အသက် ၂၆နှစ်တန်းတွင် ဘ၀ဇာတ်ကြောင်းစုံကို ပြန်လှန်ကြည့်တော့ ကောင်းတာတွေလည်း တွေ့ရသည်။ ဆိုးတာတွေလည်း တွေ့ရသည်။ နှစ်နှစ်၊သုံးနှစ်အတွင်း သိသိသာသာ ကျဆင်းသွားသည်ကား မာန်မာန ဖြစ်ပြီး တိုးပွားလာသည်က ၀ိစိကိစ္ဆာ (သံသယ) ဖြစ်ကြောင်းတွေ့ရသည်။ သို့သော် ဖြစ်ပွားခဲ့သော အဖြစ်အပျက်အများစုအပေါ် ထားရှိသော သဘောထားများကား မပြောင်းလဲသေးကြောင်း တွေ့ရပါသည်။ ထိုအကြောင်းအရာကို ပေါ်လွင်စေရန် ဒိုင်ယာရီထဲမှ အချို့အချက်များကို ချရေးမိပါသည်။
ဒိုင်ယာရီ(၂၀၀၇)
၂၀၀၇ ဇန်န၀ါရီ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မိမိတို့အဖွဲ့ တောင်ကြီးကို ရောက်သည်။ လမ်းခရီးတွင် မိမိက ခေါင်းဆောင်ဖြစ်သည်။ အဖွဲ့တွင် အားကိုးရသော သူငယ်ချင်းနှစ်ယောက်နှင့် အချစ်ခင်ဆုံးသူငယ်ချင်း တစ်ယောက်ပါလာသဖြင့် ကိုယ့်ကိုယ်ကိုယ် ကံကောင်းသည်ဟု သဘောပေါက်သည်။ ဇန်န၀ါရီ ၅ ရက်နေ့ညနေတွင် အဆောင်သို့ ကားတစ်စင်း ဆိုက်လာသည်။ အဘိုးကြီးနှစ်ဦးနှင့် အဘွားကြီးတစ်ဦး ဆင်းလာသည်။ ကျော်စွာအေး၊ ကျော်ထူးနှင့် မိမိကိုလာတွေ့သည့် သူများဖြစ်သည်ဟု သိရသည်။ အဘွားက တောင်ကြီးဇာတိ ဖြစ်သော သဒ္ဓမ္မရံသီရိပ်သာမှ ဦးဝိလာသဂ္ဂ၏ ဆရာမကြီး ဖြစ်ပြီး မေတ္တာရှင်နာမှုကူညီရေးအသင်း၏ နာယက ဖြစ်သည်ဟု မိတ်ဆက်သည်။ အဘ တစ်ဦးက ယင်းအသင်း၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး နောက်တစ်ဦးက လက်ရှိဥက္ကဋ္ဌ ဖြစ်သည်။
လက်ရှိ ဥက္ကဋ္ဌဖြစ်သော အဘဦးညွန့်မောင်က မေတ္တာရှင် နာမှုကူညီရေးအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် နာမှုကူညီရေး အသင်း၏ ရံပုံငွေ သိန်း ၁၀၀ ပြည့်ပြီး ခိုင်မြဲပြီဟု စိတ်ချရသည့်အခါ၌ ဇီဝိတဒါနဆေးခန်း ဖွင့်မည်ဟု သဘောတူခဲ့ကြကြောင်း၊ ယခု ရံပုံငွေပြည့်စုံပြီး ဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းများတွင် ဆေးကုပေးနေသော ရန်ကုန်မှ ဆရာဝန်အချို့ တောင်ကြီးသို့ တာဝန်ကျသည်ဟု အသိတစ်ယောက်က အကြောင်းကြားကြောင်း၊ ဒါကြောင့် ဇီဝိတဒါနဆေးခန်းဖွင့်ဖြစ်ခဲ့မည်ဆိုလျှင် အကူအညီပေးစေလိုကြောင်း ရှင်းပြသည်။
ထိုအချိန်တွင် မိမိတို့သည် အဆုံးသတ် တာဝန်ခွဲဝေမှု မပြီးဆုံးသေးချိန်ဖြစ်သည်။ တောင်ကြီးအခြေစိုက်ဆေးရုံမှ ထပ်ဆင့်တာဝန်ပေးမှုများ လုပ်နေချိန်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ သုံးဦးစလုံး တောင်ကြီးမှာ တာဝန်ကျချင်မှ ကျမည်ဖြစ်ကြောင်း၊ တခြားနယ်များသို့ သွားရနိုင်ကြောင်း၊ နှစ်ပတ်အတွင်း တာဝန်ခွဲဝေမှုပြီးဆုံးမည် ဖြစ်သဖြင့် ထိုအချိန်ကျမှ တောင်ကြီးတွင် ကျန်ရစ်ခဲ့သူက အသင်းကို ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်သည်။
ဇန်န၀ါရီ ၁၅ ရက်ခန့်တွင် တာဝန်ခွဲဝေမှုပြီးဆုံးပြီး ကျော်စွာအေးရော ကျော်ထူးပါ မိမိနှင့်အတူ တောင်ကြီးတွင် တာဝန်ကျသည်။ ထို့ကြောင့် အဘဦးညွန့်မောင်ဆီ ဖုန်းဆက် အကြောင်းကြားသည်။ အဘက သူတို့အစည်းအဝေး ထပ်လုပ်ဖြစ်ကြောင်း၊ ဆေးခန်းလုပ်ဖို့ မြေနေရာလည်း ရှိကြောင်း၊ သို့သော် ဆေးခန်းတစ်ခုလုံး လည်ပတ်ရန် လိုသလောက် အလှူခံရရှိပါ့မလားဟု စိုးရိမ်နေကြောင်း ပြောပြသည်။ မိမိက ရန်ကုန် ရွှေညောင်ပင် ဘုန်းကြီးကျောင်းက ဆေးခန်းကို အမှတ်ရသဖြင့် "စားပွဲတစ်လုံး ငွေငါးသောင်းရှိလျှင် အလုပ်ဖြစ်နိုင်ပါသည်" ဟု ပြန်ပြောပြသဖြင့် သူတို့ဆွေးနွေးပါဦးမည် ဟု ပြောပြီး ဖုန်းချသွားသည်။
နှစ်ရက်ခန့်အကြာတွင် အဘဦးညွန့်မောင်နှင့် ယခင်အသင်းဥက္ကဋ္ဌဟောင်းဖြစ်သော အဘဦးဝင်းမင်းတို့ ရောက်လာသည်။ ဆေးခန်းမြေနေရာကို နဂါးပွက်ကျောင်းဆရာတော်က သူ့ကျောင်းအတွင်းလုပ်ဖို့ ခွင့်ပြုသည်ဟု ပြောပြသည်။ မိမိတို့ကို ခေါ်သွားတော့ မြို့မဈေးအနီး နဂါးပွက်ကျောင်းလမ်းဘက် မျက်နှာမူထားသော တစ်ထပ်တိုက်ပုကလေးတွင် ဆေးခန်းအတွက် အခန်းများကန့်နေသည်ကို တွေ့ရသည်။ တစ်ထပ်တိုက်ပုကလေးက နာမှုကူညီရေးအသင်း၏ ရုံးခန်းနေရာဖြစ်ပြီး အသင်းသားများကိုပါ မိတ်ဆက်ပေးသည်။ ဆေးခန်းအတွက်နေရာပေးလိုက်ရသဖြင့် ပစ္စည်းပစ္စယများကို ဘုန်းကြီးကျောင်း ဆောက်လက်စအဆောင်သစ်ထဲ ပြောင်းရွှေ့လိုက်ရကြောင်း ရှင်းပြပါသည်။
ဆေးရုံကိုပြန်ရောက်တော့ ကျော်စွာအေးနှင့် တိုင်ပင်သည်။ မိမိက ငွေငါးသောင်းစားပွဲတစ်လုံး ရှိလျှင် ဖြစ်သည်ဟု အဘဦးညွန့်မောင်ကို ပြောရသည်က သံဃာများအတွက်သီးသန့်ကိုသာ ရည်ရွယ်ခဲ့ကြောင်း၊ အခု အသင်းက လူရော သံဃာပါ ရည်ရွယ်၍ ဆေးခန်းဖွင့်မည်ဟုဆိုလျှင် ဖြစ်နိုင်ပါ့မလားဟု စိုးရိမ်မိကြောင်း တိုင်ပင်သည်။ ကျော်စွာအေးက မိမိလို အတွေးသမား မဟုတ်သဖြင့် ရှည်ရှည်ဝေးဝေး ဘာမှမတုံ့ပြန်။ နောက်နေ့မနက်တွင် ဘတ်စ်ကားစီးပြီး အခန်းကန့်တာတွေ သွားကြည့်သည်။ နောက် ဆေးဝယ်သည့်အဖွဲ့နောက် လိုက်သွားသည်။ သူ့ထုံးစံအတိုင်း ဆေးတွေကို ချွေချွေတာတာ သွားဝယ်လာဟန်တူသည်။ ပြန်လာတော့ အဘတို့ဆီမှာ ဆေးခန်းရံပုံငွေ ၁၅ သိန်းရပြီဟု ပြောသည်။
တောင်ကြီးတွင် တာဝန်ကျသော သုံးလအတွင်း ဘုန်းကြီးကျောင်းအားလုံးနီးပါးနှင့် အလှူအတော်များများကို ရောက်သည်။ "တမူးရလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား" ဆိုသည်မှာ အမှန်ဖြစ်ကြောင်းသိလာသည်။ တောင်ကြီးသူ တောင်ကြီးသားများ အလွန်ထူးခြားကြောင်း အသိအမှတ်ပြုစရာ အဖြစ်အပျက်များထဲမှ တစ်ခုကို မိမိမှတ်ထားသည်။ တစ်နေ့မနက် အဘဦးညွန့်မောင်ဖွင့်ထားသော တော်ဝင်နှင်းဆီလက်ဖက်ရည်ဆိုင်တွင် မိမိတို့သုံးယောက်နှင့် လူကြီးများ ဆေးခန်းအတွက် တိုင်ပင်နေကြသည်။ ထိုအချိန်တွင် ဆေးခန်းကို အစမ်းသဘောဖွင့်ထားပြီး မိမိတို့အလှည့်ကျ လုပ်အားပေးနေသည်မှာ တစ်ပတ် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ဆေးခန်းဖွင့်ပွဲကို မလုပ်ရသေး။ ငွေအင်အားနှင့် လုပ်နိုင်စွမ်းကို စမ်းသပ်ကြည့်နေဆဲ ကာလ ဖြစ်သည်။
မိမိတို့တိုင်ပင်နေသည့် စကားဝိုင်းထဲသို့ အဘဦးညွှန့်မောင်ကို နှုတ်ဆက်ရန် အသားဖြူဖြူ ဥပဓိကောင်းကောင်း လူကြီးတစ်ယောက် ရောက်လာသည်။ အဘဦးညွှန့်မောင်က ထိုလူကြီးနှင့် မိမိတို့ကို မိတ်ဆက်ပေးပြီး ဆေးခန်းအကြောင်း ရှင်းပြသည်။ ဖေဖော်ဝါရီ ၁၂ လောက်တွင် ဆေးခန်းဖွင့်ပွဲလုပ်မည်ဖြစ်ကြောင်း၊ အသင်းအတွက် ကူညီနိုင်ရင် ကူညီဖို့အကြောင်း ရှင်းပြသည်။ လူကြီးက ခေါင်းတဆတ်ဆတ်လုပ်ပြီး စကားတစ်ခွန်းမှမပြောတော့ဘဲ အိမ်ကို ဖုန်းနှင့် တစ်စုံတစ်ရာ လှမ်းမှာသည်။ မကြာခင် ထိုလူကြီး၏အိမ်မှ ငွေအချို့လာပို့သည်။ ထိုထဲက ငွေငါးသိန်းကိုထုတ်ယူ၍ အဘဦးညွန့်မောင်ဆီ ကမ်းပေးသည်။ ထိုလူကြီးပြောသော စကားများကို ခုထိမိမိ ကြားယောင်နေဆဲ ဖြစ်သည်။ "ကျွန်တော့်နာမည်ကိုတော့ မထည့်ပါနဲ့ဗျာ။ ဆေးခန်းအတွက် သုံးပါ။ တကယ်လုပ်မယ့် လူတွေကို ကျွန်တော်လည်း မျှော်လင့်နေတာပါ၊ အကူအညီလိုရင် ပြောပါ"
နည်းနည်းအမည်ခံ များများကုသိုလ်လုပ်သော သူမျိုး ကို ပထမဦးဆုံး စတင်တွေ့ဆုံရခြင်း ဖြစ်ပါသည်။ သူ့နာမည်ကို သူမပြောသော်လည်း မှတ်သားထားမိသည်။ ကတိအတိုင်း အမည်ကို ထုတ်တော့ မပြောလိုပါ။
ဆေးခန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၂ တွင်မလုပ်ဖြစ်ဘဲ ဖေဖော်ဝါရီ ၁၆ မှ လုပ်ဖြစ်ပါသည်။ ဆေးခန်း၏ နာယက များထဲတွင် တောင်ကြီးမြို့မှ သက်တော်ရှည် (ယခုပျံလွန်တော်မူပြီ) သိမ်တောင် ဆရာတော်အပါအ၀င် ဖြစ်သော်လည်း ဖွင့်ပွဲနေ့တွင် မကြွရောက်နိုင်ပါ။ စွန်းလွန်းဂူကျောင်းဆရာတော်က တရားချီးမြှင့်သည်။ တရားပွဲမစမီတွင် မိမိနှင့် ပင်စင်စား ဆရာဝန်ကြီးတစ်ဦး အငြင်းပွားကြသည်။ ဆရာကြီးက ပိုက်ဆံတစ်ပြားမှ မယူဘဲ ဆေးကုပေးတာ ရေရှည်မအောင်မြင်နိုင်ဟု ဆိုသည်။ မိမိက အောင်မြင်နိုင်သည်ဟု ပြန်ငြင်းသည်။ တရားပွဲအပြီး ယခင်ဥက္ကဋ္ဌဟောင်း အဘဦးဝင်းမင်းက ဆေးခန်းနှင့် ပတ်သက်သော အချက်များနှင့် ယခင်နာမှုကူညီရေးအသင်းနှင့် ပတ်သက်သောအချက်များကို လျှောက်တင်နေတုန်း ဆရာကြီးထွက်သွားသည်။
ဖွင့်ပွဲအပြီးတွင် ယခင်ရံပုံငွေ ဆယ့်ငါးသိန်းမှ လေးဆယ့်ငါးသိန်းထိ မြင့်တက်သွားသည်။ နောက်လေးလအကြာ မိမိသံတောင်ကြီးသို့ ရောက်ရှိချိန်တွင် ဆေးခန်းရံပုံငွေ သိန်းတစ်ရာအထိ မြင့်တက်သွားကြောင်း အဘဦးညွန့်မောင်က ပြောပြသောအခါ မိမိမအံ့သြတော့ပါ။
ဆေးခန်းတည်ရှိသော ရပ်ကွက်သည် ဆင်းရဲသောရပ်ကွက် ဖြစ်သည်။ မိမိတို့က စဖွင့်ခါစဖြစ်သဖြင့် ဆေးခန်းကို သုံးခန်းအသုံးပြုသည်။ တစ်ခန်းကို ဆေးထည့်သည့်အခန်းအဖြစ် သတ်မှတ်ပြီး ထိုအခန်းကို သူနာပြု ဆရာမကြီးတစ်ဦးက နဂါးပွက်ကျောင်းမှ သံဃာတော်များ အနာဆေးလိမ်းရန် အသုံးပြုနေသည်။ ကျန်သည့်အခန်းနှစ်ခန်းတွင် မိမိတို့တစ်လှည့်စီ ထိုင်သည်။ ဆေးခန်းကို ကျော်စွာအေးက ပိတ်ရက်မရှိဖွင့်ချင်သည်။ ထို့ကြောင့် လူနာဦးရေကို ကန့်သတ်ထားပြီး (သံဃာများမပါ)တစ်ရက် လူနာ ၂၀ သာကြည့်ရန် ဆုံးဖြတ်ကြသည်။
ညနေသုံးနာရီခွဲတွင် ဆေးရုံရှေ့သို့ မေတ္တာရှင်ဇီဝိတဒါန ဆေးခန်းဟု အမည်ထိုးထားသော ပေါင်မုန့်ကားအဖြူလေး ရောက်လာတတ်သည်။ ထိုကားကလေးကား နာမှုကူညီရေးအသင်းမှ ကားကလေးဖြစ်သည် ဟူ၏။ လက်ဦးက အလောင်းများကို တင်ရသော ကားဖြစ်သဖြင့် မိမိတို့ကို အားနာသဖြင့် မခေါ်ဝံ့၊ နောက်အကြောင်းသိလာမှ ခေါ်ဝံ့သည်ဟု လူကြီးများက ပြောပြသည်။ "အကြောင်းသိလာတာ ဘာလဲ မိမိတို့ လူဆိုးတွေဖြစ်မှန်း သိလာတာလား" ဟုနောက်လိုက်သည်။ "ဆရာလေးတို့ အယူမရှိမှန်းသိလာတာပါ" ဟု ပြန်ဖြေသည်။
လူနာ ၂၀ သာ ကြည့်မည်ဟု သတ်မှတ်ထားသဖြင့် ပြန်လည်ချိန်းဆိုထားသော လူနာများကို တမျိုးစီစဉ်ဖို့ မိမိက အကြံပြုသည်။ ပထမဆုံး ဆေးပေးသည့် ကိစ္စတွင် ပေးလိုက်သည့် ဆေးများ မသောက်မည်ကို စိတ်ပူရသဖြင့် ဆေးခန်းနှင့် နီးသော သူများကို မနက်ခင်းတွင် တစ်ရက်စာ ဆေး လာလာထုတ်ဖို့ စီစဉ်ရသည်။ မေတ္တာရှင်အသင်း နာမည်ပါသော ဆေးခန်းစာအုပ်များကို ထုတ်ရသည်။ အချို့လူနာများကား ဆေးခန်းစွဲနေခြင်းသာ ဖြစ်သည်။ ညနေ ၃ နာရီခန့်ကတည်းက တစတစ ထိုင်စောင့်နေကြပြီး ဘာရောဂါမှ မရှိဘဲ နေ့စဉ်ပုံမှန် ရောဂါပြသည်။ ထို့ကြောင့် စာရေးမလေးနှစ်ဦးက လူနာများကို မှတ်တမ်းတင်ရုံမက စစ်ဆေးစိစစ်ရေးပါ လုပ်ကြရသည်။ မိမိတို့ကလည်း နောက်တစ်ပတ်ကြာမှ ပြန်လာပြရန် စသည်ဖြင့် ရေးပေးလိုက်ကြသည်။ အများစုက ပြင်ပလူနာ ဋ္ဌာနမှာ ကုသရုံနှင့် ပြီးစီးနိုင်သော်လည်း ဆေးရုံတက်မှ ဖြစ်နိုင်မည့် လူနာများနှင့် နေ့ဖို့ညစာတောင် မတတ်နိုင်သည့် လူနာများအတွက်တော့ အတော်ခေါင်းခဲရပါသည်။ ဆေးရုံကြီးများ တက်ရောက်ပြီး ဘက်ပေါင်းစုံစစ်ဆေးမှ ရောဂါနာမည်တပ်နိုင်မည့် လူနာများကိုလည်း ဆေးရုံမတက်နိုင်သဖြင့် ရောဂါအမည်မတပ်နိုင်ဘဲ ထားခဲ့ရသည်များ ရှိသည်။
နောက်ပိုင်းတွင် ကမ္ဘောဇဆေးရုံကြီးကို သံဃာ့ဆေးရုံအဖြစ် လှူဒါန်းလိုက်သည်ဟု ကြားရသော်လည်း ထိုစဉ်ကာလက ထိုဆေးရုံကြီးက ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါ။ သို့သော် တောင်ကြီးရှိ အထူးကု ဆေးခန်းအတော်များများက မိမိတို့အသင်းကို အကူအညီပေးသည်။ အနည်းဆုံး မိမိတို့ တာဝန်ခံပြီး လွှတ်သော လူနာများအတွက် ဓာတ်မှန်နှင့် အီးစီဂျီမျှကို အလကားရိုက်ပေးသည်။
ဆယ်လသား ကလေးလေးတစ်ဦး ခြေစွယ်ငုတ်ပြီး ပြည်တည်သဖြင့် ဆေးရုံမှ အကြီးဖြစ်သော အစ်မကို ပြောပြ၍ ခွဲခန်းထဲမှာ ခွဲပေးလိုက်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် တိုက်အုပ်ဆရာတော်ဖြစ်နေသော ကိုယ်တော်လေးတစ်ပါးကို မှတ်မိနေသည်။ စာကြိုးစားသလောက် အတော်ရိုးရှာသည်။ ကြွက်နို့များပေါက်နေသဖြင့် ကျော်စွာအေးနှင့် ကျော်ထူးက ဆေးရုံခေါ်ကာ ခွဲပေးသည်။ ထို့နောက် မေတ္တာရှင်ဆေးခန်းမှာ နေ့စဉ်ဆေးလာထည့်ဖို့ ပြန်ချိန်းလိုက်သည်။ နောက်နေ့များတွင် တိုက်အုပ်ဆရာတော်ကလေးကို ရှာမတွေ့သဖြင့် မေးမြန်းရာ ဆေးထည့်သည့်အခန်းမှာ ကိုရင်များနောက်တွင် တန်းစီနေသည်ကို တွေ့ရသည်။ အရှင်ဘုရားက တိုက်အုပ်ဆရာတော်ကြီးဘဲဘုရား တန်းမစီပါနဲ့ ရောက်တာနဲ့ နီးရာလူကို အမိန့်ရှိလိုက်ပါဘုရားဟု လျှောက်ထားတော့ ခေါင်းညိတ်ခေါင်းညိတ်နှင့် နောက်နေ့ တန်းစီပြန်ပါသည်။ ထို့ကြောင့် လူနာများနှင့် စာရင်းကိုင်သော မိန်းကလေးနှစ်ဦးကို မှာထားရသည်။ အဲဒီဆရာတော်ကို တွေ့တာနှင့် လာအကြောင်းကြားပါဟု။
မကြာမီ အင်အားဖြည့်တင်းဖို့ ဆရာဝန်များ တိုးလာသည်။ ယခုကွယ်လွန်သွားပြီဖြစ်သော သမားတော်ကြီး တစ်ဦးက တစ်ပတ်ကို တစ်ကြိမ် နေ့လည်ပိုင်း ထိုင်ပေးသည်။ ထို့နောက် အလုပ်သင်ဆင်းအပြီး တာဝန်ကျဖို့ စောင့်နေသော တောင်ကြီးမြို့ခံ ဆရာဝန်နှစ်ဦး လုပ်အားပေးဖို့ ရောက်လာသည်။
ထို့ကြောင့် မိမိတို့တာဝန် လျော့ပါးလာသဖြင့် အဘဦးဝင်းမင်းတလှည့် အဘဦးညွန့်မောင်တလှည့် ခေါ်ကာ တောင်ကြီးမြို့ဘုန်းကြီးကျောင်းများကို လေ့လာရင်းထွက်ရင်း ဆေးကုဖို့ မိမိက အကြံပြုသည်။ ဆေးခန်းကိုလည်း ကြော်ညာပြီးသားဖြစ်သည်၊ လူနာဗဟုသုတလည်းရ၊ ဒေသန္တရဗဟုသုတလည်း ရသဖြင့် အားလုံးက လက်ခံသည်။ လုပ်အားပေးများအဖြစ် လိုက်ချင်သူများကို ခေါ်သွားသည်။ ဘုန်းကြီးကျောင်းများကို လှည့်ချိန်က နေ့လည်ဖြစ်သဖြင့် သုံးဦးစလုံးနေ့စဉ်တော့ မသွားနိုင်။ ဆေးရုံကို ခွင့်တောင်း၍ တလှည့်စီသာ သွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံက တန်သည်။
ထိုကာလများအတွင်း မိမိတို့သည် ထူးခြားသော အတွေ့အကြုံများကို ရရှိခဲ့ကြပြီး ထူးခြားမြင့်မြတ်သော မိတ်ဆွေများနှင့် ပေါင်းသင်းခွင့်ရခဲ့သည်။ နှစ်လတိတိ တစ်နေကုန် အိမ်ကိုဖိတ်၍ ထမင်းကျွေး ဆရာပါပင့်ဖိတ်၍ စာသင်ပေးသော အဘအေး၊ အလွန်ရိုးသားနှိမ့်ချသလောက် အလွန်အေးချမ်းသော ပြည်နယ်သာသနာရေးမှူးဟောင်း ဆရာကြီးဦးအောင်ရှိန်၊ မေတ္တာကြီးမားလှသော ဆရာမကြီး ဒေါ်ထွေးထွေးလှ တို့ အဘဦးညွန့်မောင်၊ အဘဦးဝင်းမင်း၊ အဘဦးမော်ကြီး၊ဒေါ်ကြီးမိုး တို့ အပါအ၀င် မိမိတို့ သိကျွမ်းခဲ့သော အဆွေခင်ပွန်းများမှာ ဘာပစ္စည်းဥစ္စာနှင့်မှ လဲလို့မရသော အဆွေခင်ပွန်းကောင်းများ ဖြစ်သည်ဟု အမှတ်ရနေသည်။
ယခု ကျော်စွာအေးက ရှမ်းပြည် နယ်တစ်နယ်မှာ တာဝန်ကျနေသည်။ လုံ့လ၀ီရိယရှိသူပီပီ မြိတ်နားက ကျွန်းစုမှာ တာဝန်ကျတုန်း ဇီဝိတဆေးခန်းတစ်ခု ဖြစ်အောင် ထောင်သွားသည်။ ကျော်ထူးလည်း ဧရာဝတီတိုင်းနားမှာ တ၀ဲလည်လည် ဖြစ်နေသည်။ သူငယ်ချင်းများကား ဘယ်တော့မှ ပြန်ဆုံတော့မလဲ မသိ။ သို့သော် ကိစ္စတော့ မရှိ။ ဒီလူတွေအကြောင်း စုံစမ်းရတာ ငှက်ပျောသီး အခွံနွှာစားရတာထက်တောင် လွယ်သေးဥစ္စာ။ ဟုတ်စ။
အဘဦးညွန့်မောင်ဆီ တလောက ဖုန်းဆက်သည်။ ဆေးခန်းကား အထူးအောင်မြင်သည်။ ဓာတ်ခွဲခန်းတစ်ခန်းပါ လုပ်ထားပြီး သွားစိုက်ခုံတစ်ခုံနှင့် သွားစိုက်ဆရာဝန်များပါ လုပ်အားပေးနေသည်ဟု ပြောပြသည်။ ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် သမားတော်ကြီးတစ်ဦးလည်း လုပ်အားပေးနေကြောင်း ရံပုံငွေ သိန်းငါးရာခန့်ရှိပြီဖြစ်ကြောင်း ၀မ်းသာအားရ ပြောပြသည်။ အင်တာနက်ခေတ်ဖြစ်သဖြင့် ၀ဘ်ဆိုက်တစ်ခုလုပ်ကာ သတင်းဖြန့်ချိစေလိုကြောင်း မိမိက အကြံပြုသည်။ လူကြီးများဖြစ်သဖြင့် အင်တာနက် ကောင်းကောင်း မသုံးတတ်သေး။ မိမိက တာဝန်ယူကာ လုပ်ပေးလိုသော်လည်း အခြားကိစ္စတစ်ခုပေါ်လာသဖြင့် နှောင့်နှေးနေသည်။ မပြန်ခင် လုပ်ပေးမည်ဟု စိတ်ကူးသည်။
အဘဦးညွန့်မောင်တို့ က ဦးကျော်သူကို ကျေးဇူးတင်သည်ဟု ပြောပြသည်။ ဦးကျော်သူတို့ နာမှုကူညီရေးအသင်း ရန်ကုန်မှာ အောင်မြင်သည်ကို ကြားသိရ၍ သူတို့စလုပ်ဖြစ်ကြောင်း၊ နောက် ဇီဝိတဆေးခန်းလုပ်သည်ကြားတော့ လုပ်ဖို့အကြံဖြစ်ကြောင်း ပြောပြသည်။ နောက်တော့ "စားပွဲတစ်လုံး ငွေငါးသောင်းရှိရင် ဆေးစကုလို့ဖြစ်သည်" ဟု မိမိပြောသည်ကို ကြားရသဖြင့် "တို့တော့ အလှူခံရရင် ငါးသောင်းမကဘူး၊ ငါးသိန်းလောက်ရမှာပါပဲ" ဆိုပြီး ဆေးခန်းစလည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြသည်။
ဆရာကြီးလူထုစိန်ဝင်းက လူကောင်းသူကောင်းများ နည်းပါးသည်ဟု ယူဆဟန်တူပါသည်။ သူ့အမြင်ကို သူဆောင်းပါးများတွင် ရေးသားတတ်သည်။ မိမိ၏အတွေ့အကြုံအရမူ လူကောင်းသူကောင်းများ နည်းပါးသည်ဟု လက်ခံ၍ မရပါ။ မြန်မာပြည်တွင် လူကောင်းသူကောင်းများ များစွာရှိသည်ဟုသာ သဘောပေါက်နေပါသည်။ ရိုးသားနှိမ့်ချသလောက် ပညာရည်ပြည့်ဝသော လူငယ်လူကြီးအများအပြားကို လက်တွေ့ပြနိုင်ပါသည်။ အချို့ကိစ္စများနှင့် အသက်အရွယ်အရ လူတိုင်းကို မယုံကြည်နိုင်ဘဲ သတိထားတတ်သောစိတ် များပြားလာသော်လည်း လူကောင်းသူကောင်း အများအပြားရှိသည်ဟု ယူဆနေသော အယူအဆကို တော့ ပျောက်ပျက်သွားအောင် မတတ်နိုင်ပါ။
ဘ၀အတွေ့အကြုံသည် အကောင်းဆုံး ဆရာဖြစ်ပါသည်။

4 comments:
ဖတ်ရတာ စိတ်ချမ်းသာပါ၏။ :) :) :) စာထဲက လူများ ဘုန်းကြီးပြီး အသက်ရှည်ကြပါစေ။ :) :)
မေါင်အလှတရားရေ။ဦးစိန်ဝင်းကိုအပြစ်မတင်ပါနဲ့ကွယ်။ လူဆိုတါကိုယ်ကျင်လည်ရာပါတ်ဝန်းကျင်နဲ့လေါကကိုတိုင်းတါကြတါပါဘဲ။ အဲဒီထဲမှာမှာအသိပညာနဲ့ဖြန့်ကျက်စဉ်း စါးတတ်သူရယ်ကိုယ့်အ၀န်းအ၀ိုင်းထက်ပိုပြီးမြင်အေါင်ကြိုးစါးသူရယ် နောက်အခြေအနေနဲ့အချိန်အခါအရပြောင်းလဲတဲ့လူ့သဘေါကိုမြင်ခွင့်ရသွါးသူရယ် ဒါတွေပါဘဲ။ လေါကမှာလူမိုက်နဲ့လူလိမ်မါဘယ်ဟါပိုပေါလဲ မေးခွန်းက မေးစရာတေါင်မလိုပါဘူးလေ။ သူတော်ကေါင်းနဲ့သူယုတ်မါ အစွန်းနှစ်ခုထဲကအလယ်ကျကျဖြစ်နေကြတဲ့သူတွေ နဲ့သူတော်ကေါင်းဘက်နဲနဲပိုများသူတွေဘဲတွေ့ခဲ့သလေါက်ယှဉ်ကြည့်ပါအုံး။ လူမှု့ရေးလုပ်ငန်းတွေအတွက်သါဓုလေးလေးနက်နက်ခေါ်ပါတယ်။ နိုင်ငံရေးနယ်မှာတေါ့ သေချာစဉ်းစါးပြီးမှ လူကေါင်းဟုတ်မဟုတ်ဆုံးဖြတ်တါကေါင်းပါတယ်။ တို့နိုင်ငံမှာလူကေါင်းတွေလိုပါတယ်။ ရှိနေတဲ့လူကေါင်းတွေအင်အါးကိုစုစည်းပြီးပိုကေါင်းအေါင်လုပ်နိုင်တဲ့ဦးဆေါင်မှု့ပေးနိုင်တဲ့သူတော်ကေါင်းလဲလိုပါတယ်။ ဒါပေမင့်လူမှု့ရေးစံနဲ့နိုင်ငံရေးစံအခြေခံခြင်းတူနိုင်ကြသော်လဲအဆုံးသတ်အဖြေထုတ်ဘို့လုပ်ငန်းစဉ်မတူဘူးဆိုတါလဲသိဘို့လိုပါတယ်။ အဲတေါ့နိုင်ငံရေးနယ်ပါယ်မှာလူကေါင်းများလါရင်တိုင်းပြည်အတွက်ကေါင်းပါတယ်။ ဦးစိန်ဝင်းပြောတါအဲဒါလို့နားလည်လိုက်လို့ထေါက်ခံလိုက်ပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက်ဆက်လက်အကျိုးဆေါင်နိုင်ပါစေလို့မေတ်တါပို့သပါတယ်။
သါမန်လူသါး
ဝမ်းသာအားရ ဖတ်ရှုသွားပါတယ် အလှတရားရေ.။
လူတိုင်း မကောင်းနိုင်သလို လူတိုင်းလဲ မဆိုးသေးပါဘူး။ကောင်းတဲ့လူတွေ များများရှိမှသာ ဆိုးတဲ့လူတွေ နည်းသွားပါလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဆရာကြီး ဦးစိန်ဝင်းကို အပြစ်မတင်ပါခင်ဗျာ။ ဆရာကြီးရဲ့ လူကောင်းသူကောင်းတွေအပေါ် အလေးပြုတဲ့ စိတ်၊ လူကောင်းသူကောင်းတွေပေါ်လာဖို့ တိုက်တွန်းတဲ့သဘောကို နားလည်သဘောပေါက် လေးစားပါတယ်။ အဲ့ဒီနှစ်ချက်မှာတော့ တသဘောတည်းပါပဲ။
Post a Comment