ပါရာဆဲလ်စပ်စ် (Paracelsus)
"ကျွန်ုပ်တို့သည် သူတော်စင်တွေက ရောဂါတွေဖြစ်အောင် ဖန်တီးနိုင်တဲ့ အစွမ်းရှိသည် ဆိုကြခြင်းကိုလည်းကောင်း၊ ရောဂါများကို သူတို့နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ခြင်းကိုလည်းကောင်း လက်သင့်ခံလိမ့်မည် မဟုတ်ပါ။ သို့သော် သီယိုလော်ဂျီထဲက သူတော်စင် အများအပြားမှာမူ အဆိုပါ မတိကျသော အချက်အလက်ပေါ်တွင် အကြီးအကျယ် ရပ်တည်နေသည်။ ထိုမတိကျသော အချက်များမှာ သဘာဝတရားအပေါ်ထက် ဘုရားသခင်ကို အကြောင်းပြုနေခြင်း ဖြစ်လေသည်။
ကျွန်ုပ်တို့ကား ထိုကဲ့သို့ အဓိပ္ပါယ်ကင်းမဲ့သည့် အတင်းအဖျင်းများကို မနှစ်သက်ပါ။ ထိုသိမ်ဖျင်းသော အချက်အလက်တို့သည် ရောဂါလက္ခဏာများကို အခြေခံသည် မဟုတ်၊ ယုံကြည်မှု သဒ္ဓါတရားကိုသာ အခြေခံခြင်းဖြစ်ပါ၏။ သဒ္ဓါတရားသည် လူသားမဟုတ်သော အရာဝတ္ထုဖြစ်ပြီး ထိုသို့ဖြစ်အောင် နတ်ဘုရားများက ကိုယ့်ကိုယ်ကိုယ် တန်ဖိုး သတ်မှတ်ပေးထားခြင်း မဟုတ်ကြောင်း ပြောဆိုလိုသည်။"
အထက်ပါစကားများမှာ ပါရာဆဲလ်စပ်စ်က သူ၏ ခေတ်ပြိုင်ပုဂ္ဂိုလ်များကို ပြောခဲ့သော မိန့်ခွန်းမှ ဖြစ်သည်။ သူ၏ ခေတ်ပြိုင်ပုဂ္ဂိုလ်များမှာ သူ့သဘောတရားများကို သဘောတူလက်ခံဖို့ မဖြစ်နိုင်ခဲ့ပါ။ သူတို့က ၀ိဥာဉ်လောကပေါ် ထားရှိသော မတုန်မလှုပ်သည့် သဒ္ဓါတရားအားဖြင့် နေမြဲအတိုင်း နေကြကုန်သည်။ သို့ဖြစ်၍ သူတို့၏ ရှိရင်းစွဲ အယူအဆအားလျော်စွာ မကောင်းဆိုးဝါး ဖမ်းစားခံရသော သားကောင်များအဖြစ်မှ တဆင့်မတက်ဘဲ ရှိခဲ့ကြလေသည်။
ပါရာဆဲလ်စပ်က စိန့်ဗိုက်တပ်စ်အကကို သုံးမျိုးခွဲခြားသည်။ သူ့အလိုအရ ပထမအမျိုးအစားသည် စိတ်ကူးယဉ်မှု (imagination) မှ ပေါ်ပေါက်လာသည်။ လက္ခဏာများကို (Vitista, Chorea imaginativa, estimativa) ဟု ခေါ်သည်။ ဒုတိယအမျိုးအစားမှာ စိတ်စွမ်းအားနှင့် ဆန္ဒ (Will and desire) ကြောင့် ဖြစ်ပေါ်ရသည်။ လက္ခဏာကို (Chorea lasciva)ဟု ခေါ်သည်။ တတိယအားဖြင့် လူ့ခန္ဓာကိုယ်ရုပ်ဖောက်ပြန်မှု ( Corporeal causes)ကြောင့် ဖြစ်ပေါ်ရသည်။ ယင်း၏ လက္ခဏာကို(Chorea naturalis,coacta)ဟုခေါ်သည်။
စိတ်ကြွအကရောဂါနှင့် ပတ်သက်၍ သူ့ကို ကျွန်တော်တို့ ကြီးမြတ်သော ချီးမွမ်းထောပနာများ မပေးနိုင်ပါ။ သို့ရာတွင် သူ့ခေတ်သူ့အခါအရ သူ့ဆောင်ရွက်ချက်များကိုကား အသိအမှတ်ပြုသင့်သည့် စာရင်းအတွင်း ထည့်သွင်းရလိမ့်မည်ဖြစ်၏။
သူ့အလိုအရ စိတ်ကူးယဉ်ခြင်းကြောင့် ဖြစ်လာသော ပထမရောဂါအမျိုးအစားကို သူက စိတ်တည်းဟူသော ဆေးဝါးနှင့် ကုသည်။ လူနာသည် သူ၏ ပုံတူကို ပျားဖယောင်းနှင့် ထုလုပ်ပြီး သူ၏အပြစ်များအားလုံးကို ထိုရုပ်တုအတွင်း ထည့်သွင်းသည်ဟု မှတ်ယူရသည်။ ထို့နောက် ထိုပုံတူရုပ်ထုကို မီးရှို့ဖျက်ဆီးပစ်သည်။ စိတ်စွမ်းအားနှင့် ဆန္ဒတို့ကြောင့် ဖြစ်ရသော၊ တနည်းအားဖြင့် စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ရသော ဒုတိယအမျိုးအစားတွင် မိန်းမများက ယောကျာ်းများထက် ပိုအဖြစ်များသည်။ ထိုသို့သော လူနာများကိုမူ ပြင်းထန်သော ကုထုံးနှင့် အစာအငတ်ခံထားခြင်းကို ညွှန်ကြားသည်။ လူနာကို လွတ်လပ်ခွင့်မပေးဘဲ ချုပ်နှောင်ကာ တင်းကြပ်သော နေရာတွင်ထားပြီး ထိုင်ရခက်အောင် ပြုလုပ်ထားသည်။ လူနာ၏ မသက်သာသော အခြေအနေက ခံစားနေရသော အပြစ်မှ လွတ်မြောက်စေမည် ဟု ယူဆခဲ့သည်။ ထို့နောက်မှ ဖြည်းဖြည်းချင်း မူလအခြေအနေအတိုင်း လွတ်လပ်ခွင့်ကို ပြန်ပေးသည်။ အာရုံကြောများ၏ လှုပ်ရှားခြင်းကို သက်သာစေဖို့ ပါရာဆဲလ်စပ်သည် ရေအေးထဲတွင် စိမ်ခိုင်းခြင်းမျိုးကို သဘောကျသည်။ တတိယအမျိုးအစားနှင့် ပတ်သက်၍ ဤနေရာတွင် အကျယ်ချဲ့ပြရန် မစွမ်းသာတော့ပါ။ ပါရာဆဲလ်စပ်စ်ကို ၁၄၉၃ ဒီဇင်ဘာလတွင် ဆွစ်ဇာလန်နိုင်ငံ၌ မွေးဖွားသည်။ ပါရာဆဲလ်စပ်စ်သည် အလွန်စစ်မှန်သော သီဝရီကို တီထွင်ခဲ့သူမဟုတ်သော်ငြား၊ သူတော်စင်နှင့် ဘာသာတရား အမြင်ကို ဆေးပညာ အမြင်ဖြင့် အစားထိုးဖို့ ကြိုးစားခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သတိမူရမည် ဖြစ်လေသည်။
စိတ်ကြွအကရောဂါ ကျဆင်းလာခြင်း
ပါရာဆဲလ်စပ်စ်၏ ခေတ်မှစ၍ စိတ်ကြွအကရောဂါ ၏ ဖြစ်ပွားမှု အကြိမ်ရေ သည်လည်းကောင်း ၄င်း၏ ပြင်းအားသည် လည်းကောင်း ကျဆင်းလာသည်။ ဆယ့်ခြောက်ရာစု ဒုတိယအပိုင်းတွင် ကျော်ကြားသော သမားတော်ကြီး ရှန့် (Schenck von Graffenberg :born 1530)၏ လူနာများ၏ ရောဂါလက္ခဏာပိုင်းဆိုင်ရာ ပြောကြားချက်များကို ဒေါက်တာဟဲခ့်ကာ၏ ( Epidemic of the middle ages )စာတမ်းတွင် ဖတ်ရှုနိုင်ပါသည်။
စိတ်ကြွအကရောဂါဟူသော ဝေါဟာရကိုပြန်လည်သုံးသပ်ခြင်း
ကျွန်တော်တို့ စပ်စုခဲ့သမျှမှာ လူစုလူဝေးအလိုက်ဖြစ်သော စိတ်ရောဂါ mass psychogenic illness ၏ တစ်စိတ်တစ်ဒေသ ဖြစ်သော အလယ်ခေတ်၏ စိတ်ကြွအကရောဂါ (Dancing Mania) ကိုသာ ခြုံငုံမိသေးသည်။ သူတို့ခေတ်အလိုအရ ကခုန်ခြင်းပလိပ်ရောဂါ (Dancing Plague) ဟု သုံးစွဲသည်ကိုလည်းကောင်း၊ စိန့်ဗိုက်တပ်စ်ကို အားကိုးသောအားဖြင့် St.Vitus Dance ဟု ခေါ်ဝေါ်ပုံကိုလည်းကောင်း၊ စိန့်ဂျွန်ကိုစွဲ၍ St. John's Dance ဟု ခေါ်ဝေါ်ပုံကိုလည်းကောင်း အထိုက်အလျောက် ပြောပြခဲ့သည်။ နားထောင်သူများ ဆက်လက်လေ့လာနိုင်စေရန် အလယ်ခေတ်ကို ထိုမျှနှင့်အဆုံးသတ်၍ ၁၉ရာစုမှစသော နှောင်းပိုင်းခေတ်များကို ပြောပြရန် ဆန္ဒရှိလာပြီ ဖြစ်ပါသည်။ သို့ရာတွင် စိတ်ကြွအကရောဂါ (Dancing Mania) ကို စပ်စုရာတွင် တာရာတစ်ဇမ် (Tarantism) ဟူသော အသုံးအနှုန်းကို ချန်လှပ်ခဲ့ရမည်ကို စိတ်မရဲသဖြင့် အီတလီနှင့် ပါရော့တီ (Nicholas Perotti)အကြောင်းကို အနည်းငယ် ဖော်ပြရလိမ့်ဦးမည်။ ထို့ကြောင့် နောက်တစ်ပိုင်းတွင်လည်း အလယ်ခေတ်မှ ထွက်နိုင်လိမ့်ဦးမည် မယူဆမိ။
လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါ ဝေါဟာရကို သုံးသပ်ခြင်း
စံပြုထားသော စိတ်ရောဂါအမည်ပေး စနစ်တွင် လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါ သို့မဟုတ် လူစုလူဝေးလိုက်ဖြစ်သော လူမှုရောဂါ (mass sociogenic illness) သည် ‘somatoform disorder’ ဟူသော ခေါင်းစဉ်အောက်တွင် ပါရှိပြီး ယင်းခေါင်းစဉ်၏ လက်ခွဲဖြစ်သော ‘conversion disorder’ သို့မဟုတ် ‘hysterical neurosis, conversion type’ ခေါင်းစဉ်အတွင်းဝင်သည်။ (American Psychiatric Association, 1994).အခြားအသုံးဝင်နေသေးသော ရောဂါအမည်မှာ လူစုလူဝေးလိုက်ဖြစ်သော ဟစ်တီးရီးယား (mass hysteria) ဟူသော အသုံးအနှုန်းဖြစ်ပါသည်။
အလယ်ခေတ်က အမည်နာမများနှင့် ပတ်သက်၍ကား စိန့်ဗိုက်တပ်စ်အက ကခုန်သူများအဖို့ သမ္မာကျမ်းစာတွင် ပါဝင်သော သူတော်စင်တစ်ပါးပါးကို ပုံချခြင်းအားဖြင့် ကြီးကျယ်သော အကျိုးကျေးဇူးကို ရသည်ဟု ဒေါက်တာဟဲ့ခ်ကာက ဆိုသည်။ ထိုနာမတော်တို့ကြောင့် ကခုန်သူများ၏ ရိုးသားအပြစ်ကင်းစင်မှုကို အသိအမှတ်ပြုခံရပြီး အသက်ချမ်းသာရာ ရခဲ့ကြရခြင်းဖြစ်သည်။ အခြားကခုန်သူများခမျာတော့ ဤမျှကံမကောင်းခဲ့ကြဘဲ စုန်းများအဖြစ် ရိုးစွပ်ခံရကာ မကြာခဏ မီးရှို့အသတ်ခံကြရသည်။
ဆက်ပါဦးမည်..
စာညွှန်း
1.Wikipedia
2.Epidemics of the middle Ages By I.F.C. Hecker,M.D
3.REVIEW ARTICLE
Protean nature of mass sociogenic illness
From possessed nuns to chemical and biological terrorism fears
ROBERT E. BARTHOLOMEW, PhD

![Reblog this post [with Zemanta]](http://img.zemanta.com/reblog_e.png?x-id=0b1541ff-7dcb-4e05-96ff-88170e44595f)

0 comments:
Post a Comment