ဆေးပညာ-သမိုင်း-မှတ်စု-၁

ဆေးပညာပေါက်ကွဲထိုးထွက်မှုများ

ခရစ်သက္ကရာဇ် ၁၅၀၀ မှာ ပြင်သစ်လူမျိုး ခွဲစိတ်ဆရာဝန် အမ်ဗွိုက်ပါရဲ ပေါ်လာခြင်းကို ပထမအကြိမ် ဆေးပညာပေါက်ကွဲ ထိုးထွက်မှုလို့ Discovery Health မှာ ဖတ်ရပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီနေရာမှာ ယနေ့ခေတ် ဆေးပညာ ဖောက်ထွက်မှုအဖြစ် ကျွန်တော်တစ်ခါက မိတ်ဆက်ပေးဖူးတဲ့ Stem Cells (ရင်းမြစ်ဆဲလ်)ကို ဖော်ပြထားခြင်း အတွက်ပါပဲ။ Stem Cells အပေါ်ထားရှိတဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ပေါ်လစီက သူ့အရင်သမ္မတ ဘုရှ်ထက် ထူးထူးခြားခြား မျက်နှာသာပေးထားတယ်လို့တော့ မထင်မိပါဘူး။ သူ့အမိန့်ပြန်တန်းကို မျက်စိလျှမ်းပြီး ဖတ်တာမှာ ဒီသုတေသနအတွက် ပိုက်ဆံနည်းနည်း ပိုပေးမယ်လို့တော့ နားလည်လိုက်မိတယ်။ ရင်းမြစ်ဆဲလ်ဟာ အများသိတဲ့အတိုင်း ပဉ္စလက်ဆန်တဲ့ အရာဖြစ်ပြီး လမ်းဆုံးနေတဲ့ ရောဂါ အတော်များများအတွက် (ဥပမာ အယ်လ်ဇိုင်းမား၊ ကင်ဆာ၊ ဆီးချို) ပျောက်အောင်ကုပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည် ဖြစ်ပါတယ်။ သူ့ရဲ့ ပြဿနာကတော့ သုတေသန လုပ်ငန်းအများစုအတွက် သန္ဓေသား ကနေ ဆဲလ်တွေကို ယူရတာ ဖြစ်တဲ့အတွက် ရှင်းရှင်းပြောရရင် လူကျင့်ဝတ်တွေ ဘာသာတရားတွေနဲ့ ငြိနေပါတယ်။ ချက်ကြိုးကထွက်တဲ့ သွေးကရတဲ့ ရင်းမြစ်ဆဲလ်နဲ့ ရိုးတွင်းခြင်ဆီနဲ့ အရေပြားအပါအ၀င် တခြားနေရာကရတဲ့ ရင်းမြစ်ဆဲလ်တွေ အတွက်ကတော့ ပြဿနာမရှိဘူးပေါ့လေ။

Discovery Health က ဆေးပညာပေါက်ကွဲထိုးထွက်မှု အချိန်တွေကို အရင်းအတိုင်း ဖောက်သည်ချရရင်


၁)သက္ကရာဇ် ၁၅၀၀ ပြင်သစ်လူမျိုး ခွဲစိတ်ဆရာဝန် အမ်ဗွိုက်ပါရဲ (Ambroise Pare') နဲ့ သူ့ရဲ့ခွဲစိတ်နည်းတွေ ပေါ်ထွန်းမှု
၂)၁၇၉၆ ခုနှစ် ဗြိတိန်လူမျိုး အက်ဒ်ဝါဒ့် ဂျန်နာ (Edward Jenner) ရဲ့ ကျောက်ရောဂါကာကွယ်ဆေး (small pox vaccine)
၃)၁၈၉၅ ဂျာမန်လူမျိုး ရိုအင်ဂန် (Roentgen)ရဲ့ ဓာတ်မှန်တွေ့ရှိမှု
၎)နောက်နှစ်နှစ်အကြာ ၁၈၉၇ ဂျာမန်ဓာတုဗေဒပညာရှင် ဖဲလစ် ဟောဖ့်မန်း (Felix Hoffmann) ရဲ့ အက်စ်ပရင် (Asprin) တွေ့ရှိမှု။
၅)၂၀ရာစုမှာ ၁၉၂၈ ခုနှစ် စကော့လူမျိုး သိပ္ပံပညာရှင် အလက်ဇန္ဒားဖလဲမင်း (Alexander Fleming) ရဲ့ အများသိကြတဲ့ ပင်နင်စလင် (Penicillin) တွေ့ရှိမှု
၆)၁၉၅၅ မှာ ပိုလီယိုဗိုင်းရပ်စ် ကာကွယ်ဆေး (Polio Vaccine) ပေါ်ထွန်းမှု
၇)၁၉၇၈ ခုနှစ် အင်္ဂလန်မှာ ဖန်ပြွန်သန္ဓေသား စမ်းသပ်အောင်မြင်မှု
၈)ယနေ့ခေတ်နဲ့ အနာဂတ်မှာ ရင်းမြစ်ဆဲလ် (Stem Cells) စမ်းသပ်နေမှု

လို့ ပြထားတာကို တွေ့ရပါတယ်။ ဒီအချက်တွေကို တချို့ကတော့ အပြည့်အ၀ သဘောတူကြမယ် မထင်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သမိုင်းဖြစ်ရပ်တွေကို ငြင်းခုန်ကြရင် ဒုတ်မထမ်းလို့ မဖြစ်တာက ပုဂံရာဇ၀င်တစ်ခုတည်း ဖြစ်နိုင်မယ် မထင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ အတွင်း မြန်မာပြည်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကိုတောင် တစ်သံတည်းထွက်အောင် ပြောဖို့ မဖြစ်နိုင်တဲ့နည်းတူ ဆေးပညာပေါက်ကွဲထွက်မှုတွေ အပေါ်လည်း အယူအဆ အမျိုးမျိုး ရှိနေတာ သဘာဝကျပါတယ်။

ခရစ်မပေါ်ခင် နှစ်ပေါင်း ၄၆၀ (BC 460) (ဗုဒ္ဓပရိနိဗ္ဗာန်ပြုအပြီး နှစ်နှစ်ဆယ်အကြာမှာ) မွေးဖွားတဲ့ ဟစ်ပိုကရေးတီးကို ဆေးပညာရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုကြပါတယ်။ ဘာလို့အသိအမှတ်ပြုရသလဲဆိုတော့ စုန်းကဝေ၊ မှင်စာသရဲ မှော်ဆရာ၊ ပရောဂဆရာ တွေနဲ့ ရောဂါကုတဲ့ အဖြစ်ကနေ လူကိုလူ၊ ရောဂါကို ရောဂါလို့ မှတ်သိပြီး လူကို လူလိုမေး၊ လူလိုစမ်းသပ်ပြီး ဆေးကုသတဲ့ အဖြစ်ကို ရောက်အောင်ဖန်တီးပေးတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ပါပဲ။

ခရစ်ပေါ်ပြီး သက္ကရာဇ် ၁၃၀ မှာ ဟစ်ပိုကရေးတီးရဲ့ နောက်လိုက်တစ်ဦးဖြစ်တဲ့ ဂါလန် Galen ကတော့ မျက်လုံးတွေ ဦးနှောက်တွေပါ ခွဲစိတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ကို အသိအမှတ်ပြုရတာက ယခုထိ တချို့လူတွေ မကြားဘူးသေးတဲ့ ဘာသာရပ်တွေဖြစ်တဲ့ ဇီဝကမ္မဗေဒ၊ ခန္ဓာဗေဒနဲ့ ဆေးဝါးဗေဒ ဆိုင်ရာ အားထုတ်မှုတွေအတွက် အသိအမှတ်ပြုနေကြရတာပါ။

သက္ကရာဇ် ၉၁၀ မှာ ပါရှန်က ရာစစ် (Razis) က ကျောက်ရောဂါ(Smallpox) နဲ့ ၀က်သက်(measles) ကွဲအောင် ခွဲခြားဖော်ထုတ် ပေးခဲ့ပါတယ်။ သူက ကျောက်ရောဂါကို စတွေ့သူဖြစ်ပါတယ်။

၁၅၉၀မှာ ဒက်ခ်ျလူမျိုး မှန်ဘီလူးသွေးတဲ့သူ ဇာခါရီးယပ် ဂျန်ဆန် (Zacharius Jannssen) က အနုကြည့်မှန်ဘီလူး (microscope) ကို သွေးပေးခဲ့ပါတယ်။

နှလုံးရဲ့သွေးတို့ရဲ့ လှုပ်ရှားမှုအကြောင်း စာအုပ်ထုတ်ခဲ့တာက ၁၆၂၈မှာ ဖြစ်ပြီး အငြင်းပွားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ သုတေသီက ၀ီလီယမ် ဟာဗေး William Hervey ဖြစ်ပါတယ်။ ၁၇၉၆ မှာ အထက်က ပြောခဲ့တဲ့ အက်ဒ်ဝါဒ့် ဂျန်နာ က ကျောက်ရေဂါ ကာကွယ်ဆေးကို တွေ့ပါတယ်။

ကြားထဲမှာ ဖြတ်ပြောစရာရှိတာက အလွန်နာမည်ကြီးတဲ့ သေမင်းနက်လို့ တွင်ခဲ့ဖူးတဲ့ ပလိပ်ရောဂါအတွက် ဆေးပညာရှင်တွေ ဘာလုပ်နိုင်ခဲ့သလဲဆိုတဲ့အချက်ပါ။ ဘီစီ ငါးရာစုလောက်ကတည်းက အကြိမ်ကြိမ် ဖြစ်နေတဲ့ ပလိပ်ရောဂါကို ဘယ်လို လက်ပိုက်ကြည့်ခဲ့ရသလဲ ပြချင်ရင် ပဋိဇီဝဆေး Antibiotics တွေ ဘယ်အချိန်မှ စပေါ်သလဲဆိုတာသာ ကြည့်ပါ။ ယခု အိပ်ခ်ျအိုင်ဗီရောဂါကို လက်ပိုက်ကြည့်နေရသလိုပါပဲ။ ပဋိဇီဝဆေးတွေဟာ လူဝီ ပါစချာနဲ့ ရောဘတ်ကော့ခ်ျတို့ရဲ့ ကျေးဇူးကြောင့် ၁၈၇၇ မှ စပေါ်တာပါ။ ၁၄ ရာစုလောက်က ပြင်သစ်ပြည် တော်ဝင် ဆေးပညာရှင်တွေရဲ့ ပလိပ်နဲ့ ပတ်သက်ပြီး (ခေတ်အမြင်နဲ့ကြည့်ရင်) အဓိပ္ပါယ်လုံးဝမရှိတဲ့ ထုတ်ပြန်ကြေညာချက်အတွက် စာနာနားလည်လို့ရပါတယ်။ (Ref: The Epidemics of the middle ages)

၁၈၀၀ မှာ ဆာဟမ်ဖရီ ဒေဗီက (Sir Humphry Davy) နိုက်ထရပ်စ်အောက်ဆိုက်ရဲ့ မေ့ဆေးသတ္တိကို ထုတ်ပြောခဲ့တယ်။ နောက် ၄၅ နှစ်ကြာတဲ့အထိ မသုံးနိုင်ခဲ့ပါဘူး။ ၁၈၄၂ နဲ့ ၁၈၄၄ အသီးသီးမှာ အဲဒီဓာတ်ငွေ့ကို မေ့ဆေးနေရာမှာ အသုံးချကြပါတယ်။ ၁၈၁၆ မှာ နားကြပ်စပေါ်တယ်။

ပလိပ်ရောဂါ ကာကွယ်ဆေးပေါ်အပြီး နောက်နှစ်နှစ်အကြာ ၁၈၇၉မှာ ကာလ၀မ်းရောဂါ (Cholera) ကာကွယ်ဆေးပေါ်တယ်။ ၁၈၈၁ မှာ ထောင့်သန်း(Anthrax) ရောဂါ ကာကွယ်ဆေးပေါ်တယ်။ ၁၈၈၂ မှာ ခွေးရူး(Rabies)ကာကွယ်ဆေးပေါ်တယ်။ ၁၈၉၀ မှာ မေးခိုင်ရောဂါ (Tetanus) နဲ့ ဆုံဆို့ (diphtheria) ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်ဖို့ လမ်းစရတယ်။ ၂၀ ရာစု မတိုငမီအထိ အဲဒီရောဂါနှစ်ခုအတွက် ကာကွယ်ဆေးထုတ်လို့ မရခဲ့ပါဘူး။

၁၈၉၅ ရိုအင်ဂန်က ဓာတ်မှန်ရောင်ခြည်ကို စတွေ့ပါတယ်။

၁၈၉၇ မှာ ငှက်ဖျားအကြောင်း စပြောကြတယ်။ အိန္ဒိယ မှာ ဗြိတိန်လူမျိုး ဆေးဘက်ဆိုင်ရာ အရာရှိ ရော်နယ်ရိုစ် (Ronald Ross)က ငှက်ဖျားဟာ ခြင်က တဆင့်ကူးစက်တယ်ဆိုတာကို စပြောခဲ့တယ်။ တကယ်တော့ ငှက်ဖျားကုထုံးဟာ ပေါ်လာတာ ကြာပြီ ဖြစ်ပါတယ်။ အခုခေတ် မြန်မာပြည်မှာ ဦးနှောက်ထဲရောက်တဲ့ ငှက်ဖျားအတွက် သုံးစွဲလာပြီဖြစ်တဲ့ အာတီမီစနင်း (artemisinin)အခြေခံ ပေါင်းစပ်ကုထုံး (ACT)မှာပါတဲ့ အာတီမီစနင်းကို တရုတ်ပြည်မှာ ခရစ်မပေါ်ခင် ဘီစီ ၂ ရာစုလောက်ကတည်းက သုံးစွဲခဲ့ကြတာပါ။ ၁၉၇၁ မှာ တရုတ်သိပ္ပံပညာရှင်တွေက အခု အများပြည်သူ သုံးစွဲနေတဲ့ ဆေးအဖြစ်ကို ရောက်ရှိစေခဲ့တယ်။ ပိုပြီးလူသိများတဲ့ ကွီနင်း (quinine) ကိုတော့ တောင်အမေရိကမှာ ပါရူဗီရန် သစ်ခေါက်ကနေ တွေ့ရှိခဲ့ပြီး ၁၇ ရာစုထဲက ဆေးအဖြစ်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

၁၈၉၇ မှာ ပလိပ်ရောဂါအတွက် ကာကွယ်ဆေးပေါ်လာတယ်။ ၁၈၉၉ မှာ အက်စ်ပရင် (Asprin) ပေါ်လာတယ်။ ၁၉၀၁ မှာ အမေရိကန်လူမျိုး ကာလ်းလန်စတိန်နာ (Karl Landsteiner) က အေဘီအို သွေးအုပ်စုခွဲပုံကို စတင်မိတ်ဆက်ပေးခဲ့တယ်။ ၁၉၃၀ မှာ အဲဒီအတွက် ဆေးပညာနိုဘယ်လ်ဆုရခဲ့ပါတယ်။

၁၉၀၆ မှာ ဆာဖရက်ဒရစ် ဂေါ်လန် ဟောပ့်ကင်း (Sir Frederick Gowland Hopkins) က ဗိုက်တာမင်တွေဆိုတာ ဟာရှိပြီး ခန္ဓာကိုယ်အတွက် အရေးကြီးတယ်လို့ ပြောပြခဲ့ပြီး နိုဘယ်လ်ဆုရခဲ့ပါတယ်။

၁၉၀၇ မှာတော့ သွေးသွင်းကုသမှု အောင်မြင်ခဲ့ပါတယ်။

၁၉၁၃ မှာ ဒေါက်တာ ပေါဒုဒလေ ၀ှိုက် (Paul Dudley White) ဟာ အမေရိကန်ရဲ့ ပထမဆုံး နှလုံးအထူးကုဆရာဝန်ကြီး ဖြစ်လာပါတယ်။ အီးစီဂျီ (Electrocardiograph) ကို စသုံးခဲ့တဲ့ ရှေးဦးတီထွင် ပုဂ္ဂိုလ်ကြီးပါ။

၁၉၂၂ မှာ အင်ဆူလင် စပေါ်ပြီး ဆီးချိုရောဂါအတွက် စတင်အသုံးပြုပါတယ်။ ၁၉၂၃ မှာ ဆုံဆို့ကာကွယ်ဆေး၊ ၁၉၂၆မှာ ကြက်ညှာကာကွယ်ဆေး (Whooping cough vaccine)၊ ၁၉၂၇ မှာ တီဘီရောဂါကာကွယ်ဆေး တွေပေါ်လာပါတယ်။ ၁၉၂၇ မှာ မေးခိုင်ကာကွယ်ဆေး ပေါ်ပါတယ်။

၁၉၂၈ မှာ ဖလဲမင်းက ပင်နင်စလင်ကို တွေ့ပါတယ်။ (အဲဒီအတွက် ဆေးပညာ နိုဘယ်လ်ဆုကို တခြားပုဂ္ဂိုလ်နှစ်ဦးနဲ့ သူ ပူးတွဲရခဲ့တယ်။)

၁၉၃၅ မှာ Heart-Lung Machine ကို ဒေါက်တာ ဂျွန် အိပ်ခ်ျ ဂစ်ဘွန် (ဂျူနီယာ) (Dr. John H. Gibbon, Jr.) က ကြောင်မှာ စတင် စမ်းသပ်ခဲ့ပါတယ်။ ၁၉၄၃ မှာ ပဋိဇီဝဆေးတစ်မျိုးဖြစ်တဲ့ စထရပ်တို မိုင်ဆင် (Streptomycin) ပေါ်တယ်။ ၁၉၄၅ မှာ influenza အတွက် ကာကွယ်ဆေးပေါ်တယ်။ ၁၉၅၃ မှာ ဂျိမ်းဝတ်ဆန်(James Watson) နဲ့ ဖရစ်ဆစ် ခရစ် (Francis Crick) တို့က ဒီအန်အေ ရဲ့ ဖွဲ့စည်းပုံကို တင်ပြခဲ့တယ်။

၁၉၆၄ မှာ ၀က်သက်ကာကွယ်ဆေးပေါ်တယ်။ ၁၉၆၇ ပါးချိတ်ရောင် ကာကွယ်ဆေးပေါ်တယ်။ ၁၉၇၀မှာ ရူဘဲလား (rubella) ကာကွယ်ဆေးပေါ်တယ်။ ၁၉၇၄ မှာ ရေကျောက်ရောဂါ (chicken pox) အတွက် ကာကွယ်ဆေးပေါ်ပါတယ်။

ယနေ့ခေတ် လှိုင်လှိုင်လုပ်နေတဲ့ နှလုံးအစားထိုးခွဲစိတ်မှုကို ၁၉၆၇ မှာ တောင်အာဖရိကကာ နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာ ခရစ်စတီယန် ဘားနဒ် က လူသားမှာ အစားထိုးတာ စလုပ်ခဲ့ပါတယ်။

ဖန်ပြွန်သန္ဓေသားကို ၁၉၇၈ မှာ ဗြိတိန်မှာ စလုပ်ခဲ့ပါတယ်။ ၁၉၈၀ မှာ ကုလသမဂ္ဂက ကျောက်ရောဂါ ကင်းစင်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ ၁၉၈၁ မှာ အသည်းယောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေး စပေါ်ပါတယ်။ ၁၉၈၃ မှာမှ အိပ်ခ်ျအိုင်ဗီ ရောဂါပိုးကို စတွေ့တာပါ။ ၁၉၉၂ မှာ အသည်းယောာင် အသားဝါ အေပိုး ကာကွယ်ဆေးပေါ်ပါပြီ။ ၁၉၉၆ မှာ သိုးမလေး ဒေါ်လီ
ကို မိခင်ဖြစ်သူရဲ့ ဆဲလ်တစ်ခုကနေ ကလုန်းလုပ်လို့ အောင်မြင်တယ်။ (ဒေါ်လီက ၂၀၀၃ မှာ သေရှာတယ်။)

....

မှတ်စုပီပီ ဖြုန်းကနဲ ရပ်လိုက်ရင် အပြစ်မတင်စေလို။




0 comments: