ကျွန်တော်သည် စိတ္တဗေဒများကို ဖတ်ရှုသော ခဏ၌ စိတ်က ရုပ်ကလာပ်စည်းများအား လွှမ်းမိုးပုံများကို တအံ့တသြ သတိပြုမိသည်။ စိတ်၏ အံ့ဖွယ်ကောင်းမှုကို ကျွန်တော်တို့ ယုံကြည်ကြကြောင်း မကြာခဏဆွေးနွေးလေ့ ရှိပါသည်။ သို့ရာတွင် မည်သို့ယုံကြည်ကြခြင်း ဖြစ်သနည်းဆိုသော အချက်ကလည်း အရေးပါလှသည်။ ဒဿနိကဗေဒအရလား သုတေသနအရလား။ ဘာသာတရားအရလား၊ သိပံ္ပနည်းကျလား။ ထို့ပြင် မည်မျှရိုးရိုးသားသား ယုံကြည်ကြခြင်း ဖြစ်သနည်း။ အကယ်၍ တစ်ဦးတစ်ယောက်က ကျွန်တော်၏ ယုံကြည်မှုကို သိပ္ပံနည်းကျမဟုတ်ဘဲ ကိုယ်ထင်သလို ရိုးရိုးသားသား ဖော်ပြပါဟုပြောလျှင် ကျွန်တော်သည် လူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက ရုပ်ပိုင်းဆိုင်ရာ အခြင်းအရာများကို သက်ရောက်နိုင်ကြောင်း ယုံကြည်သူ ဖြစ်သည်ဟု ဖြေမိမည် ဖြစ်ပြီး သိပ္ပံနည်းကျ ဖြေပါဟု ပြောလာလျှင်တော့ ပါးစပ်ပိတ်နေရမည် ဖြစ်ပါသည်။ သို့မဟုတ် ကျွန်တော် စပ်စုမိသမျှကို ယခုလို တစ်ပိုဒ်ချင်း ပြန်လည်ပြောပြရမည်သာ ဖြစ်ပါသည်။ သို့ရာတွင် လူစုလူဝေး စိတ်ရောဂါနှင့် ပတ်သက်သော ကျွန်တော်၏ စပ်စုမှုများသည် ကျွန်တော်၏ သီဝရီများမဟုတ်ဘဲ ဆရာကြီးများ၏ သီဝရီများ မှတ်တမ်းများ၊ ထို့ထက်ရိုးသားစွာ ၀န်ခံရလျှင် ထိုဆရာကြီးများ၏ သီဝရီများကို ဘာသိုလိုမြူးကဲ့သို့ ပုဂ္ဂိုလ်များနှင့် အခြားသောသုတေသီများက ထပ်ဆင့် လက်ဆင့်ကမ်းမှုများသာ ဖြစ်ကြောင်း ပြောကြားလိုသည်။
သို့ဖြစ်၍ ကျွန်တော်၏ ယုံကြည်မှုကို အကျယ်မချဲ့တော့ဘဲ လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါ၏ သည်မှာဘက်၂၁ ရာစု ခေတ်ကို အတိုချုပ်၍ စပ်စုကြဦးစို့။
၂၁ရာစု
အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်သော စိတ္တဗေဒအတွင်းတွင် အမှန်တကယ်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်မှုများအပေါ် အလွန်အမင်း တုံ့ပြန်မှုမျိုးပါဝင်သည်။ အမေရိကန်ပြည်ထောင်စုအပေါ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနှင့် ထောင့်သန်းရောဂါနှင့် တိုက်ခိုက်မှု အပြီးတွင် စိုးရိမ်မှုစိတ်ရောဂါများ လွန်ကဲလာသည်။ ကျွန်တော်တို့၏ စိတ်ထဲတွင် ဇီဝနှင့် ဓာတုလက်နက်များ၏ အန္တရာယ်နှင့် ယင်းလက်နက်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သော ရောဂါလက္ခဏာများကို သိရှိနေသောအခါ လက်နက်များနှင့် တိုက်ခိုက်ခြင်းမခံရသော်လည်း ထိုသို့တိုက်ခိုက်ပြီဟု ယုံကြည်သော ကာလ၌ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။
ဥပမာအားဖြင့် ပါရှန်ပင်လယ်ကွေ့စစ်ပွဲအတွင်း အီရတ်နိုင်ငံက အစ္စရေးကို တိုက်ခိုက်သော ပထမလက်နက်တွင် ဓာတုလက်နက်များပါမည်ဟု စိုးရိမ်ခဲ့ကြသည်။ တိုက်ပွဲဖြစ်ပွားသောနေရာရှိ ပြည်သူများအားလုံးကို ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ဆင်စေပြီး အလုံပိတ် အခန်းများအတွင်း နေထိုင်စေသည်။ တိုက်ခိုက်မှုတွင် မျှော်မှန်းထားသည့် လက်နက်များ တကယ်တမ်း မပါဝင်သည့်တိုင် တိုက်ပွဲဖြစ်ပွားမှုအနားတွင် နေထိုင်သည့် ၄၀ ရာခိုင်နှုန်းသော ပြည်သူများသည် အသက်ရှူကြပ်ခြင်း ဖြစ်ပေါ်သည်ဟု သတင်းပို့သည်။ Carmeli, A., Liberman, N. & Mevorach, L. (1991) Anxiety-related somatic reactions during missile attacks. Israel Journal of Medical Sciences, 27, 677-680.[Medline] ယင်းစာတမ်းတွင် အမျိုးသမီးများသည် အမျိုးသားများထက် ထိုရောဂါ အဖြစ်များနေသည်ကို တွေ့ရသည်။
၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ရုတ်လန်းသံတော်ဆင့်နေ့စဉ် (Rutland Daily Herald) ကို ဖတ်မိသူကမူ မေရီလန်း မြေအောက်ရထားဘူတာမှ အဖြစ်အပျက်တစ်ခုကို သတိပြုမိနိုင်သည်။ လူတစ်ယောက်က ဆေးမှုတ်ကိရိယာဖြင့် အရည်တစ်မျိုးကို ဖြန်းထုတ်လိုက်ရာ အနီးအနားမှ လူ၃၅ ဦးသည် လည်ချောင်းနာခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်း ဝေဒနာများဖြစ်ပေါ်လာသည်။ ထိုသူဖြန်းသော ဆေးရည်ကို စစ်ဆေးကြည့်ရာ အန္တရာယ်မရှိသော ပြတင်းမှန်ကို ကြည်လင်အောင် ဖြန်းသည့် အရည်ဖြစ်နေသည်ကို တွေ့ရသည်။ အလားတူပင် ၂၀၀၁ စက်တင်ဘာလအတွင်း လော့စ်အိန်ဂျလိစ် မြို့ မြေအောက်ရထားလိုင်းအတွင်း ထူးခြားသော အနံ့ကြောင့် လူများခေါင်းမူးကြသည်ဟု ဆိုပြီး ရထားပြေးဆွဲမှုကို ခေတ္တခဏ ရပ်ဆိုင်းထားရတာမျိုး ဖြစ်ပွားခဲ့သည်။ (Complaints of dizziness shut down subway. Los Angeles Times, 27 September.)
၂၀၀၁ ခုနှစ် အောက်တိုဘာလ ပထမ နှစ်ပါတ်အတွင်း ထောင့်သန်းရောဂါနှင့် တိုက်ခိုက်သည်ဟု မှားယွင်းသတိပေးမှု အကြိမ်ရေ ၂၃၀၀ ရှိခဲ့သည်ဟု A. Brown က သူ၏ Cable News Network special report တွင် ဖော်ပြခဲ့သည်။ ကေ့စ်တစ်ခုတွင် ကျောင်းဆရာတစ်ဦးနှင့် ကျောင်းသားများသည် စာအိတ်တစ်အိတ်ကို ဖောက်အပြီး အမှုန့်အချို့ လေထဲလွင့်လာသည်ကို မြင်ရသည်ကို လက်တွင် ဓာတုဆေးဝါး လောင်ခြင်း (Chemical burns) ဒဏ်ရာများ ဖြစ်ခဲ့သည်။ ထိုစာအိတ်က တကယ်တော့ အန္တရာယ်ကင်းသော သာမန်စာအိတ်ဖြစ်ပါသည်။
ကပ်ရောဂါကြီးများ ဖြစ်အပြီး မရေရာမသေချာမှုများနှင့် ကြောက်ရွံ့မှုများက စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ (ဥပမာအားဖြင့် အသက်ရှူမြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း) တို့ကို ဖြစ်ပေါ်စေပြီး ၄င်းတို့သည် ဓာတု၊ ဇီဝနှင့် အနုမြူလက်နက်ဖြင့် တိုက်ခိုက်မှုများ၏ အစောပိုင်းလက္ခဏာများနှင့် ခွဲခြားရခက်ပြန်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ (WTC) ကို တိုက်ခိုက်မှုတွင် ၀င်ရောက် ကယ်ဆယ်ခဲ့သော နယူးယောက်မြို့ မီးသတ်သမား ၁၀ ၀၀၀ အနက်မှ ၄၀၀၀ ခန့်သည် ၀ါလ်းထရိတ်စင်တာ လက္ခဏာစု (World Trade Center Syndrome)ကို ခံစားနေကြရသည်။ ၄င်းတွင် အသက်ရှူကြပ်ခြင်း ရင်ကြပ်ချောင်းဆိုးခြင်း စသည်တို့ ပါဝင်သည်။
လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါကို ဖြစ်ပေါ်စေသည့် အကြောင်းရင်း ရှိပါသလား
သိပ္ပံပညာရှင်များက ယင်းမေးခွန်းအတွက် အဖြေရှာနေကြသည်။ သူတို့တွေ့ရှိရသော မရေရာသော တူညီမှုမရှိသော အချက်အလက်များအတွက် အံ့အားသင့်စရာ မရှိပါ။ အကြောင်းက ဖြစ်ပေါ်သော ရောဂါများသည် အမှန်တကယ်နှင့် အမှန်တကယ်မဟုတ်သော ယုံကြည်မှုတို့ ပေါင်းစပ်နေခြင်းကြောင့် ဖြစ်သည်။ ယနေ့ခေတ် သုတေသီများ စုံစမ်းစစ်ဆေးသူများသည် လူစုလူဝေး စိတ်ရောဂါ ဖြစ်ပွားသော ကျောင်းနှင့် လုပ်ငန်းခွင်များသို့ သွားရောက်၍ လူမှုရေး၊ စိတ္တဗေဒနှင့် ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များ (ဥပမာ လိင်ကွဲပြားမှု) များကို စစ်ဆေးကြပြီး တစ်စုတည်းရှိသော လူများအနက် အချို့ကသာ ရောဂါခံစားကြရပြီး အချို့က မခံစားရကြောင်း ပြောပြဖို့ ကြိုးစားကြသည်။ သို့သော်ယင်းတွေ့ရှိချက်များမှာလည်း ပုံသေမရှိပါ။ ဂိုလ်းဘာ့ဂ်က လုပ်ငန်းခွင်ပျက်ကွက်မှု အကျင့် (Absenteeism) နှင့် လူစုလူဝေးစိတ်ရောဂါကို ဆက်စပ်ပြသည်။ ကိုလ်း (Cole) က ဆက်စပ်မပြခဲ့။ Patterns of transmission of epidemic hysteria in a school. )
အချို့က ပါရာနွိုင်းယား (paranoia)၊ နူရိုတစ်ဆစ်ဆန် (neuroticism) စသည်တို့နှင့် ဆက်စပ်ပြနိုင်သော်လည်း အခြားပြဿနာများနှင့် ဘောင်မ၀င်ပြန်ပါ။ ဂယ်ရီ( Gary Small) နှင့် လုပ်ဖော်ကိုင်ဖက်များက ကျောင်းတွင်း စာပေသင်ကြားမှုပိုင်းနှင့် မကျန်းမာခြင်းကို ဆက်စပ်ပြသော်လည်း !! ဂိုး(Goh) က ဆက်စပ်မှုမရှိကြောင်း တွေ့ထားသည်။ (Epidemiological Enquiries into a School Outbreak of an Unusual Illness )
အချို့ စုံစမ်းစစ်ဆေးသူများက အိုင်ကျူနိမ့်ပါးမှုကို ဖော်ပြသည်။ (Knight, J. A., Friedman, T. I. & Sulianti, J. (1965) Epidemic hysteria: a field study. American Journal of Public Health, 55, 858-865.) သို့ရာတွင် ၄င်းနှင့် ဆန့်ကျင်ဘက်ဖော်ပြထားသည်များလည်း ရှိနေသည်။ ( Olson, W. C. (1928) Account of a fainting epidemic in a high school. Psychology Clinic (Philadelphia), 18, 34-38.) (Schuler, E. A. & Parenton, V. J. (1943) A recent epidemic of hysteria in a Louisiana high school. Journal of Social Psychology, 17, 221-235)
ယင်းအချက်များအရ ဘာသိုလိုမြူး၏ ကောက်ချက်မှာ လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါအတွက် တိကျသော ရောဂါဖြစ်စေနိုင်သည့် အကြောင်း မရှိဟူ၍ ဖြစ်သည်။ လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါသည် အခြေအနေပေးလျှင် လူတိုင်း ဖြစ်ပေါ်ခံစားနိုင်သော အပြုအမူဆိုင်ရာတုံ့ပြန်မှု ဖြစ်သည်ဟု သူက သုံးသပ်ပါသည်။
ဆက်ဦးမည်...
စာညွှန်း
1.Wikipedia
2.Epidemics of the middle Ages By I.F.C. Hecker,M.D
3.REVIEW ARTICLE
Protean nature of mass sociogenic illness
From possessed nuns to chemical and biological terrorism fears
ROBERT E. BARTHOLOMEW, PhD

1 comments:
ဒီအကြောင်းအရာကို စိတ်ဝင်တစားဖတ်လည်း ဖတ်ချင်တယ်။ ဖတ်ပြီးရင် ခေါင်းမူးမူးနေလို့ လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါ ဖြစ်ဖို့
အခြေအနေပေးနေပြီလို့ထင်တယ်။
UWW
Post a Comment