လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါကို စပ်စုခြင်း-၇

နိဂုံး

အလယ်ခေတ်က စတင်ချီတက်ခဲ့သော ကျွန်တော်တို့၏ စပ်စုမှုသည် ၂၁ ရာစုသို့ တိုင်ခဲ့ပြီ။ အဖြေတစ်ခုခုကို လက်ဖ၀ါးပေါ်တင်၍ အားရပါးရ ဆုပ်ကိုင်မပြနိုင်သည်က လွဲ၍ ကျွန်တော်တို့၏ စပ်စုခြင်းသည် စပ်စုသူများအဆင့်ဖြင့် ကျေနပ်ဖွယ် ရှိလောက်ပြီဟု ထင်ပါသည်။ ကျွန်တော်တို့သည် အလယ်ခေတ်က နတ်ဆိုးဖမ်းစားခံရ၍ စိန့်ဗိုက်တပ်စ်၏ အကူအညီရယူနေသူများကိုလည်း တွေ့ခဲ့ရပြီ။ ပါရာဆဲလ်စပ်စ်၏ ကုထုံးများကိုလည်း တစေ့တစောင်း လေ့လာခဲ့ရပြီ။ ၁၉ရာစု ကွန်ဆင့်ကျောင်းများအတွင်း နတ်ပူးခံရသော သီလရှင်များအကြောင်းကိုလည်း နားထောင်ခဲ့ရပြီ။ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူများအဖို့ လျှို့ဝှက်သည်းဖိုသည် အမှန်တရားဟု သိလိုက်ရသောအခါ မည်သို့ခံစားရမည်နည်း။ သို့မဟုတ် လျှို့ဝှက်သည်းဖိုသည် လျှို့ဝှက်သည်းဖို မဟုတ်၊ ရောဂါသာ ဖြစ်သည်ဟု အယူဆခံလိုက်ရသောအခါ မည်သို့ခံစားကြမည်နည်းဟု တွေးကြည့်နေမိသည်။ ဤနေရာ၌ အယူဆခံလိုက်ရသည် ဟူသောစကားလုံးကို အလေးအနက်ထား၍ ဖော်ပြလိုက်ပါသည်။

ရာစုနှစ်များစွာအတွင်း လူစုလူဝေးစိတ်ရောဂါသည် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများမှ စိတ်လှုပ်ရှားမှုဆိုင်ရာ လက္ခဏာများဘက်သို့ ကူးပြောင်းလာသည်ဟူ၍ ဘာသိုလိုမြူးက ပြောသည်။

၎င်းအယူအဆကို ကန့်ကွက်စရာ မရှိပါ။ ကျွန်တော်တို့ခေတ်တွင် ကခုန်ခြင်းစိတ်ကြွရောဂါ (Dancing mania) များကို တွေ့ရမှုနည်းသွားပြီး စိတ်လှုပ်ရှားမှုနှင့် ပိုသက်ဆိုင်သော အသက်ရှူကြပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း စသည်တို့ကို ပိုမိုတွေ့နေရပါသည်။ သို့ရာတွင် ပညာရှင်များအနေနှင့်ကမူ လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါဟူသည့် ရောဂါနာမည်ကို အခြားပိုမိုတိကျသည့် ရောဂါနာမည်များကို အရင်စစ်ထုတ်ပယ်ဖျက်ပြီးမှ တပ်၍ ရနိုင်ပါသည်။ ၄င်းသဘောတရားကို ဆေးပညာနှင့် ကျွမ်းဝင်သူများ နားလည်နိုင်သည်။ မှန်ပါသည်။ လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါကို a diagnosis of exclusion ဟု ခေါ်ကြပါသည်။

ဘာပဲဖြစ်ဖြစ် ၂၁ ရာစုသို့ရောက်လာသောအခါ ကျွန်တော်တို့မဟုတ်တောင် ကမ္ဘာကြီး၏ တစ်နေရာမှ လူပုဂ္ဂိုလ်များက အကြမ်းဖက်မှုကို လုပ်ဆောင်နေကြပြီး ကျွန်တော်တို့မဟုတ်တောင် ကမ္ဘာကြီး၏ အခြားတစ်နေရာမှ လူပုဂ္ဂိုလ်များက အကြမ်းဖက်မှု သို့မဟုတ် အခြားကပ်ဆိုးတမျိုးမျိုးကို ခံစားနေရသည်။ မရေရာမသေချာမှုများ၊ အကြောက်လွန်မှုများကြောင့် လူစုလူဝေးလိုက်စိတ်ရောဂါများ ဖြစ်လာနိုင်သည်ကို သတိပြုဖို့ လိုသည်။ ယင်းသည် အခြေအမြစ်မရှိသော သတိပေးချက်မဟုတ်ကြောင်း သိမြင်စပ်စုခဲ့ပြီး ဖြစ်သည်ဟု ယုံကြည်ပါသည်။ တကယ်တမ်း ဖြစ်ပွားလာခဲ့လျှင် အစစ်အမှန်လောကနှင့် စိတ်ကြောင့်ဖြစ်သော ထင်ယောင်ထင်မှားလောကကို ခွဲခြားဖို့ ကျွန်တော်တို့၏ တရိုတသေ သိမ်းဆည်းထားရသော လူအရင်းအမြစ်များ၊ ငွေအရင်းအမြစ်များကို အတော်အတန်သုံးစွဲဖို့ လိုအပ်လာပါမည်။ ဖြစ်ပွားလာနိုင်သည်များက ကျွန်တော်တို့ ခန့်မှန်းထားနိုင်တာ၏ အပြင်ဘက် (မန္တလေးအခေါ်)နှစ်ပြခန့်မကသော အကွာအဝေးမှာ ရှိသည်။

ကျွန်တော်တို့တစ်ဦးချင်းသည် လူအများစုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် လူအများစုက ကျွန်တော်တို့တစ်ဦးချင်းကို သက်ရောက်နိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့ထဲတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လူစုလူဝေးစိတ်ရောဂါကို ခံနိုင်ရည်ရှိသူ ဖြစ်သည်ဟု ပြောကြားဖို့ မဖြစ်နိုင်ပါ။ ဤနိဂုံးပိုဒ်ကို ရေးနေရင်း မိုးခါးရေသောက်သော ပုံပြင်ကို သတိရ၍ ပြုံးမိသည်။ အများအပြားက မိုးခါးရေသောက်ပြီး ရူးမူးနေသောအခါ တစ်ဦးတည်းကျန်သော ပုဂ္ဂိုလ်က သူလည်းအများနှင့်တူအောင် မိုးခါးရေသောက်ပြီး ရူးလိုက်သည် ဆိုသည်။ အခ်ဟန်မှ လူများကို ဤပုံပြင်ကို အခြေတည်၍ အင်တာဗျူးခွင့်ရခဲ့လျှင် ဘယ်လိုနေမလဲ မသိပါ။ ရုပ်ရှင်တစ်ခုကြည့်ဖူးသည်မှာတော့ လေယာဉ်ပေါ်တွင် ကူးစက်နိုင်သော မယ်နင်ဂိုကော်ကပ်စ် ဦးနှောက်အမြှေးရောင်ရောဂါ ပျံ့ပွားနေသည်ဟု ဆရာဝန်တစ်ဦးက ယူဆသောအခါ လေယာဉ်ပေါ်မှ လူအတော်များများမှာ ယင်းရောဂါနှင့် အလကားသဏ္ဍန်တူ အင်ပြင်များထွက်ခြင်း၊ လည်ပင်းခိုင်ခြင်း၊ အန်ခြင်း ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်ပေါ်လာကြသည်။ နောက်ဆုံး သေသေချာချာ စစ်ဆေးကြည့်လိုက်တော့ ယင်းရောဂါကူးစက်နေသည်ဟု ထင်မြင်ချက်က မှားယွင်းသည်။ အများစု ဖြစ်ပေါ်သော လက္ခဏာများမှာ လူစုလူဝေးစိတ်ရောဂါ (mass hysteria) သာလျှင် ဖြစ်လေသည်။

ဘာပဲဖြစ်ဖြစ် လူများစုအတွင်း ဖြစ်ပေါ်နေသော ယုံကြည်မှုသည် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်း ကိုလည်း တနည်းနည်းဖြင့် ရိုက်ခတ်လာနိုင်ကြောင်း ပြောဆိုရင်း ကျွန်တော်၏ စပ်စုမှုကို နိဂုံးချုပ်၍ စာရှုသူများ၏ စပ်စုမှုလိုများကို နှိုးဆွလိုက်ရပါတော့သည်။


စာညွှန်း

1.Wikipedia
2.Epidemics of the middle Ages By I.F.C. Hecker,M.D
3.REVIEW ARTICLE
Protean nature of mass sociogenic illness
From possessed nuns to chemical and biological terrorism fears
ROBERT E. BARTHOLOMEW, PhD


4 comments:

Anonymous said...

Thanks for finishing this articles otherwise really i will get the mass psychogenic illness.

Very appreciate for your effort.

UWW

Anonymous said...

Appended below is khitpyaing news with mass psychogenic illness it it is only my concern.

UWW

''ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့အယူအဆအရ စက်ရုံဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ သံဃာတော်တွေပင့်ပြီး ပရိတ်တရားတော်နာခဲ့တယ်။ အဲဒီအချိန်မှာပဲ အလုပ်သမားတစ်ချို့ဟာ အကြောင်းပြချက် တစ်စုံတစ်ရာမရှိကြဘဲ တုန်တုန်ရီရီဖြစ်ပြီး အသံနက်ကြီးနဲ့ အော်ငိုခဲ့ကြတယ်။ တစ်ချို့ပြောချင်တာ တွေပြောတယ်။ လူငယ်အချင်းချင်းကြတော့လည်း တစ်ယောက်ကငိုတော့ ကြောက်လန့်ပြီး ငိုကုန်ကြတယ်''ဟု စက်ရုံရှိ ကိုယ်တွေ့ကြုံခဲ့ရသူ အလုပ်သမားတစ်ဦး က ပြောပြခဲ့ပါသည်။

အလှတရား said...

စိတ်ဝင်စားတဲ့အတွက်ရော သတင်းပြောပြတဲ့ အတွက်ရော အမှန်တကယ် ကျေးဇူးတင်ပါတယ်။

အလှတရား said...

http://www.news-eleven.com/index.php?option=com_content&view=article&id=3518:2010-06-21-07-05-13&catid=43:2009-11-10-07-39-09&Itemid=111