လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါကို စပ်စုခြင်း

နိဒါန်း

လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါ ဟူသည်မှာ mass psychogenic illness ဟူသော ဝေါဟာရကို ဘာသာပြန်ထားခြင်းသာ ဖြစ်သည်။ လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါ (mass psychogenic illness) ကို လူစုလူဝေးလိုက်ဖြစ်သော လူမှုရောဂါ (mass sociogenic illness) ဟူ၍ သုံးစွဲသည်ကို ဘာသိုလိုမြူး (ROBERT E. BARTHOLOMEW, PhD) ၏ စာတမ်းတွင် ဖတ်ရှုရသည်။ ၄င်းပုဂ္ဂိုလ်၏ စာတမ်းမှ ကျမ်းညွှန်းများကို အကုန်လိုက်မဖတ်နိုင်သည့်တိုင် ယင်းစာတမ်းသည် အဆိုပါစိတ်ရောဂါကို လေ့လာရန် အလွန်ကောင်းသော မြေပုံတစ်ချပ်ဖြစ်ကြောင်း လက်တို့အပ်ပါသည်။ စာရေးသူသည် စိတ်ပညာရှင်လည်းမဟုတ်၊ စိတ်ကျန်းမာရေးဆရာဝန်လည်း မဟုတ်သဖြင့် လူစုလူဝေးအလိုက်ဖြစ်သော စိတ်ရောဂါကို ဗဟုသုတလိုလားသော သာမန်လူ တစ်ယောက်၏ စပ်စုခြင်းသဘောထက် မပိုသော သဘောတရားနှင့်သာ လေ့လာပါသည်။ စိတ်ဝင်စား၍ ဖတ်ရှုမိသမျှ အချက်အလက်အချို့ကို ရင်းနှီးသော သူငယ်ချင်းများနှင့် နားညည်းခံနိုင်သော မိတ်ဆွေများကို ပြောပြငြင်းခုန်မိရာမှ ယင်းပြောပြချက်များကို မှတ်တမ်းတင်ချင်စိတ် ပေါ်ပေါက်လာသည်။ မှတ်တမ်းသဘောကို ပိုကဲထားသဖြင့် ဤဆောင်းပါးသည် အစီအစဉ်ကျချင်မှကျမည် ဖြစ်ကြောင်း၊ ထုံးဟောင်းနည်းနာများအတိုင်း ညီချင်မှညီမည်ဖြစ်ကြောင်း၊ အချက်အလက် စုံစုံညီညီနှင့်ရေးသော သုတေသနဆောင်းပါးမဟုတ်ကြောင်း၊ စပ်စုလိုသူအချင်းချင်း လက်တို့သော ဆောင်းပါးသာဖြစ်ကြောင်း တင်ကြိုအစီရင်ခံ ပါသည်။

အလယ်ခေတ်ကို စပ်စုခြင်း


လူစုလူဝေးအရ ဖြစ်သော စိတ်ရောဂါသည် ယနေ့ထိ ဖြစ်နေသော်လည်း သမိုင်းကြောင်းအရ အလယ်ခေတ်တုန်းက ဖြစ်ပျက်ခဲ့သည့် မှတ်တမ်းမှတ်ရာ စာအုပ်စာတမ်းများ ရှိခဲ့သည်။ စာရေးကောင်းသော ဒေါက်တာဟဲ့ခ်ကာ (I.F.C. Hecker,M.D)၏ အလယ်ခေတ်၏ကပ်ရောဂါများ စာအုပ်တွင် အံ့သြစဖွယ် အဖြစ်အပျက်များကို အသေးစိတ်ခြယ်မှုန်းထားတာ တွေ့ရပါသည်။

စိတ်ကြွအကရောဂါ (Dancing Mania) (From: Epidemics of the middle Ages
I.F.C. Hecker,M.D)


ဂျာမဏီနှင့်နယ်သာလန်

စိန့်ဂျွန်အက (St.John dance)

သေမင်းနက် (Black Death)ဟုတွင်သော အလယ်ခေတ်က ဥရောပတွင် ဖြစ်ပွားသည့် ပလိပ်ရောဂါကပ်ဆိုး၏ ဒဏ်ရာဒဏ်ချက်များ မပျောက်ကင်း မရှင်းလင်းသေးဘဲ သန်းပေါင်းများစွာသော လူများ၏ အုတ်ဂူများကို မြေဖို့ပြီးကာစအချိန်တွင် ဂျာမဏီနိုင်ငံ၌ စိတ်မချမ်းမြေ့ဖွယ် စိတ်နယ်လွန်ပြဿနာ သို့တည်းမဟုတ် ထူးဆန်းထွေလာ ယုံမှားလွန်ခြင်းစိတ်ရောဂါ တစ်ရပ်ပေါ်ပေါက်၍ လာခဲ့သည်။ ထိုဖြစ်ရပ်မှစသော စိတ်ကြွအကရောဂါသည် ဥရောပတနံတလျားကို ရာစုနှစ် နှစ်စုနီးပါး စိုးမိုးထားခဲ့ပြီး နောက်ထပ် ပြန်လည်မဖြစ်ပေါ်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုအကကို စိန့်ဂျွန်အက သို့မဟုတ် စိန့်ဗိုက်တပ်စ်အက (St.Vitus dance) ဟု ခေါ်ကြသည်။ ခံစားရသူများသည် အာခေါင်ခြစ်အော်ကြလျက်၊ ဒေါသအမျက် ခြောင်းခြောင်း ထွက်ကြလျက်၊ အမြှုပ်တစီစီ ထွက်ကုန်ကြလျက်၊ မိမိတို့၏ ဖုံးကွယ်အပ်သော ပုဂ္ဂလိကပစ္စည်းများကို ထုတ်ဖော်ပြသကုန်ကြလျက် အရူးအမူး ကခုန်ကြလေ့ရှိသည်။ ထိုအဖြစ်အပျက်သည် တစ်နေရာတည်းတွင် ဖြစ်ခဲ့သည်မဟုတ်ဘဲ နတ်ဆိုးအပူးခံရသော ကပ်ရောဂါ ဟုဆိုနိုင်လောက်အောင် ဂျာမဏီနိုင်ငံ တစ်နိုင်ငံ လုံးသာမက၊ အိမ်နီးချင်း နိုင်ငံများမှသည် အနောက်မြောက် ဥရောပ တလွှားအထိ ပျံ့နှံ့သွားလေသည်။

၁၃၄၇ ခုနှစ်ကပင် အခ်ဟန်မြို့ (Aachen) ၏ လမ်းမများ လမ်းသွယ်များပေါ်တွင် ယောကျာ်းမိန်းမ တစ်စုတစ်ဝေးကြီးသည် အောက်ပါအနေအထားအားဖြင့် ကပွဲခုန်ပွဲများကို ပြုလုပ်ကြလေသည်။ သူတို့ကား စက်ဝိုင်းပုံ လက်ချင်းချိတ်ကြကုန်သည် ဖြစ်၍ လူစိတ်ပျောက်သည်အထိ ကြမ်းကြမ်းတမ်းတမ်း၊ ကယောင်ကတမ်းနှင့် နာရီပေါင်းများစွာ ကခုန်ကြသည်။ နောက်ဆုံး ပင်ပန်းပြီး မြေပေါ်သို့ လဲကျကုန်လေသည်။ ထို့နောက် အလွန်အမင်း နင်းဖိထားတာမျိုး ကိုခံစားနေရသည်ဟု ပြောကြပြီး သေလုမတတ် နာနာကျင်ကျင် ခံစားရသဖြင့် အော်ဟစ်နေကြပြန်သည်။ ထို့နောက် အ၀တ်များကို ခါးတွင် တင်းတင်းပြန်စည်းလိုက်ကြပြီး ဝေဒနာများမှ ကင်းလွတ်ကြကာ နောက်တစ်ကြိမ် ထိုးနှက်မှုမဖြစ်မီအထိ အကောင်းပကတိ ဖြစ်ကြပြန်သည်။ ကခုန်ခြင်းဖြစ်နေချိန်တွင် ၀ိုင်းကနဲဒိုင်းကနဲ အသံများထွက်ပေါ်လာပါက မကြာခဏ သက်သာသွားတတ်သည်။ သာမန်အားဖြင့် ကခုန်နေချိန်တွင် ဘေးဘီကို မြင်ရကြားရလေ့ မရှိဘဲ အချို့က သွေးစီးကြောထဲတွင် နစ်မြုပ်နေသည်ဟု ခံစားရကြောင်း ပြောပြကြသည်။ အချို့ကတော့ ကောင်းကင်ဘုံကို မြင်ကြရသည်ဆိုပြီး အချို့က စိန့်ဆာဗွိုင်းယားကို အပျိုစင်မေရီနှင့် ယှဉ်တွဲတွေ့ဆုံသည်ဟု ဆိုကြသည်လည်း ရှိသည်။ ဘာသာတရားဆိုင်ရာ ကြုံတွေ့မှုများမှာ ထူးဆန်းပြီး အမျိုးမျိုးကွဲပြားနေကြသည်။

ရောဂါပြင်းထန်သော အချိန်တွင် ၀က်ရူးပြန်ခြင်း၊ တက်ခြင်း (epileptic convulsion) များ ဖြစ်ပေါ်လာသည်။ မြေပြင်ပေါ်သို့လဲကျပြီး သတိကင်းမဲ့သွားကြသည်။ ထို့နောက် အသက်ကို ပြင်းထန်စွာရှူနေကြသည်။ ထို့နောင်မှတဖန် ရုတ်တရက် ပြန်ထကြပြီး ပါးစပ်မှ အမြှုပ်တစီစီထွက်၍ တွန့်လိမ်ကောက်ကွေး ပုံစံအမျိုးမျိုးဖြင့် ကကြပြန်သည်။ ဖြစ်ပေါ်မှုပုံစံများမှာ အမျိုးမျိုးကွဲပြားနေသည်။ အချို့ကလည်း နာမ်လောကကို တွေ့ရှိရသည်ဟု မပြည့်မစုံပြောကြပါသည်။

ထိုနတ်ဆိုး၏ကပ်ရောဂါသည် လအနည်းငယ်ကြာပြီးနောက် နယ်သာလန်နိုင်ငံကို ပျံ့နှံ့သွားသည်။ နယ်သာလန်နိုင်ငံရှိ Liege, Utrecht, Tongres နှင့် ဘယ်လ်ဂျီယမ်နိုင်ငံ၏ မြို့အများအပြားတွင် မူ ကခုန်သူများသည် သူတို့၏လက်များတွင် ကြိုးများစည်းနှောင်၍၊ ခါးတွင်အ၀တ်များ စည်းနှောင်၍ ကခုန်ကြသည်။ ထိုစည်းနှောင်ထားသော နေရာများကို တုတ်တချောင်းထိုးထည့်၍ တင်းကြပ်အောင် ဆွဲလိမ်လိုက်သောအခါ သတိလည်လာတတ်သည်။ အချို့ကမူ လက်သီးနှင့်ထိုး ခြေနှင့်ကန်လျင် ပိုပြီးသတိလည်တတ်သည်။ ကခုန်သူများ ပေါ်ပေါက်လာသည်နှင့်အမျှ ထိုသို့ကူညီပေးနိုင်မည့် လူအများအပြားကလည်း ဘေးမှာရပ်ကြည့်နေသည်သာ ဖြစ်ပါသည်။

မြို့ရွာများအတွင်း ကခုန်သူများသည် ဘာသာရေးအဆောက်အဦများကို သိမ်းပိုက်ကြပြီး တရားဓမ္မများဟောပြောကြ၊ ဓမ္မတေးများသီဆိုကြ နှင့် ပြုလုပ်ကြပါသည်။ သို့ရာတွင် နတ်ဆိုး၏ ကပ်ရောဂါကမူ အံ့အားသင့်ခြင်းနှင့် ကြောက်ဖွယ်ကောင်းခြင်းတို့ကြောင့် စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်အနေနှင့်သာ လွှမ်းမိုးထားခဲ့သည်။ လိဂ်မြို့ (Liege) တွင်မူ ခရစ်ယာန်ဘုန်းတော်ကြီးများက အစွဲချွတ်ခြင်း ကိစ္စများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ကြသည်။ အယူသည်းသမားများသည် ရှူးဖိနပ်အချွန်များကို မ၀တ်ဆင်ဘဲ ရှူးဖိနပ်ထိပ်တုံးများကို ၀တ်ဆင်မှ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ခြောက်လှန့်ကြ အမိန့်ပြန်တမ်းများထုတ်ကြနှင့် အလုပ်များကြပြန်သည်။ သူတို့က အနီရောင်ကိုလည်း ကြောက်ကြသည်။ ကခုန်သူများနှင့် အနီရောင်၏ အဆက်အစပ်မှာ ၀က်ရူးပြန်အပြီး အာရုံကြောများ တမျိုးတမည် ဖြစ်သွားတာနှင့် သက်ဆိုင်ဟန်တူသည်။

ကခုန်သူများသည် ဘာသာရေးနှင့် သီးခြားသက်ဆိုင်နေသည်ဟု ဘုန်းတော်ကြီးများက တစ်နေ့ထက်တစ်နေ့ ပိုမိုယုံကြည်လာ ပိုမိုသေချာလာကြပြီးသကာလ၊ အစွဲချွတ်ခြင်း (exorcism) များကို ဆထက်ထမ်းပိုး တိုး၍ ကြိုးစားကြလေသည်။ သို့မှသာ မကောင်းဆိုးဝါးများ ပျံ့နှံ့မသွားအောင် ထိန်းသိမ်းနိုင်မည် ဟုယုံကြည်ကြသည်။ အချို့အစွဲချွတ်ခံရသူများကလည်း နောက်ရက်အနည်းငယ်သာ ဆက်လက်နေထိုင်ခွင့်ရလျှင် သူတို့သည် မြင့်မြတ်သူများ၏ ခန္ဓာကိုယ်များကို ၀င်ရောက်ပြီး ဘုန်းတော်ကြီးများကိုပါ သတ်ဖြတ်ဖျက်ဆီးပစ်မည်ဟု ဆိုကြသကိုး။ ဆယ့်လေးရာစု၏ အကောင်းဆုံး ဆေးဝါးတော်ကြီးမှာလည်း အစွဲချွတ်ခြင်း ဖြစ်လေသည်။ မည်သို့ဆိုစေ ပျောက်ချိန်တန်လို့ပဲ ပျောက်သွားသည် ဆိုရမည်လားမသိ၊ လအနည်းငယ်ကြာသောအခါ အဆိုပါ စိန့်ဂျွန်အက (St. John's dance) သည် နောက်ထပ်တစ်ဖန် မဖြစ်တော့မူဘဲ လုံးဝပျောက်ကွယ်သွားလေသည်။

ဂျာမနီကို ပြန်ကောက်ကြဦးမည်။ ဂျာမနီနိုင်ငံ အခ်ဟန်မြို့ ကခုန်ရူးသွပ်မှုစတင်ပြီး လအနည်းငယ်အကြာတွင် Cologne ၌လည်း လူငါးရာကျော်ခန့် အလားတူ ဖြစ်ပွားသည်ကို တွေ့ရသည်။ တချိန်တည်းမှာပင် Metz မြို့၏ လမ်းမများကို ယောင်မှား၍ ကြည့်မိလျှင် ကခုန်သူ တစ်ထောင့်တစ်ရာခန့် ရှိနေသည်ကို တွေ့ရလိမ့်မည်။ တောသူတောင်သားများက လယ်ကွက်ထဲမှာ ထွက်ခဲ့ကြ၍၊ စက်ပြင်ဆရာများက ၀ါ့ခ်ရှော့များကို ပိတ်ခဲ့ကြ၍၊ အိမ်ထောင်ရှင်မများက အိမ်အလုပ်များကို ပစ်ထားခဲ့ကြ၍ ကပွဲကို ၀င်ရောက်အားပေး ကြကုန်သည်။ ချမ်းသာသော မြို့တော်ကြီးမှာ အပျက်အစီးပုံကြီး ဖြစ်သွားခဲ့သည်။ ကောင်ကလေး၊ ကောင်မလေးများက မိဘများထံမှ ခွဲခွာခဲ့ကြ၍၊ အစေခံများက သခင်ထံမှ ထွက်ခွာခဲ့ကြ၍ အဆိုပါ ကခုန်ပွဲကြီးကို ရှုမောသုံးသပ်ရုံမက စိတ်ရောဂါ၏ အဆိပ်ခိုးငွေ့များကို လောဘတကြီး ရှူရှိုက် အကူးစက်ခံကြကုန်သည်။

ဆက်ဦးမည်...

စာညွှန်း

1.Wikipedia
2.Epidemics of the middle Ages By I.F.C. Hecker,M.D
3.REVIEW ARTICLE
Protean nature of mass sociogenic illness
From possessed nuns to chemical and biological terrorism fears
ROBERT E. BARTHOLOMEW, PhD










Reblog this post [with Zemanta]

0 comments: