ဂျန်းတဲလ်မန်း -အတွေး

ငယ်ငယ်က ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းမှာ ဂျန်းတဲလ်မန်း ဆိုတာနဲ့ပတ်သက်သည့် အတွေးအခေါ်များကို ဖတ်ရသည်။ သူ့စာဖတ်ပြီး ဂျန်းတဲလ်မန်းကို အတော်နှစ်လိုသွားသည်။ ကိုယ့်အသိအကျွမ်းထဲက လူတစ်ယောက်ကို တခြားတစ်ယောက်က "ဒီလူဟာ လူကြီးလူကောင်းတစ်ယောက်ပါ" ဟူသည့် ချီးကျူးသံများကို ကြားရလျှင် ထိုသူအစား ကြားထဲက ကိုယ်က တော်တော်ဝမ်းသာဂုဏ်ယူမိသည်။ ဆရာကြီးရွှေဥဒေါင်း၏ အဆိုအရ (သူရေးတာဖတ်ပြီးကတည်းက) ဥရောပသားများဟာ(ဆရာကြီးက အင်္ဂလိပ်လူမျိုးလို့ပဲ ရေးခဲ့သလားသေချာမမှတ်မိ) လူကြီးလူကောင်းဆန်အောင် ကြိုးစားဖို့ သတိရတတ်ကြသည်ဟု ဂရုပြုမိသည်။ ဖြစ်နိုင်သည်ဟု ယုံကြည်ပါသည်။ မြန်မာဗုဒ္ဓဘာသာတို့ သီလလုံအောင် ကြိုးစားဖို့ သတိရကြသလိုပင် ဖြစ်ကောင်းဖြစ်မည်။ လူကြီးလူကောင်းရဲ့ အရည်အချင်းများကိုလည်း ဆရာကြီးဆီကပဲ စတင်ကြားဖူးခြင်း ဖြစ်သည်။ သေးသိမ်ယုတ်ညံ့ သိမ်ဖျင်းသော စိတ်နေစိတ်ထားများကို မကပ်ရောက်အောင် အပြောအပြု အတွေးအခေါ်များကို ထိန်းသိမ်းသော လူများပဲ ဖြစ်ပါ၏။ အကျယ်ကို တစ်သက်တာမှတ်တမ်းတွင်ပဲ လေ့လာကြပါ။ အပြောကောင်းပြီး ဖြောင့်မတ်စွာစိတ်မထား တလွဲလုပ်သူများကိုတော့ Gentleman မခေါ်။ Hypocrite ခေါ်မည်ထင်၏။ (ကြောင်သူတော်များ ဟူလို)

ဥရောပ ယဉ်ကျေးမှုထဲတွင် အတော်နှစ်သက်မိသော စိတ်နေသဘောထားနှင့် ကျင့်ဝတ်စံ(moral value) ဖြစ်သည်။ တစ်ခုရှိတာက တွေးမိတာ ကြာပြီဖြစ်သော်လည်း ဂျန်းတဲလ်မန်း အယူအဆကို ပြောကြရင် ရှေးရိုးသိပ်စွဲသည်ဟု စွပ်စွဲခံရမလား စိတ်ထင့်နေသည်။ သို့သော် ဘောင်းဘီတိုနှင့် မိဘမဲ့ကလေးဖြစ်သော ၁၃ နှစ်ကောင်လေး တစ်ယောက်မှာတောင် လူကြီးလူကောင်းဆန်သည့် အပြုအမူ စိတ်နေစိတ်ထား တွေ့ရသည်မှစ၍ စိတ်ထင့်တာပျောက်သွားပြီး ဟိုကြည့်သည်ကြည့် လျှောက်ကြည့်တော့သည်။ မျှော်လင့်မိသော လူများတွင် တွေ့ရသည်ကများပါသည်။ တချို့က အပေါ်ယံ ယဉ်ကျေးမှုဝတ္တရား လုံးလုံးကျေပွန်ပြီး အရေးအကြောင်းမှာ ကျိုးကြောင်းမညီညွတ်စွာ တကိုယ်ကောင်းတာ (irrationally selfish)၊ ရိုးဖြောင့်မှုမရှိတာ တွေ့ရသည်။ (ထိုသို့တွေ့လိုက်ရသော်လည်း ထိုပုဂ္ဂိုလ်များနှင့် ပတ်သက်၍ စိတ်ထဲတစ်စုံတစ်ရာ ပြောင်းလဲမှုမရှိပါ။ သဘာဝဟုသာ မှတ်ယူပါသည်။)

အဆိုပါ ကိုယ်ရည်ကိုယ်သွေးသည် အသက်ကြီးသည် ငယ်သည်နှင့်မဆိုင်၊ ပျော်ပျော်နေတတ်တာ လေးလေးနက်နက်နေတတ်တာနှင့် မဆိုင်။ ဘာနှင့်ဆိုင်သလဲတော့ ကျွန်တော်လည်း သေသေချာချာမသိ။ စာရှုသူများတော့ သိကြလိမ့်မည် ထင်၏။

"ခင်ဗျားဟာ ရိုးသားဖြောင့်မတ်သူမဟုတ်ဘူး၊ ခင်ဗျားဟာ လူကြီးလူကောင်း မဟုတ်ဘူး " လို့ အပြောခံရလျှင် သေလောက်အောင်နာသော လူ့အဖွဲ့အစည်းကြီးတစ်ခု တချိန်ချိန်မှာ မဖြစ်ပေါ်လာဘူးဟု မည်သူအတပ်ပြောနိုင်မည်နည်း။ ဤ၀ါကျသည် (သိပ္ပံမောင်ဝ၏ ဆရာစောကျောင်းအကြောင်းရေးသော) ရွာ့ကျက်သရေဆောင်းပါးကို တုပပြောဆိုလိုက်တာ ဖြစ်ကြောင်း ရိပ်စားမိကြပါလိမ့်မည်။ သိပ္ပံမောင်ဝက အဆိုပါဆောင်းပါးကို သရော်သွားနှင့်ရေးထားသော်လည်း နောက်ဆုံးဝါကျကိုတော့ လေးလေးနက်နက် မျှော်လင့်ရေးသားခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။ (မှတ်ဥာဏ်ကို တူးဆွလိုလျှင် ဤ၀ါကျကို ဖတ်ကြပါကုန်။ "ဤသို့ မှတ်ချက်ချသော မောင်လူအေးမှာ မိမိငယ်စဉ်က ဤကျောင်းမျိုးမှာပင် ပညာသင်ကြား ပြီးနောက် တစတစ တိုးတက်ကာ ယခုအခြေအနေသို့ ရောက်နေသည်ကို အမှတ်ရဟန် မတူ။ နောင်နှစ်ပေါင်း လေးဆယ် ငါးဆယ်ခန့်ကြာလျှင် ဤရွာကျောင်းမှပင် မြန်မာပြည် သမ္မတ ထွက်ချင် ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်။")ကျွန်တော်လည်း ရိုးဖြောင့်သော မျှော်လင့်ချက်နှင့် လေးနက်စွာရေးမိခြင်းပါ။ လောလောဆယ်ရသော အကျိုးကတော့ ဆရာစောကျောင်းနှင့် ပိန်မသာ လိန်မသာများမှ ထွက်သော ကျွန်တော့်ငယ်သူငယ်ချင်း တအူတုံဆင်းများကလည်း လက်ခုပ်လက်ဝါး တီးတာခံရပါသည်။ သြဘာသံများကို ရလိုက်ပါသည်ဟု ဆိုလို၏။

ဤတွင် ဂျန်းတဲလ်မန်းအတွေး ပြီးဆုံးပါ၏။

ကြားထဲသတိရလာတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဆောင်ပုဒ်လေးတစ်ခုပေါ်လာ၍ မမေ့ခင် ချရေးလိုက်ပါသည်။ ဤဆောင်ပုဒ်ကို ဥာဏ်ရှိသလို သုံး၍ ဂျန်းတဲလ်မန်းတွေအများကြီး ဖြစ်လာဦးမည်လား မပြောတတ်။ (ဝေါဟာရမကြွယ်ဝလို့ ဂျန်းတဲလ်မန်း ဆိုတာသုံးရပေမယ့် အမျိုးသမီးများလည်း အပါအ၀င်ဖြစ်တာ ထင်ရှားပါသည်။ (လူချင်းအတူတူ လူ=manဟုသာ) အဓိပ္ပါယ်သက်ရောက်သည်ဟု ယူဆရ/ သင့်/ပေးသင့်ပါသည်။)

"ပြောပြုတွေးလျှင် သတိယှဉ် ဆင်ခြင်ဥာဏ်ရှေ့သွား"



4 comments:

Anonymous said...

ကျနော်လဲ ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းထဲက
သူပြောတဲ့ gentleman ကို တော်တော်သဘောကျခဲ့တာဗျ။
ကြိုးစားတာဘဲဗျာ
ဒါပေမဲ့ မဖြစ်လာသေးဘူး

Anonymous said...

ဆရာရွှေဥဒေါင်းက အင်္ဂလိပ် ဂျန်တဲလ်မင်းနဲ့ ဗုဒ္ဓဘာသာ ငါးပါးသီလသမား (ဆရာကြီးအသုံး)အကြောင်း ယှဉ်ရေးတာ ဖတ်လိုက်ရတော့ ဆရာကြီးကို ဘဝင်မကျမိဘူး။
ဗုဒ္ဓဘာသာ ငါးပါးသီလသမားထက် အင်္ဂလိပ် ဂျန်တဲလ်မင်းက ဘယ်လောက် သာတဲ့ မြတ်တဲ့အကြောင်း ချီးမွမ်းထားတာ။ ငါးပါးသီလသမား--ဆိုပြီး နှိမ်ထားတာလဲ အထပ်ထပ်ပဲ။ အင်္ဂလိပ် ဂျန်တဲမင်းတစ်ယောက်က ကတိတည်ရတယ်၊ ဘယ်လိုနေရတယ် ထိုင်ရတယ် စသဖြင့်။

ဘုရားက အရေးအကြီးဆုံး ၅ ချက်ကိုပဲ နိစ္စသီလအဖြစ် ညွှန်ကြားခဲ့တာပဲ။ ဆရာကြီး ပြောသလို အသေးအဖွဲတွေပါ အကုန်လိုက်ထည့်ရင် ငါးပါးသီလမကတော့ဘူး သီလပေါင်း ငါးသိန်းလေးသောင်း ဖြစ်သွားမယ်။

ဆရာကြီး ငါးပါးသီလကို ဘာလို့ ဒီလောက်အမြင်ကပ်နေတာလဲ လေ့လာတော့ စိတ်မကောင်းစရာ သွားတွေ့တယ်။ ဆရာကြီးက မလိမ်ရ၊ မခိုးရ၊ သူ့အသက် မသတ်ရဆိုတဲ့ အတိအကျ နိုင်လွန်းတဲ့ မော်ဒရိတ် မဖြစ်ဘူး မြင်တဲ့ ဒီစည်းမျဉ်းတွေကို မကြိုက်ဘူး။ အရက်မသောက်နဲ့ဆိုတာလဲ လက်မခံနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် သောတာပန် ဖြစ်ချင်ဇောနဲ့ သောတာပန် အရက်သောက်သေးတယ် ရေးလို့ လက်မခံသူတွေနဲ့ ပြဿနာ တက်ရသေးတယ်။

ဆရာကြီးက အင်္ဂလိပ်ဂျန်တဲလ်မန်းဆန်ဆန် အရက်သောက်တယ်။ အရက်ကြိုက်လိုက် အမြည်းကောင်းလေး စားလိုက် စကားဝိုင်းဖွဲ့လိုက် နေချင်တယ်။ ဒီအချိန်မှာ မုသာဝါဒ ထိန်းဖို့ မလွယ်ဘူး။ ဆရာကြီး ဒီတော့ ငါးပါးသီလကို စိတ်အလိုမတွေ့တိုင်း ဝေဖန်မိတယ် မြင်တယ်။

ဆရာကြီး စာတွေကို ကြိုက်ပါတယ်။ အဲဒါလေးတစ်ခုတော့ ဆရာကြီးအမြင်ကို သဘောမတူနိုင်လို့။

Moe Tain Nyo said...

လူကြီး လူကောင်းဆန်ဆန် ၀တ်စား ဆင်ယင် နေထိုင်ပြူမူပြီးအပေါ်ယံ ဆက်ဆံရေးတွေမှာ တအား ယဉ်ကျေးပြီးတော့ စိတ်ဓါတ် အဆင့်အတန်း၊ နားလည်မှု့၊ သည်းခံမှု့၊ မေတ္တာ၊ ဂရုဏာ၊ ကိုယ့်ချင်းစားစိတ် မရှိတဲ့ သူတွေကိုတော့ ဂျင်းတန်းမန်းလို့ အသိအမှတ် မပြုချင်ဘူးဗျ။ ကျွန်တော် လူတစ်ချို့တွေ့ဖူးလို့ပါ။

အလှတရား said...

ကျွန်တော်လည်း တွေ့ဖူးပါတယ်။ စိတ်မကြည်ရင် Hypocrite လို့ပြောလိုက်တယ်ဗျာ။ သာမန်အားဖြင့်တော့ အရှုံးပေးနှလုံးအေး ပြုံးနေလိုက်တယ်။