၀ိပဿနာယာနိက တို့အတွက် ပြဆိုသော ပါဠိတော်နှင့် ဆန့်ကျင်သည်။
"၀ိပဿနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း စွဲလန်းနိုင်ရာငါးခန္ဓာ မှန်စွာရှု၍ ဖြစ်သတည်း" ဟူသော ယောဂီများ လက်သုံးဆောင်ပုဒ်နှင့် ကွဲလွဲသည်။
ရှေးကနည်းများအတိုင်း အားထုတ်တဲ့ (မဟာစည်ရိပ်သာမှ) ယောဂီများ တရား မရတာလည်း ဖြစ်နိုင်တယ် (တရားရဟန်မတူ စသည်) ဖြေကြားပုံမှာ ကောင်းစွာ ဖြေကြားတယ်လို့ ယူဆအပ်သော အဖြေစကားမဟုတ်။
ယုတ္တိဗေဒနဲ့ စိတ်ပညာရှုထောင့်မှ ကြည့်လျှင် မိမိကိုယ်တွေ့မဟုတ်ဘဲ ဒါဟာ နိဗ္ဗာန်ပဲ သုညတပဲ ဟု အထပ်ထပ် အမိန့်ပေး ယုံကြည်စေသော သဘောသည် Auto-suggestion ဖြစ်သည်။ အမိန့်ပေးခြင်း ကြာလာသော် ကိုယ်ယုံကြည်ချင်သည်ကို အကယ် ယုံကြည်သွားတတ်သည်။
ရှေးက ဆရာတော်အချို့က ယောဂီများ သမာဓိရအောင် စိတ်မပျံ့လွင့် အိပ်မငိုက်အောင် နှလုံးသွင်းတတ်အောင် အစပိုင်းမှာ ဆရာက စောင့်ရှောက်တာမျိုး သတိပေးတာမျိုးနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ အဖြေစကားမှာ "တရားခွေမဖွင့်ပဲ တရားမထိုင်စေရဘူး"ဟူသော အယူအဆ စကားဖြစ်သည်။
ဇင်ဗုဒ္ဓဘာသာအယူအဆတွင်လည်း အချို့နိုင်ငံက ရိပ်သာများမှာ ဆရာက တုတ်ကိုင် စောင့်ကြပ်ပေးနေပြီး တိုးရစ်ဂိုဒ်လုပ်ရသည့် သဘောရှိ၏။ ထို့ကြောင့် လမ်းစဉ်အရတော့ အသစ်အဆန်းမဟုတ်။ မဂ်လေးတန်နှင့် ဥာဏ်စဉ်များကို မယုံကြည်ပုံမှာ ဇင်နှင့်တူနေသည်။ ရုတ်တရက် ဥာဏ်အလင်းပေါက်ခြင်းကို ဆိုလိုသလားဟု သံသယ ဖြစ်သည်။
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အာစရိယောဝါဒများနှင့် ညှိနှိုင်းယူလို့ရရင် ဘုရားဟော တရားများနှင့် သဘောညီမျှသည်လို့ ယူရမှာဖြစ်ပြီး ညှိနှိုင်းလို့မရရင်တော့ ဘုရားဟော တရားများမဟုတ်ပါဘူး။
ဘုရားဟောတရားများ မဟုတ်ပေမဲ့ အခြားပုဂ္ဂိုလ်များကတော့ ယုံကြည်နေကြတာလည်း ရှိပါ၏။ ဥပမာ အားဖြင့် ကားမာ့က်စ် လီနင်ဝါဒ၊ ကွန်ဖြူးရှပ်စ်ဝါဒ၊ ဖြစ်တည်ရာပဓာန ၀ါဒ၊ ဂျိန်းဝါဒ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ။ အဲဒီလို အယူအဆမတူ ဘာသာမတူတာတွေကို ယုံကြည်နေကြသူများကို မိမိတို့က ဘာမှ မပြောလိုပါ။ ဒါပေမဲ့ ဖြစ်တည်ရာပဓာန၀ါဒ ဒါမှမဟုတ် ဇင်ဗုဒ္ဓဘာသာ အယူအဆအရ ဟောကြားတဲ့ တရားများကို (ထေရ၀ါဒ ဗုဒ္ဓဘာသာ ကျမ်းလာ) ဘုရားဟောတရား ဖြစ်ပါသည်လို့ ပြောကြားလာရင် အများအနေနှင့် မမှန်ကန်ဘူးဆိုတာကို သိစေလိုသည်။ ဤကား အခုဖွင့်ထားတဲ့ ဆွေးနွေးခန်းရဲ့ အနှစ်သာရဖြစ်သည်။
ယုံကြည်ခြင်းအတွက် မိမိတို့ကိုယ်တိုင်တွင်သာ တာဝန်ရှိသည်။ မိမိတို့ သဘောအတိုင်း ယုံကြည်ဖို့ပါပဲ။ ချုပ်ကိုင်ထားခြင်း မရှိပါ။
(၄)Anonymous said...
ဘိက္ခုဝေ လို့ မြတ်စွာဘုရား သုံးနှုန်းခေါ်ဝေါ်တဲ့ ဘုရားတပည့်သား လူပုဂ္ဂိုလ်တွေ သံဃာတွေမှာ ဓမ္မသာကစ္ဆာ ဆိုတဲ့ အချင်းချင်း တရားဓမ္မ ဆွေးနွေးခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်ဘုရား။ ဆရာတော်ကြီးများထံ နည်းခံကျင့်ကြံခြင်း၊ ဆွေးနွေးနှီးနှောခြင်း မပြုဘဲ မိမိတစ်ဦးတည်း သဘောနဲ့ တရားသစ် ထွင်ရင် အမှားတွေ ဖြစ်ကုန်ပါလိမ့်မယ်ဘုရား။ တရားတော်မှာ အသစ် မရှိပါ။ ဒုက္ခမှ လွတ်မြောက်ကြောင်းကို သဗ္ဗညုတ ဥာဏ်တော်သခင် မြတ်စွာဘုရားက လိုအပ်သမျှ ဟောကြားပြီးသားမို့ ဘုရားဟောသာ ပကတိအတိုင်း ရှိသင့်ပါတယ်။
သီးခြား တီထွင်ဟောကြားတဲ့ တရားများဟာ ဘုရားဟော မဟုတ်ဘဲ မိမိကိုယ်ပိုင် ဒဿန အမြင်များ၊ မိမိကိုယ်တွေ့လို့ ထင်မှတ်တဲ့ တွေးခေါ်ခံစားရမှုများသာ ဖြစ်တယ်ဆိုရင် မိမိကိုယ်ပိုင် ဘာသာသာ ဖြစ်သင့်ပါတယ်။ တာအိုဘာသာ၊ ကွန်ဖျူးရှပ်ဘာသာများလို မိမိအမည်နာမနဲ့ ဘာသာသစ်သာ ဖြစ်သင့်ပါတယ်။ ယခုလို မြတ်စွာဘုရား နာမတော်ကို သုံးစွဲပြီဆိုရင် မြတ်စွာဘုရား ဟောကြားချက် မဟုတ်ဘဲ မိမိထင်ရာမြင်ရာ မဖြစ်သင့်ပါဘုရား။
အခြားသော သံဃာများနှင့် ပုံမှန် ဥပုသ်ပြုခြင်း၊ ပဝါရဏာ ပြုခြင်းများဟာ သံဃာတို့ အချင်းချင်း ဆွေးနွေးနှီးနှောခြင်း၊ သတိပေးထောက်ပြခြင်း၊ ဓမ္မရေးရာ မေးမြန်းလျှောက်ထားခြင်းများ ပြုလုပ်နိုင်ဖို့ အခွင့်ကောင်း ဖြစ်ပါတယ်ဘုရား။ အခြားသံဃာများနှင့် တရားဓမ္မကို ပုံမှန် ဆွေးနွေးသင့်ပါတယ်။
ဒိဋ္ဌိ ဟာ အနာဂါမ်တောင် ရှိဦးမှာပဲလို့ ထင်ကြောင်း လျှောက်ထားတဲံ့ ဒကာမလေးရဲ့ ထင်မြင်ချက်ဟာ မှားယွင်းပါတယ်ဘုရား။ အရိယာ လေးပါးထဲက အငယ်ဆုံး ဖြစ်တဲ့ သောတာပန်ပင်လျှင် ဒိဋ္ဌိ ဝီစိကိစ္ဆာ မရှိတော့ပါ။
ပိဋကတ်သုံးပုံကို ဆည်းပူးသင်ကြားတော်မူဖို့ လေးစားစွာ လျှောက်ထားပါရစေဘုရား။ ပိဋကတ် မြန်မာပြန်များလည်း အပြည့်အစုံ ရှိကြပါတယ်။ ပိဋကတ်သုံးပုံကို ဖတ်ရှုလေ့လာဖို့ဟာ ဘုရားတပည့်သားတို့အတွက် ခက်ခဲသောအမှု မဟုတ်ပါ။
တပည့်တော်ဟာ သံသရာမှ လွတ်မြောက်ကြောင်းတရားကို အားထုတ်နေဆဲ ကျင့်ကြံနေရဆဲသူသာ ဖြစ်ပါတယ်ဘုရား။ ဒါပေမယ့် လွတ်ရာလမ်း၊ လွတ်ရာအကျင့်ကို မြတ်စွာဘုရားရှင် အပြည့်အစုံ ဟောခဲ့ပြီးပါပြီ။ လမ်းသစ်ထွင်ရန် မရှိတော့ပါ။ ကိစ္စမပြီးသေးခြင်းဟာ တပည့်တော်ကိုယ်တိုင်ရဲ့ ဝိရိယ စတဲ့ အဓိပတိတရားများ မလုံလောက်သေးခြင်းကြောင့်သာ ဖြစ်ခြင်း တရားတော်မြတ်မှာ လိုအပ်ချက် အားနည်းချက် မရှိပါ။
သတိပဋ္ဌာန် တရားတော်အတိုင်း လိုက်နာကျင့်ကြံရင် တပည့်တော်တို့ တဏှာကုန်ချင်စိတ်လဲ တကယ်ရှိရင် တစ်နေ့ လမ်းဆုံးကို ရောက်ရမှာပါ။ ဖြောင့်ဖြောင့် မလျှောက်ဘဲ ဒီလို စကားလုံးသစ်တွေ တီထွင်ရင်း ရှုပ်ရှက်ခက်နေရင် လိုရင်းမရောက်ဘဲ လမ်းပျောက်ရုံသာမက တစ်ပါးသူတို့ကိုလည်း လမ်းပျောက် ချောက်ကမ်းပါးထဲ ဆွဲခေါ်မိပါလိမ့်မယ်ဘုရား။
ဝင်လေထွက်လေကို သို့မဟုတ် ကြွတယ် လှမ်းတယ် ချတယ် မြင်တယ် ထိတယ် စသဖြင့် ကာယာနုပဿနာကို မှတ်ခြင်း၊ ဆာတယ် နာတယ် စသဖြင့် ဝေဒနာနုပဿနာကို ရှုမှတ်ခြင်း၊ တွေးတယ် သတိရတယ် စိတ်ဆိုးတယ် လွမ်းတယ် ကြံစည်တယ် စသည်ဖြင့် စိတ္တာနုပဿနာကို မှတ်ခြင်း၊ ရုပ်နာမ်ကို အနိစ္စ ဒုက္ခ အနတ္တတင်၍ ရှုခြင်း စသည်ဖြင့် ဓမ္မာနုပဿနာကို ရှုမှတ်ခြင်းတို့သည် သံသရာမှ လွတ်မြောက်ကြောင်း တရားစစ်စစ် ဖြစ်ပါသည်။
တစ်ခုတစ်ယောက်တစ်ကောင်မရှိ စိတ်ဆိုတာမရှိ စသည့် ထင်ကြေးများမှာ တရားတော် မဟုတ်ပါ။ စိတ်ဆိုတာ ဧကန် ရှိ၍ပင် စိတ္တာနုပဿနာကို ထားခဲ့ပါသည်။ ရုပ်နာမ် ဧကန်ရှိ၍ ပရမတ်တရားလေးပါးထဲ ရုပ်နှင့် နာမ်ကို ထည့်သွင်းထားပါသည်။ ဘာမှ မရှိဘူးဟု နတ္တိအယူကို မဟောပြောသင့်ပါ။
(၅)mgtint16 on 7 February 2010 19:22 said...
တရားတော်လို့ မသတ်မှတ်နိုင်ပါ၊ သူပြောစကားကို နားထောင်ကြည့်ပါသည်။ တရားအနှစ်သာရများနှင့် လွဲချော်နေမှန်း သိပါသည်။ (သမထ) သမာဓိ လုပ်ငန်း လုပ်စရာ မလိုဘဲနှင့် ပညာကို ရတယ်ဆိုတဲ့ သူ့ယူဆချက်ဟာ ဘုရားဟော မဟုတ်ပါ။ သူ့၏ ယူဆချက်သက်သက်သာ ဖြစ်ပေသည်။ " သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ" သမာဓိရှိသူသည် မှန်ကန်စွာ သိမြင်နိုင်၏။ ဆိုသော ဘုရားရှင်၏စကားတော်ကို မထေမဲ့မြင် ပြုရာရောက်သဖြင့် ဆင်းရဲဒုက္ခရောက်ပြီး အမှားသံသရာလည်မည့်သူသာ ဖြစ်ပေသည်။ ထိုသို့သော သူများနှင့် တရားဆွေးနွေးလိုပါသည်။ ဖြစ်နိုင်လျှင် ဘွဲ့နှင့် လိပ်စာအပြည့်အစုံဖော်ပြပေးစေချင်ပါသည်။
(၆)Upasaka on 9 February 2010 20:55 said...
တော်တော်လွဲနေတာတွေ နားထဲကြားတော့ ပြောစရာတွေရှိလာတယ်။
_"ဘူတံ ဘူတော ပဿတိ" ... အရှိကိုအရှိအတိုင်းသိရမယ်ဆိုတဲ့ ပါဠိတော်အရ သတိကို ကပ်ပြီးအသိလိုက်နေရပါမယ်၊
_"ယထာ တထာ ၀ါ ပနဿကာယော ပဏိဟိတော ဟောတိ၊ တထာတထာနံ ပဇာနာတိ" ဆိုတဲ ပါဠိတော် ကိုဆန့်ကျင်နေပါတယ်။
_စိတ်ဆိုသော တရား အမှန်ရှိတဲ့အတွက် ပရမတ္ထတရား လေးပါးထဲမှာ ဘုရား ဟောထားပါတယ်။
_တရားတော်ဆိုတာ အစဉ်အတိုင်းသွားရတာပါ။ ကျော်လို့မရ ဘူး။ ဖြစ်ခွင့်လည်း မရှိ ဘူး၊
_"အနိစ္စကိုမြင်ရင် ကျန်တဲ့ဒုက္ခ ရော အနတ္တပါမြင်ပြီ" ဟု အနတ္တလက္ခဏသုတ်မှာ အတိကျဟောထားပါတယ်။
_ဖြစ်ပြီး ပျက်နေတဲ့ မတည်မြဲမှုဟာ "အနိစ္စ" ဟုဆိုထားပါလျှက် "ဖြစ်ပျက်သည် အနိစ္စတရား မမြဲခြင်း မဟုတ်"ဟု ဆိုပါလျှင် ကိုယ်တော်သိသော အနိစ္စကို ပါဠိတော်နဲ့ တကွထောက်ပြပေးပါ၊
ထူးခြားသော သုံးသပ်ချက်များကို ဖော်ပြခြင်း
Upasaka ၏ သုံးသပ်ချက်
စာရေးမယ် လုပ်လိုက် မရေးဖြစ်လိုက်နဲ့ တော်တော် ကြာသွားတယ်၊ ရေးချင်တာတွေကလည်း များနေတာကိုးဗျ ဒီကြားထဲ မဟာပါရမီရှင် မျာကလည်း ကိုယ့်ဘာသာ ကိုယ့်သာသနာကို စော်ကားနေတာတောင် သည်းခံကြတဲ့၊ အဲဒီသည်းခံကြဆိုတဲ့ ပုဂ္ဂိုလ်များကို မေးစမ်းပါရစေ ကိုယ်အိမ်ပေါ်တက်ပြီး ကိုယ့်အမေကို ဆဲတာ ရိုက်တာ စော်ကားတာကိုတွေ့ရင် ကိုယ့်ရှေ့မှောက် တင် လာစော်ကားနေရင် အဲလိုပဲ သည်းခံနေမှာလား၊ နည်းနည်းလောက် ဖြေပေးကြည့်ပါ၊
နောက်တစ်ခုက ခေတ်ဆန်း ၀ိပဿနာ တရားတော်များ ခေတ်စားလာတာဖြစ်ပါတယ်။ ချက်ခြင်းပဲ နိဗ္ဗာန်မျက်မှောက်ပြုနေတဲ့ ဟာမျိုး အထိ ဟောပြော ရေးသားလာတာတွေ တွေ့နေရတယ်၊ နည်းနည်းလောက် ပြောချင်ပါတယ်၊ "သစ္စာတရားကို ရှာတဲ့လမ်းမှာ ဖြတ်လမ်းမရှိဘူး" ဆိုတာလေးပါ။ သုညတဆိုတဲ့ စကားကို တွင်တွင်သုံးပြီး လမ်းလွဲနေကြတာ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ဟောတဲ့ သုညတရဲ့ အဓိပ္ပါယ်က ဆိတ်သုဉ်းခြင်း တိကျအောင်ဆိုရရင်တော့ လောဘ ဒေါသ မောဟ စတဲ့ကိလေသာအပေါင်းက ဆိတ်သုဉ်းခြင်း ခေတ်ဆန်းဆရာများပြောနေတဲ့။ သုညတ ကဘာလဲ ? မေ့ပြီးနေတာလား
မဟာယနကပြောတယ် "ဗလာစိတ်အခြေနေ"တဲ့ ဒီအချိန်မှာ ဘာအတွေးအကြံမှ မရှိ ဘူးတဲ့၊ မြတ်စွာဘုရားကဆုံးမတယ် "မေ့လျှောခြင်းဟာ သေခြင်း"ပဲတဲ့၊ ဒီတော့ သတိဦးတည်ပြီး သွားတဲ့ လမ်းစဉ်မှာ မေ့နေတယ် ဆိုကတည်းကတည်း မဟုတ်တာ ဟုတ်တာ သေချာတွေးကြပါ။
TL၏သုံးသပ်ချက်
စာတွေ့ကို အားမကိုး၊ ငါတွေ့သာ အမှန်ဆိုတဲ့ ယုံကြည်ချက် စွဲကိုင်ထားတာကြောင့်လို့ မြင်ပါတယ်။
ဆရာတော်က စအားထုတ်စဉ် လူ့ဘဝကတည်းက ဝိရိယ အရမ်းကြီးပါတယ်။ ဒါပေမယ့် တရားခွေတွေ နာယူတာမှတစ်ပါး တရားဓမ္မစာအုပ်တွေ ဖတ်ရှုတာ စိတ်ဝင်စားခဲ့ပုံ မရပါ။
ရိပ်သာတွေမှာ မိုဘိုင်းဖုန်း မပြောဖို့၊ စကားဝိုင်းဖွဲ့မနေဖို့၊ စာမဖတ်ဖို့ တားမြစ်တာတွေ ရှိပါတယ်။ စာမဖတ်စေချင်လို့ မဟုတ်ပါဘူး။ မိုဘိုင်းဖုန်း ပြောတာ၊ အမ်ပီဖိုးနဲ့ သီချင်းနားထောင်တာလိုပဲ အာရုံများပြီး တရားရှုမှတ်မှုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ တရားစခန်းဝင်နေတဲ့ ရက်ပိုင်းအတွင်း စာမေးပွဲရက်လို တရားသာ အဓိကထားစေချင်လို့ တားတာပါ။ ဒါတောင် ဒီအချိန်အတွင်း တော်ရုံတန်ရုံ ဖတ်တာလောက်ကိုတော့ ဆရာတော်တွေ မတားကြပါ။ ရိပ်သာက ထွက်ပြီးချိန်မှာလဲ ပရိယတ်နဲ့ နီးလေကောင်းလေပါပဲ။ စာတွေ့မလိုဘူးဆိုရင် သင်္ဂါယနာ တင်ခဲ့ရတာတွေ အချည်းနှီး ဖြစ်သွားနိုင်ပါတယ်။
ကိုယ်တွေ့သက်သက် တရားအားထုတ်ရုံနဲ့ တရားရမရ ဆိုတာက ဘုရားလောင်းရဲ့ ဆရာဖြစ်ဖူးတဲ့ အာဠာရနဲ့ ဥဒက ရသေ့ကြီးတွေ သက်သေ ရှိပါတယ်။ အာနာပါန ကမ္မဌာန်းကို နှစ်ရှည် အားထုတ်ခဲ့တဲ့ ရသေ့ကြီးတွေပေမယ့် ဘာမဂ်မှ မရခဲ့ပါ။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း တရားက ဘုရားသာသနာတွင်းမှာပဲ ရှိပါတယ်။
တရားအားထုတ်ရာမှာလဲ ဆရာသမားကောင်းဆိုတဲ့ ကလျာဏမိတ္တ လိုပါတယ်။ ဘုရားလက်ထက်တော်က အရှင်သာရိပုတ္တရာတို့ကအစ ရဟန္တာဖြစ်အောင် ကြိုးစားနေဆဲမှာ မြတ်စွာဘုရား ထိန်းသိမ်းစောင့်ကြပ် တရားတက်အောင် တည့်မတ်ပေးခဲ့ရပါတယ်။ ကိုယ်တွေ့အမြင်တွေ၊ တရားအတွေ့အကြုံတွေကို ဆရာတော်များထံ လျှောက်ထားတရားစစ်ခံခဲ့ရင် ကောင်းမယ် ထင်ပါတယ်။
ဆရာတော်ရဲ့ လက်ရှိအမြင်တွေ ဖြစ်တဲ့ ရုပ်မရှိ နာမ်မရှိ အမြင်တွေက တရားအားထုတ်ရင်း အနတ္တ လက္ခဏာ ထင်ရှားလာချိန်မှာ အနတ္တလို့ နှလုံးမသွင်းမိဘဲ မှားယွင်း တွေးယူ အဓိပ္ပာယ်ကောက်မိလို့ စွဲသွားဟန် တူပါတယ်။ စိတ်ထဲ အစွဲနက်သွားပြီဆိုရင် ပြန်ဖျက်ရ ခက်တတ်ပါတယ်။
Tha Kyar Min ၏ တိုက်တွန်းချက်
အဲဒါဘယ်ကဆရာတော်လည်းဟင်? http://www.dhammalaws.org/ ကိုဆက်သွယ်ကြပါ။ စောဒနာလွှာတင်သွင်းကြပါ။
ဘုန်းဘုန်းဦးလောကနာထ၏သုံးသပ်ချက်
ထေရ၀ါဒ မြတ်ဗုဒ္ဓရဲ့ သားတော်တစ်ပါး ဟောကြားထားတဲ့ တရားတော်တွေကို သာမာန်လူတွေ ဆွေးနွေးထားတာကို ဖတ်ရတော့ အံ့သြမိပါတယ်...
ဝမ်းလည်းသာမိတယ်...
ဆွေးနွေးထားသူတို့ရဲ့ ဆရာတော်အပေါ်ထားတဲ့ စေတနာ... အများသူငါ တရားမှားတွေ မကျင့်စေလိုတဲ့စေတနာတွေလို့ ခံစားမိတယ်...
ဘာလို့ ဆရာတော်အပေါ်ထားတဲ့ စေတနာလို့ ဆိုရသလဲဆို... လောကကြီးမှာ ဟောတရားများ မတရားဖြစ်နေပါတယ် မှားနေတာကို မှားပါတယ်လို့ ရဲရဲဝံ့ဝံ့ ထောက်ပြ၀ံ့သူဟာ အင်မတန်မှကို ရှားလှပါတယ်.... ဆရာတော်ဘက်က ကံကောင်းပါတယ်... စောစောစီးစီး မိမိကိုယ်ကို လေ့လာခွင့်ရသွားပါတယ်... ယူတတ်ကြပါစေ... ကွယ်ရာအတင်းတုတ် မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ အပုတ်ချ ဒါကိုစေတနာမခေါ်ပါဘူး... ခု... အလှတရားရဲ့ ဒီနေရာလေးကတော့ တင်ပြထားသူနဲ့ ကွန်မင့်ဝင်ရေးသူများရဲ့ မှန်တယ်ထင်တာလေးတွေကို သာသနာ့မျက်နှာကိုသာကြည့်ပြီး ဖေါ်ပြထားခြင်းသာ တွေ့ရပါတယ်...
ဆရာတော်ဘက်က လူငယ်တွေထောက်ပြထားတဲ့ အရာလေးတွေကို သေချာကြည့်ပြီး အမှားအမှန် ပြုပြင်သွားမယ်ဆိုရင်တော့ ဆရာတော်အတွက်ကော သာသနာအတွက်ကော ကြည်ညိုသူ တပည့်ဒကာဒကာမများ အတွက်ကော အဘက်ဘက်က ကောင်းလာမဲ့ လက္ခဏာတွေပါပဲ...
ဆရာတော်ဟောတရားတွေ မှားတယ်မှန်တယ်...ထေရ၀ါဒမြတ်နိုးသူတွေ တင်ပြမှု မှားတယ်မှန်တယ် ပြောဆိုခြင်းထက်...
"ထေရ၀ါဒီ မြတ်နိုးပါသည်လို့ ခေါ်ဆိုရမဲ့ သူတော်ကောင်း သံဃာတော်များနဲ့ ဒကာဒကာမများဟာ မြတ်ဗုဒ္ဓသာသနာအတွက် အချိန်တွေ အများကြီးပေးပြီး အွန်လိုင်းပေါ်မှ မတရားများကို စောင့်ကြည့်နေပါတယ်... ထွက်ပေါ်လာသမျှ တစစီ ဆွဲထုတ်သွားပါလိမ့်မယ်"လို့... အားလုံးကို အသိပေးပါတယ်...
တို့ သာသနာအတွက် သံဃာတော်တွေ ကြောင့်ကြမဲ့မနေ သာသနာပြုနေကြသလို သူတို့ လူသားတွေလည်း ကြောင့်ကျမဲ့ မနေကြပါလားလို့ တွေးမိပြီး ရင်ထဲက ကြည်ကြည်နူးနူးနဲ့ ၀မ်းမြောက်ဝမ်းသာ ခံစားရပါတယ်...
မြတ်ဗုဒ္ဓအမွေ စောင့်ရှောက်နိုင်ပါစေ...
ဦးလောကနာထ
၂.၇.၂၀၁၀
ဒကာလေးအလှတရားရေ...ဒကာလေး ကွန်မင့်စည်းကမ်းနဲ့ မညီရင်တော့ ဥပဒေအတိုင်းစီရင်ပါ...ကျေနပ်စွာ လက္ခံပါတယ်...
ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
နိဂုံး
ဤဝေဖန်မှုများကို ဖတ်ရှု၍ တစ်စုံတစ်ရာသော ကောက်ချက် ဆွဲရန်ဆန္ဒမရှိပါ။ မိမိတစ်ဦးတည်းအနေနှင့်မူ လူသားတစ်ဦး၏ ယုံကြည်ချက်ကို စာနာနားလည် လက်ခံပါ၏။ သို့ရာတွင် "ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုစများလျား ထားပချေမိ ငါ့ဝန်ရှိခဲ့" ဟူသော အရှင်မဟာရဋ္ဌသာရ၏ ဆုံးမထားချက်နှင့် အညီ မိမိသည် ဆိုသင့်ဆိုထိုက်ပြီး၊ ဆိုနိုင်စွမ်းအားရှိပါလျက် အမုန်းကို ကြောက်၍ မဆိုမပြော နောက်ဆုတ်နေရခြင်းမျိုးကို လွန်စွာ ရှက်နိုး၏။ အခြားသူများ သည်လည်း ထိုသို့ပင် ဖြစ်ပေမည်။
မိမိတို့သည် တတ်နိုင်လျက်နှင့် မိမိတို့ ယူသင့်ယူထိုက်သည့် တာဝန်ကို မယူမပြုခဲ့မိပါက သာသနာ့အရိပ်ထဲ ၀င်မိတိုင်း တာဝန်ကို ရှောင်လွှဲခဲ့သည့် အတိတ်ကို ပြန်ပြောင်းအောက်မေ့လျက် လိပ်ပြာမလုံ ဖြစ်ကြရလတ္တံ့ကို သိမြင်စိုးရိမ်ပေ၏။ သို့ဖြစ်၍ မိမိတို့သည် မိမိတို့၏ ဆိုအပ်သော စကားများကို သင့်သလောက် ဆိုကြပြောကြသည်။ မိမိတို့၏ ရည်ရွယ်ချက်ကိုကား အထူးပြောဖွယ်မရှိ။ ဘုန်းဘုန်း ဦးလောကနာထ ဆုံးမခဲ့သည့်အတိုင်း ဖြစ်ပေ၏။
"ထေရ၀ါဒီ မြတ်နိုးပါသည်လို့ ခေါ်ဆိုရမဲ့ သူတော်ကောင်း သံဃာတော်များနဲ့ ဒကာဒကာမများဟာ မြတ်ဗုဒ္ဓသာသနာအတွက် အချိန်တွေ အများကြီးပေးပြီး အွန်လိုင်းပေါ်မှ မတရားများကို စောင့်ကြည့်နေပါတယ်... ထွက်ပေါ်လာသမျှ တစစီ ဆွဲထုတ်သွား ပါလိမ့်မယ်" လို့... အားလုံးကို အသိပေးပါတယ်..."
မိမိတို့ဆောင်ရွက်ဖို့ မသင့်လျော်လျှင် အခြားသူတို့၊ အခြားသူတို့ အဆင်မသင့်လျှင် အခြားအခြားသော သူတို့ ဤသို့... စသည်ဖြင့် .. . ဆောင်ရွက်ကြ ပါလိမ့်မည်။
ု
(မှတ်ချက်။ ။ ယခုပိုစ့်တွင် ယခင်ပိုစ့်မှ ကွန်မန့်များအားလုံးကို အဖြတ်အတောက်မရှိ ဖော်ပြခဲ့သဖြင့် ဝေဖန်ခြင်းခံရသော တရားမေးဖြေ ပြုသူ နှစ်ပါး နှင့်တကွ၊ စာရှုသူများ အကျိုးကျေးဇူးများကြမည်ဟု ယုံကြည်ပါသည်။ ယခုပိုစ့်ကို ကွန်မန့်ပေးခွင့် မပြုနိုင်သည့်အတွက် ၀မ်းနည်းပါ၏။ ခွင့်မပြုရသည့် အကြောင်းမှာ ၉၆ နာရီ ဝေဖန်ဆွေးနွေးခွင့် ရှိသည်ဟူသော စည်းကမ်းချက်အရ ယခင် တရားဆွေးနွေး အမေးအဖြေကို ထပ်မံဝေဖန်ခြင်း မပြုနိုင်တော့ရန် ပိတ်ပင်လိုက်ရခြင်း ဖြစ်ပါသည်။ မြန်မာကျူးပစ်နှင့် အချို့ဖိုရမ်များတွင် ဆက်လက် ဝေဖန် ဆွေးနွေးနေကြသည်ကို ကြားသိရပါသည်။ ၀မ်းမြောက်ပါသည်။)