ကျွန်တော်၏ထင်တစ်လုံး

တချိန်က ကြယ်ရောင်မွမွထသော ကောင်းကင်အောက်မှာ ကျွန်တော် တောသား ခရီးသွားခဲ့ဖူးသည်။ ကားခေါင်မိုးပေါ်မှာ ပက်လက်လှန်အိပ်ရင်း သူတို့ကို ကျွန်တော်သတိပြုမိလာသည်။ စကြာဝဠာနှင့် ဂြိုဟ်သားများအကြောင်းသည် အဲဒီတုန်းက ကျွန်တော်စိတ်အ၀င်စားဆုံး ကိစ္စရပ်ဖြစ်သည်။ ကျွန်တော်မမွေးသေးသော ကာလ ၁၉၇၀ ပတ်ဝန်းကျင်က ထုတ်သော သုတပဒေသာ စာစောင်များကို စာအုပ်စုသော အဖေ့ကျေးဇူးနှင့် ကျွန်တော်ဖတ်ရသည်။ အဲလိုနှင့် ကြယ်များအကြောင်းကိုလည်း ကျွန်တော်နည်းနည်းပါးပါး သိသည်။ မင်းသုဝဏ်ဆွဲပြသည့် ကြယ်မြေပုံဝါးဝါးတစ်ချပ် ကိုလည်း ကြည့်ပြီးခါစကာလလည်း ဖြစ်သည်။ ကြယ်ဆိုသည်နှင့် အားလုံးအတူတူချည်းလား။ ဟင့်အင်း ဘယ်ဟုတ်လိမ့်မလဲ။ တချို့က ဂျူပီတာတို့ ဗီးနပ်စ်တို့လို အလင်းရောင်မထုတ်နိုင်သည့် ဂြိုဟ်များ။ တချို့က ကိုယ်ပိုင် အလင်းရောင် ထုတ်လွှတ်နေသည့် နေ များ။ တချို့က ခွန်အားကောင်းကောင်း တောက်လောင်နေသော ကြယ်ဖြူကြီးများ။ တချို့က အားပျော့သော အနီရောင်ကြယ်များ။

ဒီတော့ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါ။ သို့သော် ကျွန်တော့် အတွေးများကို သူတို့က မျက်စိစပါးမွှေးစူးပုံရသည်။ သူတို့ဟူသည်ကို ခရီးသွားဖော်များပဲ ဆိုကြပါစို့။

"ကောင်လေး.... အဲဒီကြယ်တွေဟာ တို့ကမ္ဘာလို ဟာတွေပဲလကွာ "

"ကမ္ဘာလိုဆိုတာက ဦးလေး ဘာကိုဆိုလိုသလဲ။ ဂြိုဟ်တွေလို့ပဲ ဆိုလိုသလား။"

"အေး ဟုတ်တယ်။"

"အဲလိုဆို မမှန်ဘူး။ ခု ကျွန်တော်တို့ မြင်နေရတာတွေထဲမှာ တချို့က ဂြိုဟ်တွေပါတယ်။ တချို့က နေတွေလေ...ဗျာ"

"ဘယ်လိုလုပ် နေတွေပါမှာလဲကွ... ဂြိုဟ်တွေပါ"

"ဦးလေးကြည့်ကြည့် ဟောဟိုက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ကြယ်တွေက နေတွေဗျ။ ဟောဟိုက မမှိတ်မတုတ်ဘဲ စင်းစင်းကြီးလင်းနေတဲ့ ဥစ္စာက ဂြိုဟ်ကြီး။ ကျွန်တော်ထင်တယ် သောကြာဂြိုဟ်လားမသိဘူး။"

"မင်းဘယ်လိုလုပ်သိလဲ.. မှိတ်တုတ်မှိတ်တုတ်ဖြစ်ရင် နေဖြစ်တယ်လို့ မင်းကိုဘယ်သူပြောလဲ"

"မှိတ်တုတ်မှိတ်တုတ် ဖြစ်ရတယ်ဆိုတာက အဲဒီကြယ်တွေက လာတဲ့အလင်းက တခြားနေအဖွဲ့အစည်းကလာရတဲ့ အလင်းရောင်လေ။ ခရီးကလည်း ကွာတယ်။ နေဖြစ်တဲ့အတွက် ရောင်ခြည်အတိုးအလျှော့လည်း ရှိနိုင်တယ်မှတ်လား။ အဲဒီအချက်တွေနဲ့ပေါင်းပြီး ကမ္ဘာ့လေထုကို ဖောက်ဝင်တဲ့အခါ အလင်းပြန်တာတွေ ဘာတွေဖြစ်ပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတယ်လို့ ရေးထားတယ်ဗျ။"

ခရီးဖော်များက လက်သင့်မခံလိုကြ။ ခုနငြင်းခုန်သော ဦးလေးက "မဖြစ်နိုင်ပါဘူး" ဟု ယတိပြတ်ငြင်းသည်။ ကျွန်တော့်မှာ စာအုပ်ပါလာကြောင်း ကျွန်တော်က ပြောပြသည်။

"ဦးလေး မယုံရင် အဲဒီအကြောင်းပါတဲ့ စာပိုဒ်ကို ကျွန်တော်ပြမယ်။"

"အေး.. သွားယူ စာအုပ်"

ကျွန်တော့် ခရီးဆောင်အိတ်ထဲက ရွှေသွေးဂျာနယ် အထုပ်လိုက်ကြီးအဆင်သင့်ပါသည်။ အဲဒါတွေကို ထုတ်လိုက်သည်။ တစ်လတစ်ခါ နှစ်လတစ်ခါ ထုတ်သမျှ ရွှေသွေးဂျာနယ်တွေကို အဖေ နှစ်အလိုက် ပြန်ချုပ်ပေးထားသည်များ။ အဲဒီထဲက လတစ်လကို ကျွန်တော်လှန်လှောရှာသည်။ အတွင်းဖက်စာမျက်နှာတစ်ချပ်မှာ အကွက်လိုက်ကလေး ရေးထားသော သိပ္ပံသုတအတိုလေးကို ကျွန်တော်ပြလိုက်နိုင်သည်။ အဲဒီထဲမှာ ကျွန်တော် ပြောသည့်အတိုင်း ရေးထားသည်။ ဂြိုဟ်များက မှိတ်တုတ်မှိတ်တုတ်မဖြစ်။ နေများက ဖြစ်သည်။ ခရီးဖော်များက ပါးစပ်ပိတ်သွားသည်။ ငြင်းနေသော ဦးလေးကို မငြင်းနိုင်အောင် ကျွန်တော်လုပ်လိုက်နိုင်ပြီဟု ထင်သည်။ အဖြေမှန်ကို ကျွန်တော် သက်သေနှင့်တကွ တင်ပြလိုက်ပြီ မဟုတ်ပါလား။ သို့သော် ဦးလေးက တန်ပြန်မေးခွန်းထုတ်သည်။"မင်းစာအုပ်က ဘယ်လောက်တန်လို့လဲ..."တဲ့။ "ငါးကျပ်တန်စာအုပ်ထဲ ရေးထားတာကို မင်းယုံလား..."တဲ့။

ကျွန်တော်ဘာမှပြန်မပြောတတ်ခဲ့ဟု မှတ်မိနေပါသည်။ အဲ.. နေဦး။ အဲဒီတုန်းက ကျွန်တော်က ခြောက်တန်းကျောင်းသား ဖြစ်ပြီး ဦးလေးက ကိုးတန်းကျောင်းသား ပဲ ရှိသေးတာကိုတော့ ပြောပြဖို့လိုသည်။ ပြီးတော့ မြို့မှာ ရောင်စုံတီဗီတွေ စပေါ်နေတာကို ကျွန်တော် အမှတ်တရရှိနေသည်။
ှ
ကလေးဘ၀က ရှေးရှေး အကြောင်းအရာတွေကို အခုပြန်ပြောပြနေတာဟာ မကျေမချမ်းဖြစ်နေသေးလို့လားဟု မေးလာလျှင်တော့ ယခုမကျေမချမ်းဖြစ်၍ ပြန်ပြောပြနေခြင်းမဟုတ်ပါဟု ကျွန်တော်ပြန်ဖြေမည် ဖြစ်ပါသည်။ သို့သော် ထို့ထက်ရိုးသားသော အဖြေကို ပေးရလျှင် နှစ်ပေါင်းများစွာကြာသည်အထိ မကျေမချမ်းဖြစ်ခဲ့ဖူးပါသည်ဆိုသော အချက်ကိုတော့ ထပ်မံဖြည့်စွက်ရမည် ဖြစ်ပါသည်။ သို့ရာတွင် ငြင်းပွဲခုန်ပွဲများတွင် ထိုသဘောတရားသည် မလွဲမသွေရှိတတ်ပါသည်။ ထိထိမိမိ ချေပပြောဆိုသူများနှင့် အကြောင်းမဲ့ ငြင်းခုန်သူများသည် ခွဲခြား၍ခက်ရအောင် ထွေးလုံးရစ်ပတ်ရှိနေတတ်သည်။

ဆွေးကြနွေးကြသည့်အခါ စကားတွေအများကြီး ပြောကြရေးကြသည်။ ထိုထဲတွင် အသုံးကျတာတွေလည်းပါမည်။ သုံးမရတာတွေလည်း ပါမည်။ ၀မ်းစာမပြည့်ဝသူတွေ ပြောသလိုဟာမျိုးတွေလည်းပါမည်။ ၀မ်းစာပြည့်ဝတာ တွေလည်းတွေ့ရမည်။ ထိုအထိကိစ္စမရှိပါ။ သို့ရာတွင် စကားစစ်ထိုးပွဲမှာ အနိုင်ရသူက အမှန်တရားကို ပိုင်ဆိုင်သည် ဟုယူဆလျှင်မူ အလွန်အကျွံအလွယ်မှုပြုခြင်းသာ ဖြစ်ရမည်။

ထိုအကြောင်း စကားပြောကြမည်ဆိုလျှင် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်းကလျာကို မေ့ထား၍မဖြစ်ပါ။ ထိုထဲမှာ အဘိုးကြီးဆိုကရေးတီးဇ်က အိုင်းယင်ကိုနွှာသည်ကို ထောက်ပြပြီး ဆရာဘုန်းနိုင်က အဲဒါကိုပြန်ပြောပြသည့် အဘိုးကြီးပလေတိုကို နွှာသည်။ အဲအဲ စကားအစွန်းထွက်တာတွေကို ပြန်ရုပ်သိမ်းပြီး အရိုးဆုံးပြောကြရအောင်။ ဆရာဘုန်းနိုင်က ကဗျာဆရာနှင့် ဖီလော်ဆော်ဖာတို့၏ ငြင်းခုန်ပွဲတွင် ကဗျာဆရာဘက်က အယူခံဝင်ခဲ့သည်ဟု ဆိုကြစို့။ အယူခံဝင်သည်ဆိုတာက စီရင်ချက်ချပြီး၍ ဖြစ်သည်။ စီရင်ချက်ချသူက (သူ့အသုံးအနှုန်းအရ)အဘိုးကြီး ပလေတိုဖြစ်သည်။ သို့သော် သူ့အယူခံထဲမှာ အဘိုးကြီးပလေတိုကို မတော်တဆ နွှာတာတွေပါနေသည်။ အဲသည်လို ဆိုလိုပါ၏။

ဖီလော်ဆော်ဖာသမားများသည် အသည်းနှလုံးအေးစက်သူများဖြစ်သည်ဟု ဆရာဘုန်းနိုင်ကဆိုသည်။ သူ့အယူအဆအတိုင်း လိုက်တွေးလိုက်သောအခါ ကျွန်တော်ငယ်ငယ်က ပြောဆိုခဲ့သော ကြယ်အကြောင်းကို အသံဖမ်းပြီး ယခုကျွန်တော်သိနေသော ဖီလော်ဆရာများ လက်ထဲထည့်ပေးလိုက်လျှင် လုံးဝသုံးမရအောင် သို့မဟုတ် ပြောင်းပြန်အဓိပ္ပါယ်ထွက်အောင် ပြောနိုင်မည်ဟု ကျွန်တော် ယုံကြည်နေမိသည်။ ဤအတိုင်းဟုတ်နေလျှင်တောင်မှာ ဤက ရန်စကားမဟုတ်ပါ။ နားလည်ပေးခြင်းဖြစ်ပါသည်။ လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်ရခြင်း ဖြစ်သကိုး။ ကဗျာဆရာက ကဗျာစပ်သည်။ ဖီလော်ဆရာက အလှတွေ၊ အချစ်တွေ၊ ကဗျာတွေကို ပိုင်းခြားသုံးသပ်တွေးခေါ်သည်။ ဟုတ်ကဲ့။ ပိုင်းခြားသုံးသပ်တွေးခေါ်သည်ဟု သုံးစွဲခွင့်ပြုပါ။

ဆရာဘုန်းနိုင်ကတော့ ယခုလိုရေးသည်။

"ကျွန်တော်တို့ ဆိုသူများတွင် ကျွန်တော် ထိပ်က ပါသည်။ အမှန်က ကျွန်တော်သည် ဖီလော်ဆော်ဖာ မဟုတ်။ စာရေးသူ၊ ကဗျာ ရေးသူ။ ကိုယ့်ရင်ထဲ လှသည်ထင်ရာကို စာရေးချလိုက်သည်။ ကဗျာဖွဲ့ချ လိုက်သည်။ သို့ရာတွင် စာရေးဆရာ၊ ကဗျာဆရာဟု ဘွဲ့အတပ်ခံရပြီမင့် အလှနှင့်ဆိုင်သော ဒဿနလေး များကို ဟိုနည်းနည်း သည်နည်းနည်း ပြောတတ်ရသည်။ ပြောတတ်အောင်လည်း ဟိုနည်းနည်း သည်နည်းနည်း လေ့လာထားရသည်။ ငြင်းကြ ခုံကြတော့လည်း ကိုယ်သိသမျှကို ကိုယ့်အစွဲနှင့်ကိုယ် အားကိုးပြီး ငြင်းသည်၊ ခုံသည်။ ယခုတော့ အသက်ကလေး ရလာသည်။ နွယ်ကြိုးကို အဖျားမှတင်ကိုင်ပြီး ပြောမိလေသလား၊ အလယ်ကသာ ဆုပ်ပြီး ငြင်းနေမိလေသလား၊ သြော် ... နွယ်ဆိုသည်ကလည်း ဘယ်က နွယ်နည်း။ သူ့ရေမြေမှာ ပေါက်သည့် နွယ်လော၊ ကိုယ့်ရေမြေမှာ ပေါက်သည့်နွယ်လော။ သူ့ရေမြေမှာ ပေါက်သည့် နွယ်ကို ဆုပ်ကိုင် ပြောနေမိသည်ဟုမကြာခဏ ကျွန်တော် ထင်မိသည်။ မှားလျှင်လည်း ခွင့်လွှတ်ကြစေ လိုပါသည်။"

သရော်သွားလေးပါလာတော့ ဆတ်ကနဲခေါင်းထောင်ထမိသည်။ ကျွန်တော်နှစ်သက်သော ဆရာများထဲက ရန်ကုန်ဘဆွေသည် ကလော်တာပိုင်သည်။ ဆရာမောင်ထင်က သရော်တာပိုင်သည်။ ဆရာဘုန်းနိုင်က တည်တည်ခံ့ခံ့ရေးတာများသည်။ သို့ရာတွင် သရော်လိုက်လျှင်လည်း နင့်ကနဲရှိသည်။ မှတ်မှတ်ရရ... ညီမလေးရယ်စိုးရိမ်မိတယ်မှာ သရော်တာ ကလော်တာတွေ တော်တော်ပါသည်ဟု ထင်သည်။ စာရေးသူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရအောင်ကို နင့်ကနဲရှိသည်ဟု ဆိုနိုင်ပါမည်။ သရော်ခြင်း ကလော်ခြင်းမှာ အမှန်တွေပါတတ်သည်။ သို့ရာတွင် စာရေးသူ၏ ရိုးသားမှု ရှိမရှိဆိုခြင်းက မည်သည့်ပုံစံနှင့် စာရေးသလဲဆိုတာထက် အရေးပါမည်ထင်သည်။ ကိုယ်ရေးကိုယ်တာအားဖြင့် ကျွန်တော်က သရော်စာကို အတော် သဘောကျသည်။ သဘောကျသည်ဆိုသဖြင့် ယခုခေတ်တွင် satire ဟု နာမည်တပ်ထားသော အနုပညာနတ္ထိ ဆဲစာများကို ကြည့်ပြီး တလွဲမထင်ဖို့ စကားစပ်တုန်း တောင်းပန်ထားလိုသေးသည်။ သရော်စာဟူသည် သရော်စာဟု နာမည်တပ်ရုံမျှနှင့် သရော်စာဖြစ်သွားသော စာများမဟုတ်ဟုတော့ သဘောပေါက်နေမိသည်။

ထားပါတော့။ ဆရာဘုန်းနိုင်က နွယ်ကြိုးကို အဖျားမှတင်ကိုင်ပြီး ပြောမိနေလေသလားဟု သူ့ကိုယ်သူမေးခွန်းထုတ်နေလေပြီ။ အမှန်တရားကို ရှာဖွေတုန်းက ဘယ်ရွေ့ဘယ်မျှ ဖွင့်ထားသောစိတ် (open mind) ရှိသည်ဆိုဆို ငြင်းကြခုန်ကြပြီဆိုလျှင်တော့ ကိုယ်ထင်တာကိုကိုယ် စွဲကိုင်ပြီး ပြောရဆိုရသည်သာ ဖြစ်ပါသည်။ ဒီတော့ နွယ်ကြိုးကို အဖျားမှကိုင်သလား အရင်းမှကိုင်သလားဆိုတာက အရေးပါလာသည်။ နောက်ပြီး ကိုယ့်ရေမြေမှာပေါက်တဲ့ နွယ်လား။ သူ့ရေမြေမှာပေါက်တဲ့ နွယ်ပင်လားတဲ့။

အိုင်းယင်ကို ဆိုကရေးတီး(ဇ်)ကြီးက ကဗျာ သဘောတရား ပညာ မေးခွန်းတွေ ထုတ်နေသည်။ ထိုအမေးကို အိုင်းယင်ကိုယ်စား ဆရာဘုန်းနိုင်က အခုလိုဖြေကြည့်သည်။ ကဗျာဆရာတွေအတွက် ဘက်ပေး back pay ပြန်ပေးသည် ဆိုပါစို့။ သို့မဟုတ် တစ်စုံတစ်ခုကို ရိုက်သည့် လက်ပြန်ရိုက်ချက်ဟု ဆိုနိုင်မလား။ စစ်ဆင်ရေးစကား၊ ဘောလုံးစကားနှင့်ဆိုရလျှင် တန်ပြန်တိုက်စစ် (counter attack) ဟု ဆိုနိုင်မလား။

"ကဗျာဆိုသည်က တွေးခေါ်မြော်မြင် စစ်ဆေးသုံးသပ် တည်ဆောက်ထားသော သဘောတရား စနစ်တစ်ခု မဟုတ်။ ကဗျာဆိုသည်က အင်း သည်လိုပဲ ပေါ်လာသည်။ ကဗျာ ဆိုတာလည်း …အင်း … ကဗျာလို့ ခေါ်နေကြတာလေ။ သိတယ် မဟုတ်လား။ ကဗျာဆရာကြီး တွေ စပ်ခဲ့တာဟာ ကဗျာပေါ့။ ကဗျာက ဘာအလုပ် လုပ်သလဲ။ ဒုက္ခပဲ ….ကျုပ် ဘယ်လို ပြောရမလဲ။ ကဗျာဆရာက ကဗျာစပ်တယ်လေ။ ပြီးတော့ ကိုယ်တိုင် ရွတ်ဆိုပြမယ်။ ဟိုးမာတို့၊ ဟီးဆီယက်တို့ မရှိတော့ ကျုပ်တို့ ရက်(ပ်)ဆဒီးတွေက ရွတ်ပြတယ်လေ။ လူတွေက နားထောင်ကြတယ်။ အဲ … နှစ်လဲ နှစ်ခြိုက်ကြတယ်။ လွမ်းစရာတွေ့ရင် လွမ်းကြတယ်လေ။ ရယ်စရာတွေ့ရင် ရယ်ကြတယ်။ ဒေါသထွက်စရာတွေ့ရင် ဒေါသထွက်ကြတယ်။ ကြည်နူးစရာတွေ့ရင် ကြည်နူးကြတယ်။ မုန်းစရာတွေ့ရင် မုန်းပြီးချစ်စရာတွေ့ရင် ချစ်ကြတယ်။ ရွံစရာတွေ့ရင် ရွံပြီး ကြည်ညိုစရာတွေ့ရင် ကြည်ညိုကြတာပဲ။ အဲဒါ … ကျုပ်သိတဲ့ ကဗျာပဲ။ ဒီထက်တော့လဲ ပိုမသိဘူး။ ခင်ဗျားသိရင်ပြော၊ ကျုပ်နားထောင်မယ်။ ခင်ဗျား ပြောချင်တာ ပြော။ ကဗျာကို ကောင်းတယ်လို့ ပြောချင်ပြော၊ မကောင်းဘူးလို့ ပြောချင်လဲပြော။ ခင်ဗျားပြောလို့ ကဗျာ ဘာမှဖြစ်မသွားဘူး။ အဲ … လူတွေက မကောင်းဘူးလို့ ပြောလာရင်တော့ ကျုပ်တို့ ဂရုစိုက်ရမယ်။"

ကောင်းလိုက်တဲ့ တန်ပြန်တိုက်စစ်။ အဘိုးကြီးဆိုကရေးတီးနှင့် အဘိုးကြီးပလေတိုတို့ ကြားလျှင်တော့ ဘာပြောကြမလဲ မသိ။ ငြိမ်ခံနေကြမည်မဟုတ်တာတော့ သေချာသည်။ သူတို့က တိုက်တိုင်းအောင်ကြီးတွေ မဟုတ်လား။ ကျွန်တော်တို့ကရော ဘာကိုအဓိကထားကြမည်နည်း။ တိုက်ပွဲကို အဓိကထားမည်လား။ အရှုံးအနိုင်ကို အဓိကထားမည်လား။

အချို့မော်ကွန်းတင်လောက်သော စာပေတိုက်ပွဲတွေကို လေ့လာကြည့်တော့ တိုက်ပွဲတွင် အရှုံးအနိုင်က အဓိကမဟုတ်လောက်ဘူးဟု ထင်လာပြန်သည်။ မင်းသားအောင်ဗလသေတာကို အကြောင်းပြုပြီး မန္တလေးသူ မန္တလေးသားများ တပြန်တလှန် တိုက်ခိုက်ကြပုံကို လေ့လာကြည့်ပါဦး။

မန္တလေးသားများ၏တေးထပ်

သွားကျိုးအောင် ပါးချောင်ချချင်လှ
အကောင်မတွေဟာ
အောင်ဗလသေတာကို
မနေသာနိုင်အား
အဝီစိပွက်ထာလို
သူ့ထက်ငါ တိုးဝှေ့၍သွား။
သူတို့မှ မရှက်ပေ
ခက်ပလေတကား
မျက်ရည်တွေ အများနှင့်
သနားတဲ့ အာရုံ
အသေကောင် မသာ ဖြစ်တောင်မှ
တဏှာချစ်စိတ်ကမကုန်
အသုဘ အရိုးစုံကို
ကတိုးပုံ ထင်မှတ်လို့
ရင်ဘတ်ကို အခါခါ
ထုနှက်ငိုရှာ။
သဘင်နှင့် မနောပါတယ်
ပြောစရာရှိဘူးပလေး။

မန္တလေးသူတွေ၏ချေပချက်(တေးထပ်)

တိရစ္ဆာန် ခွေးပါးစပ်က
ရေးစပ်လို့ စာနှံ
တေးထပ်ရဲ့ ဝစနာဉာဏ်
ဗာလာနံတွေက။
အောင်ဗလ ဧည့်မသာကို
ကဲ့ရဲ့ကာ မဲ့လို့ ဆိုကြ။
ပြည်သူက အသနားကြင်
အများပင် ငိုတ
တရားယှဉ် ဗြဟ္မစိုရ်ကြွ
ပျိုအလှတတွေ
မောင်ရင်းလို စိတ်ထား
မိတ်အများသွားကြရှာပေ။
စာရေးသူ အမေသေလျှင်
အပြေပြေ မကျော်ကြားနိုင်ဘု
ဖော်အများ အရပ်ကိုခေါ်
အပ်ရလိမ့်နော်
အောင်ဗလ မသာမော်လို
ကမ္ဘာပေါ် ရှိဘူးကွဲ့လေး။

မြန်မာ့စာပေသမိုင်းမှာ စာပေတိုက်ပွဲတွေ အများအပြားရှိသည်။ ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့၊ ဦးပုညတို့ အချုပ်တန်းဆရာဖေတို့လည်း တခြိမ်းခြိမ်း တိုက်ပွဲဝင်ကြတာပဲ မဟုတ်လား။ တချို့တိုက်ပွဲများကတော့ ချောက်တွန်းထားတာလေးတွေ ဖြစ်သည်။ ဥပမာပေးကြည့်ပါမည်။ ဆိုင်မဆိုင်တော့ မသိပါ။ ဘုန်းကြီးတူမ ခံတက်ရွက်တက်ခူးရင်း အပင်ပေါ်ကချော်ကျသည်။ ကျောင်းသားက ဘုန်းကြီးကို အခံပိုဒ်ရွတ်ပြသည်။ "ခံတက်ပင်ပေါ် ပျိုချော်လို့လဲ"။ စာစပ်ဝါသနာပါသော ဘုန်းတော်ကြီးက မနေနိုင်ဘဲ ပြန်အုပ်သည်။ "အလိုတော်အပေါက်ဟောင်း ကံကောင်းလို့လွဲ"။ နောက်မှ ဘယ်သူလဲကွယ့်ဟု မေးသည်။ "ဘုန်းကြီးတူမပါဘုရား...။"ဆိုတော့ "အေး... ဘုန်းကြီးတူမလည်း မတတ်နိုင်ဘူးကွယ့်... ကာရံက ဒီရောက်နေတယ်" ဟု ပြန်မိန့်သည်။ အဲလိုတွေ ဖတ်ရတုန်းက သဘောကျပြီး တခိခိရယ်နေမိသည်။

သို့သော် အနိုင်မခံအရှုံးမပေးရာမှ ကွမ်းအစ်နဲ့ ထပေါက်တာတို့ ထွေးခံနှင့်ကောက်ပစ်တာတို့ကို ကြားရသည်။ အဲဒါတွေကတော့ သိပ်မရယ်ရပေ။ ကျွန်တော်ကတော့ ကြီးတော့ဘယ်လိုဖြစ်သည်မသိ။ ငြင်းတာခုန်တာတွေ ၀ါသနာပါလာသည်။ ငြင်းပြီခုန်ပြီဆိုလျှင် အနိုင်တော့လိုချင်သည်။ ဒီတော့ စစ်ဆင်စစ်တက်သလို ဗျူဟာကလေးတွေ၊ အကွေ့အပတ်ကလေးတွေ၊ ထောင်ချောက် ဆင်တာမျိုးလေးတွေလည်း ပါလာရသည်။ ကျွန်တော် ရိုးရိုးသားသား ပြောခဲ့ပြီးပါပကော။ ဆွေးနွေးနေရင်း ချေပပြောဆိုတာနှင့် ငြင်းခုန်တာကို သီသီလေးကွဲနေသည်ဟု ကျွန်တော့်အယူအဆရှိနေကြာင်း။

အလုပ်လုပ်တာမှာ ဗျူဟာမြောက် လုပ်တာ၊ ကြုံသလိုလုပ်တာရှိသလို ငြင်းခုန်တာမှာလည်း ဗျူဟာမြောက်ငြင်းခုန်တာ ကြုံသလိုငြင်းခုန်တာ ရှိပါသည်။ ကိုယ့်အယူအဆက သူ့အယူအဆကို လွှမ်းမိုးအောင် အနိုင်ရအောင် လုပ်ပြီဆိုကတည်းက တစ်ဖက်သူကို စိတ်ဆိုးအောင် တွေဝေသွားအောင်၊ ကြောက်လန့်သွားအောင် မန်နီပျူလိတ်လုပ်ရတတ်သည်။ ထို့ကြောင့် အမှန်အမှားက အနိုင်အရှုံးနှင့် ထပ်တူကျတာလည်းရှိသည်။ သပ်သပ်စီဖြစ်တာလည်း ရှိသည်။

ပန်းချီဆရာ စာရေးဆရာဝသုန်၏ မိုးမိုးအင်းလျား အမှတ်တရ ၀တ္ထုတိုတစ်ပုဒ်ကို ဖတ်ဖူးသည်။ မိုနာလီဆာအပြုံးဆိုလား။ မိုနာလီဆာအပြုံးနှင့်တော့ ပတ်သက်သည်။ ခေါင်းစဉ်ကို သေချာမမှတ်မိတော့ပါ။ စာရေးဆရာသည် လယ်တောတစ်တောမှာ မိုနာလီဆာနှင့် တွေ့ရသည်ဆိုသည်။ ဟိုဟိုဒီဒီ ဆွေးနွေးနေကြပြီး နောက်ဆုံး စာရေးဆရာက မိုနာလီဆာကို ရေလေးတစ်ပေါက်လောက် တိုက်ပါဟု တောင်းသည်။ မိုနာလီဆာက ရေတိုက်စရာတော့ မရှိပါဘူး။ ပြုံးပြမယ်ဟု ဆိုသည်။ ထိုဝတ္ထု၏ အာဘော်ကိုယူ၍ ဘော်ဒါများကို နှုတ်ဆက်မိသည်။

"အေး...ကွာ။ ငြင်းလို့တော့ကောင်းတယ်။ ဗိုက်ကမနေတော့ဘူးဆိုတော့..အိမ်ပြန်ပြီး တကယ့် အလုပ်ကိုလုပ်လိုက်ဦးမဟေ့"

ငါးကျပ်တန်စာအုပ်များ များများပေါ်လာပါစေသတည်း။


1 comments:

luminnkhaung said...

ညီရေ

အက်ဆေးကောင်း တစ်ပုဒ်အတွက်ကျေးဇူးဗျာ ညီလိုရေးတတ်ချင်တယ်။

ဥပသကာ