လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါကိုစပ်စုခြင်း-၁
စိန့်ဗိုက်တပ်စ်အက (St.Vitus Dance)
၁၄၁၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ စထရာ့စ်ဘာဂ် (Strasburg) သို့ ကခုန်ခြင်းပလိပ်ရောဂါ (Dancing Plague) ပြန့်နှံ့လာသည်။ ကခုန်ခြင်းပလိပ်ရောဂါ၏ အဓိပ္ပါယ်ကား ပလိပ်ရောဂါကဲ့သို့ ကူးစက်မြန်သော ကခုန်ခြင်းရောဂါ ဟူလို။ လက္ခဏာများကား ဘယ်လ်ဂျီယမ်နှင့် ရိုင်းမြစ်အောက်ပိုင်းမှ မြို့များရှိ လူပုဂ္ဂိုလ်များနည်းတူ ဖြစ်လေသည်။ ပထမပိုင်းတွင် ကခုန်သူများကို ၀ိုင်းဝန်းကြည့်ရှုကြပြီး နောက်ပိုင်းတွင် ကြည့်ရှုသူများပါ ကခုန်သူများ ဖြစ်လာကြသည်။ လေအိတ်ပုလွေများကို မှုတ်နေကြသည့် ဂီတပညာရှင်များပါ တွဲဖက်အသုံးတော်ခံလျက် ကခုန်သူများသည် နေ့ရောညပါ လမ်းများပေါ်တွင် သွားလာနေကြကုန်သည်။ လာရောက်ကြည့်ရှုသူများတွင် အချို့က စပ်စုသည့်သဘောနှင့် လာရောက်ကြည့်ရှုကြသူများဖြစ်ပြီး အချို့ကတော့ မိမိတို့၏ ဆွေမျိုးသားချင်းများအတွက် ရတက်မအေးကြသဖြင့် လာရောက်စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
မြို့နယ်ကောင်စီက ရောဂါခံစားသူများကို စိတ်ဝင်တစား ကူညီဖြေရှင်းပေးဖို့ ကြိုးစားသည်။ ကခုန်သူများကို အုပ်စုများခွဲထုတ်ပြီး ယင်းအုပ်စုများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် သို့မဟုတ် ခံစားရမှုများမှ သက်သာစေရန် ခေါင်းဆောင်များခန့်အပ်တာဝန်ပေးသည်။
ယင်းအုပ်စုများသည် စိန့်ဗိုက်တပ်စ် ဘုရားရှိခိုးကျောင်းများသို့ ခြေလျင်တမျိုး၊ ယာဉ်အသွယ်သွယ်နှင့်တဖုံ သွားရောက်ကြသည်။ ကျောင်းရောက်သောအခါ ဘုန်းတော်ကြီးများက ဦးဆောင်ပြီး ဘုရားဝတ်ပြုကြသည်။ ထို့နောက် သူတော်စင် စိန့်ဗိုက်တပ်စ်အား ပူဇော်သည့် ပလ္လင်စင်မြင့်၌ သွားရောက်လှူဒါန်းကြ ဆုတောင်ခြင်းများ ပြုလုပ်ကြသည်။ ဘာသာတရားကို ကြည်ညို ကိုင်းရှိုင်းမှုနှင့်အတူ နေရာ၏ မြင့်မြတ်မှုကြောင့် ကပ်စွဲသော ဝေဒနာတို့ ချုပ်ငြိမ်းပါစေသားဟု ဆန္ဒပြုကြသည်။ သူတော်စင်ကို ပူဇော်အပြီးတွင် စိတ်ကြွအကရောဂါ မဖြစ်ပေါ်တော့ဟု ပြောကြသည်။ ယင်းအက ရောဂါကို ကူညီနိုင်သူမှာ စိန့်ဗိုက်တပ်စ် သာလျှင် ဖြစ်သည် ဟူသတတ်။ ဒါကတော့ ပဉ္စလက်ဆန်ပြီး လူသားများဥာဏ်မမီ နိုင်တာမျိုးဖြစ်သည်ဟူ၍ မှတ်ယူကြပါစို့။
စိန့်ဗိုက်တပ်စ်သည်အသူနည်း
စိန့်ဗိုက်တပ်စ်၏ အထုပ္ပတ္တိကို ဤနေရာတွင် အသေးစိတ်မဖော်ပြတော့ဘဲ ဤရောဂါနှင့်အဆက်အစပ်ကိုသာ ဖော်ပြတော့မည်။ သူက စစ္စလီကျွန်းသား (Sicilian) ဖြစ်ပြီး မိုဒတ်စ်တပ်စ်တို့ ခရက်စန်ရှား တို့နှင့်အတူ အေဒီ ၃၀၃ခုနှစ်၌ ရောမဧကရာဇ် ဒိုင်ယာကလစ်ရှန်က ခရစ်ယာန်များကို သုတ်သင်ခံရသည့်ပွဲတွင် အသတ်ဖြတ်ခံရပြီး အာဇာနည်(matyr) အဖြစ် မှတ်ယူခံရသူ ဖြစ်သည်။ ပထမရာစုအစောပိုင်းနှစ်များတွင် သူ့အကြောင်းကို သိပ်မသိကြသေးဘဲ သက္ကရာဇ် ၈၃၆ တွင်မှ ကော်ဗေးဘုရားကျောင်း (Corvey) တွင် သူ့ကို အလေးအနက် ပူဇော်တာမျိုး စတင်ကြသည်။ ထို့နောက် စိန့်ဗိုက်တပ်စ်သည် သူတော်စင်ဆယ့်လေးပါး (Nothhelfer or Apoththeker) စာရင်းဝင် ဖြစ်လာသည်။ သူ့ကိုပူဇော်သော ပလ္လင်စင်မြင့်များ များပြားလာသည်။ သူ့လည်ပင်းကို ဓားတင်ခံရသည့် အချိန်တုန်းက စိန့်ဗိုက်တပ်စ်က သူ့ကိုပူဇော်သူများ၏ စိတ်ကြွအကရောဂါကို ကာကွယ်နိုင်သူ ဖြစ်ရပါစေသား ဟူ၍ ဘုရားသခင်ထံမှာ ဆုတောင်းသည်ဟု ဒဏ္ဍာရီတစ်ခုက ဆိုထားသည်။ သို့ဖြစ်၍ ရေကျောက်ပေါက်ခြင်းကို နိုင်နင်းသော စိန့်မာတင်၊ ငရဲမီးကို နိုင်နင်းသော စိန့်အန်ထောနီးယပ်စ်၊ မီးနေသည်များနှင့်သက်ဆိုင်သော စိန့်မာဂရက်တို့နည်းတူ ကခုန်ခြင်းပလိပ်ရောဂါ အတွက် စိန့်ဗိုက်တပ်စ်သည် မကြာခဏ ပူဇော်တာခံရတော့သည်။
စိန့်ဗိုက်တပ်စ်ကို ပူဇော်သောပလ္လင်ရှေ့တွင် ကသောအကသည် စိန့်ဗိုက်တပ်စ်အကဟူ၍ ကျော်ကြားလာပြီး အာရုံကြော ချို့တဲ့၍ဖြစ်သော ခိုရီယာ (Chorea) ကို St.Vitus Dance ဟူ၍ ခေါ်ကြသည်ကို ဆေးလောကသားများ ရင်းနှီးပြီးသား ဖြစ်သည်။ စိန့်ဗိုက်တပ်စ်ကို အဆိုပါ ရောဂါရှင်များသာမက သရုပ်ဆောင်များ၊ ဟာသသရုပ်ဆောင်များ၊ အကပညာရှင်များကလည်း လုပ်ငန်းကိုင်ငန်းအဆင်ပြေဖို့ မကြာခဏ ပူဇော်ကြသည်။
စိန့်ဂျွန်အကဟုအဘယ်ကြောင့် ခေါ်ရသနည်း
ယင်းစိတ်ကြွအက ရောဂါစတင်ဖြစ်ပွားရာ ဂျာမနီနိုင်ငံ အခ်ဟန် (Aachen or Aix-la-Chapelle) မှ ရှေးဦးဆုံးကခုန်သူများသည် ၁၃၇၄ ခုနှစ် စိန့်ဂျွန်နေ့ တွင် စိန့်ဂျွန်၏နာမည်ကို အော်ဟစ်ကာ ကခုန်ကြသည်ဟု ယုံကြည်ကြသည်။ ထိုမှတဆင့် ပလိပ်ရောဂါတမျှ ကူးစက်တတ်သော အနှီစိတ်ရောဂါသည် ထောင်ပေါင်းများစွာသော လူများ၏ စိတ်ကို တနည်းတဖုံ ထိခိုက်စေခဲ့သည်။ ထို့ကြောင့် စိတ်ကြွအကရောဂါကို St John's Dance ဟုလည်း ခေါ်တွင်သည်။
ထို့ထက်စောသောကာလ
၁၃၇၄ ခုနှစ်က ဖြစ်သော အဖြစ်အပျက်ကို စိတ်ကြွအကရောဂါ၏ ပထမမူလဟု ခေါ်ရန်မဖြစ်နိုင်ပါ။ အကြောင်းက ၁၂၃၇ နှစ်တွင် ဂျာမနီနိုင်ငံ Erfurt တွင် ကလေးငယ် တစ်ရာခန့်သည် အန်းစတတ် မြစ်ကမ်းပါးတွင် အလားတူ စိတ်ကြကခုန်ခြင်း ဖြစ်ပွားခဲ့သောကြာင့် ဖြစ်၏။ ကခုန်ခြင်းအပြီးတွင် ကလေးငယ်များသည် မြေပြင်ပေါ် လဲကျသွားကြပြီး အချို့မှာ သေဆုံးသွားကြသည်။ အချို့မှာ တစ်သက်လုံး အမြဲတမ်းလက်တုန်ခြင်းဝေဒနာ (permenant tremor) ခံစားကြရသည်ကို တွေ့ရသည်။ (Fr: J.Cjr.Bechmann,Historia des Furstenthms Anhalt,Zerbates) အေဒီ ၁၂၇၈ ဇွန်လ ၁၇ ရက်နေ့တွင်လည်း နယ်သာလန်နိုင်ငံ Utrecht မြို့တွင် လူနှစ်ရာခန့်အလားတူ ရောဂါစွဲကပ်ပြီး ရေနစ်သေဆုံးသည်။ ၁၀၂၇ တွင်လည်း Bernburg မြို့အနီး church of Kolbig ၌ အလားတူရောဂါ ဖြစ်ပွားခဲ့သေးသည်။
ကခုန်ခြင်းရောဂါစွဲကပ်သူများအားလုံး ကောင်းမွန်စွာ ဆက်ဆံခံရသည်တော့မဟုတ်။ အထူးသဖြင့် သမိုင်းတလျှောက်တွင် ဘာသာတရားဆိုင်ရာ ပုဂ္ဂိုလ်များ၏ အပြစ်ပေးခြင်းကို ရက်စက်စွာခံကြရသည်ကို နောက်တွင် သာ၍ထင်ရှားလိမ့်မည်။ အချို့က ဘုန်းတော်ကြီး Ruprecht၏ အပြစ်ပေးခြင်းကို ခံရသော တောသူတောင်သား ကခုန်သူ ၁၈ ဦး၏ နာမည်ကို မှတ်ထားကြတာမျိုးတောင် ရှိသည်။ ကံဆိုးသူ ဆယ့်ရှစ်ဦးသည် ဒူးအောက်ထိမြေမြှုပ်ခံရပြီး အစာမကျွေးဘဲအငတ်ခံထားကာ အပြစ်ပေးတာခံရသည်။ နောက်ဆုံးဘစ်ရှော့ပ်စ် ဘုန်းတော်ကြီးများက လွှတ်ပေးလိုက်ရသည်။
ဆေးသုတေသန
စိန့်ဂျွန်အက သို့မဟုတ် စိန့်ဗိုက်တပ်စ်အကများသည် ဆယ့်ငါးရာစုနှင့် ဆယ့်ခြောက်ရာစုများအထိ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး ဆယ့်ခြောက်ရာစု အစောပိုင်းတွင် ဆေးပညာသုတေသန၏ နယ်ပယ်ထဲသို့ ခေါင်းစဉ်တစ်ခုအဖြစ် ရောက်ရှိလာသည်။ ကျွန်တော်တို့ စိတ်ဝင်စားသည်မှာ ပဉ္စလက်ဆန်ခြင်းနှင့် သူတော်စင်တို့၏ လွှမ်းမိုးမှုကို ခံနေရသော ရောဂါအဖြစ်မှ လူ့လောကီဘုံထဲ ပြန်ဆွဲသွင်းကာ ဆေးသုတေသနအသစ်များပြုလုပ်ခဲ့သော ပါရာဆဲလ်စပ် (Paracelsus) ကို ဖြစ်ပါ၏။ ပါရာဆဲလ်စပ်၏ လေ့လာချက်များကို ကျွန်တော်တို့ မကြာမီ စပ်စုကြမည် ဖြစ်ပါသည်။
ဆက်ပါဦးမည်
1.Wikipedia
2.Epidemics of the middle Ages By I.F.C. Hecker,M.D
3.REVIEW ARTICLE
Protean nature of mass sociogenic illness
From possessed nuns to chemical and biological terrorism fears
ROBERT E. BARTHOLOMEW, PhD

3 comments:
ကောင်းပါတယ် ။ မှတ်တမ်းတင်ပြီး PUBLIC မှာ များများ စားစားထုတ်ဝေနေတဲ့ စာစောင်တစ်ခုမှာပါသင့်တဲ့ စာမျိုးပါ ။ စိတ်ဝင်စားစရာကောင်းသလို ရေးထားတဲ့လူရဲ့ အချိန်ပေးပြီး အချက်အလက်စုဆောင်းရှာဖွေထားမှုကိုလဲ အသိအမှတ်မပြုပဲမနေသင့်တဲ့စာမျိုးပါ ။ နောက်တစ်ခုဆက်မျှော်နေပါတယ် ။
ဝီကီမှာ ဖတ်ကြည့်တော့ အဲဒီ Dancing mania ကို အခြားနေရာတွေမှာဖြစ်တဲ့ အကြောင်းရင်းစစ်ကို မပြောကြပေမဲ့ Aachen မှာဖြစ်တာကိုတော့ Ergot Poisoning (ရိုင်း မှာဖြစ်တဲ့ မှိုဆိပ်သင့်ခြင်း) လို့ ၀ီကီမှာဖတ်လိုက်မိသလားလို့။ စာဖတ်သူကပဲ စိတ်စောပြီး ကြိုပြောမိတာလား။ ရေးသူက မပြီးသေးတာလား။ ဆရာဝန်က ပိုသိမှာပေါ့လေ။ ကျန်တာတော့ လူစုလူဝေးဖြစ်နိုင်ပါတယ်။ --
ဟုတ်တယ်။ Ergot ဟာလည်း သီဝရီအများထဲက တစ်ခုပေါ.။
Post a Comment