သန့်ဇင်ဝင်းဟာ ဆေးကျောင်းမရောက်ခင်တုန်းက လူသေအလောင်းတွေကို စေ့စေ့စပ်စပ် မကြည့်ဖူးပါဘူး။ ဆေးကျောင်းဒုတိယနှစ်မှာ ဆေးစိမ်ထားတဲ့ အလောင်းတွေကို စမြင်ဖူးပေမယ့်လည်း ဆေးစိမ်အလောင်းတွေဟာ သစ်သားခြောက်ကြီးတွေလို ဖြစ်နေပြီးတော့ ရိုးရိုးသားသားပြောရရင် လူသားတစ်ယောက်မှာရှိတဲ့ အငွေ့အသက်တွေ သိပ်ပြီးမကျန်တော့သလို ဖြစ်ခဲ့တယ်။ ဒါကြောင့် အဲဒီကိစ္စကို စိတ်ထဲသိပ်ပြီး ထိခိုက်စွဲကျန်မနေခဲ့ဘူး။ နောက်ဆုံးနှစ်အပိုင်း(က)မှာတော့ မှုခင်းဆေးပညာနဲ့ ရောဂါဗေဒဋ္ဌာနတို့၏ ကြီးကြပ်မှုအောက်မှာ ဆေးကျောင်းသူ ဆေးကျောင်းသားတွေဟာ လတ်လတ်ဆတ်ဆတ်သေတဲ့ လူသေအလောင်းတွေကို စတင်လေ့လာရတယ်။ သန့်ဇင်ဝင်းတို့ အဖွဲ့ ပထမဆုံး တွေ့ကြုံရတဲ့ အလောင်းကတော့ အသက် ၄၀ အရွယ် လေထီးခုန်သင်တန်းက နည်းပြ တပ်ကြပ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ ရေခဲတိုက်ထဲက အလောင်းတွေရဲ့ မြင်ကွင်းဟာ ရုပ်ရှင်ထဲမှာလိုတော့ သပ်သပ်ယပ်ယပ် ရှိတယ်မပြောနိုင်ဘူး။ အပြင်ကို မှုတ်ထုတ်တဲ့ ပန်ကာတစ်လုံးဟာ တိုက်ရဲ့အောက်ခြေမှာ လည်ပတ်နေပေမယ့် စိမ်းရွှေရွှေ အနံ့တမျိုးကို ကုန်စင်အောင် မထုတ်ပစ်နိုင်ဘူး။ သန့်ဇင်ဝင်းတို့ဟာ ပထမဆုံး ရေခဲတိုက်ကို ရောက်ဖူးသူများပီပီ ဘေးဘီကို သိပ်ပြီး မကြည့်ဝံ့ကြဘဲ သံကုတင်လေးပေါ် လဲလျောင်းနေရှာတဲ့ အလောင်းကိုပဲ အာရုံစိုက်ပြီး ကြည့်နေကြတယ်။
တပ်ကြပ်ကြီးဟာ စစ်သားပီပီ ကျန်းမာရေးကောင်းမယ့်ပုံရှိပြီး အတော်လေး တောင့်တင်းသန်မာတယ်။ အရပ် ငါးပေ ၈ လက်မလောက်ရှိမယ်။ အဲဒီနေ့မနက် ၁၀ နာရီတုန်းကတော့ တပ်ကြပ်ကြီးဟာ သုံးပေအမြင့်မှာရှိတဲ့ သစ်သားခုံတန်းကလေးပေါ်ကနေ လေထီးခုန်တဲ့အခါမယ် ခြေထောက်မကျိုးအောင် တစ်ပတ်ကျွမ်းထိုးပြီး ဟန်ချက်ထိန်းတဲ့နည်းကို သရုပ်ပြသင်ကြားနေတယ်။ အဲဒီလို သရုပ်ပြလိုက်ရင်း အခန့်မသင့်တဲ့တစ်ခေါက် တစ်ပတ်ကျွမ်းထိုးအပြီးမှာ သတိလည်မလာတော့ဘူး။ ဆေးရုံကို သယ်လာနေတုန်းလည်း သတိလည်မလာဘူး။ အနီးဆုံး ဆေးရုံကိုရောက်တဲ့အခါမှာ ဆရာဝန်က သေပြီးသားဖြစ်တယ်လို့ အတည်ပြုပေးလိုက်တယ်။ ခုကတော့ မှုခင်းဆရာဝန်က သေရတဲ့အကြောင်းကို ခွဲစိတ်စစ်ဆေးရမှာဖြစ်တယ်။
အလောင်းကို မခွဲစိတ်မီ အ၀တ်အစားတွေ ချွတ်ဖို့လိုတဲ့အတွက် ရေခဲတိုက်မှာ အလုပ်လုပ်တဲ့ ဦး---နဲ့ မိန်းမတစ်ယောက်က အ၀တ်အစားတွေကို ချွတ်ဖို့လုပ်ကြတယ်။ အလောင်းဟာ တော်တော်လေး တောင့်တင်းနေတဲ့အတွက် ချွတ်ရတာ မလွယ်ဘူးဖြစ်နေတယ်။ တစ်ယောက်က ခေါင်းကို မလိုက်တဲ့အခါ အလောင်းဟာ ဦးခေါင်းကနေ ခြေဖျားအထိ အတောင့်လိုက် ကြွတက်လာတယ်။ လက်မောင်းကို ကွေးပြီး အကျီ င်္လက်ကို ချွတ်ယူဖို့ဆိုတာ အဆစ်တွေက ကွေးရခက်နေပြီး တော်တော် ခက်နေတော့တယ်။ Rigor mortis (death stiffness)ဟာ သေပြီး သုံးနာရီလောက်အကြာမှာ စလေ့ရှိတဲ့အတွက် နံနက် ဆယ်နာရီကနေ ညနေ ၂ နာရီဆိုတဲ့အချိန် ငါးနာရီအတောအတွင်း အစိတ်အပိုင်း တော်တော်များများဟာ ဖြည်းဖြည်းချင်း တောင့်တင်းလာနေတယ်။ အ၀တ်အစားတွေကို ချွတ်ပြီးတော့ အလောင်းကို ခြေဆုံးခေါင်းဆုံး လေ့လာကြရတယ်။ ကျောမှာတော့ အလောင်းဟာ သွေးတွေစုပြီး အနီရောင် ခရမ်းရောင်လိုလို ဖြစ်နေတာကို တွေ့ရတယ်။ နောက်တော့ ခွဲစိတ်တာတွေ လုပ်ကြတယ်။ ခွဲစိတ်ပုံ အသေးစိတ်ကို မပြောပြလိုတော့ဘူး။
သန့်ဇင်ဝင်းဟာ ပထမဦးဆုံးအကြိမ် လတ်လတ်ဆတ်ဆတ် လူသေအလောင်းကို မြင်ရပြီးတော့ စိတ်ထဲတမျိုးကြီး ဖြစ်နေတယ်။ သန့်ဇင်ဝင်းဟာ သိပ်ပြီး အသည်းကြောင်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ အရက်မူးပြီး သွေးဆိုးတဲ့လူတွေလိုပဲ တခါတလေ အခန့်မသင့်ရင် စိတ်ကြမ်းတဲ့ လူစားမျိုးလို့ ပြောလို့ရတယ်။ ပထမနှစ်ဆေးကျောင်းသား ဘ၀တုန်းက လက်ရဲဇက်ရဲရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို အားကျပြီး ဖားပြုတ်တွေကို ကိုယ်တိုင် လိုက်ဖမ်းပြီး ခွဲဖူးတယ်။ အဆောင်မှာ ခွဲရတာဖြစ်တဲ့အတွက် မေ့ဆေးမရှိလို့ ဖားပြုတ်ရဲ့ လည်ပင်းအရင်းပိုင်း အာရုံကြောဆုံ နေရာကို ပင်အပ်နဲ့ထိုးပြီး အသက်ရှူရပ်အောင် ဒါမှမဟုတ် မလှုပ်နိုင်ဘဲ လေဖြတ်သလိုဖြစ်အောင် လုပ်ဖူးတယ်။ ပျော်ပျော်ပါးပါးကြီး လုပ်တယ်တော့ မဟုတ်ဘူးပေါ့။ ဘာခံစားချက်မှ မထားဘဲ ကိုယ်လုပ်သင့်တာ လုပ်တယ်လို့ခံယူခဲ့တယ်။
ဒါပေမယ့် ဒီတစ်ခါတွေ့ရတဲ့ အတွေ့အကြုံကတော့ တစ်ခါမှ မကြုံဖူးတဲ့အတွေ့အကြုံပဲ။ တစ်ခါမှမဖြစ်ဖူးတဲ့ ခံစားချက်တွေလည်း ဖြစ်ပေါ်လာခဲ့တယ်။ လူ့အသွင်မကင်းပျောက်သေးတဲ့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ၀ိုင်းဝန်းလေ့လာကြရတဲ့ ကိစ္စမှာ ရိုသေလေးစားစွာ လေ့လာကြတဲ့တိုင်အောင် အလေ့လာခံရတဲ့ သူဘက်က ရှက်ရွံ့စရာကောင်းတဲ့ အဖြစ်ကို ကြားဝင်ခံစားကြည့်လို့လည်း ရနေတယ်။ ဥပမာအားဖြင့် ပြောရရင် သိပ်ပြီးကျက်သရေ ရှိတဲ့ မိန်းမပျိုလေးဟာ ရေမချိုး ချေးမတွန်းဘဲ နှစ်ရှည်လများနေပြီး ကိုယ့်ရဲ့ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်နဲ့ လူပုံအလယ်မှာ ကိုယ်လုံးတီး လမ်းထွက်လျှောက် ပြရသလိုပဲ။ လူရဲ့ကျက်သရေ ရှိတဲ့အဖြစ်ဟာ သေတဲ့အချိန်က စကုန်သွားပြီး တဖြည်းဖြည်းချင်း တိုးကာတိုးကာ ကုန်ဆုံးလာနေတယ်။ နောက်ပြီး အသက်ဝင်လှုပ်ရှားနေတဲ့ လူသားအချင်းချင်းအပေါ်ထားတဲ့ လူသားတွေရဲ့ ခံစားချက်နဲ့ အသက်ကင်းမဲ့နေတဲ့ လူ့ခန္ဓာကိုယ်တွေအပေါ် ထားတဲ့ သဘောထားဟာ မတူနိုင်တော့ဘူး။ ဘယ်လောက်ပဲ ရိုသေလေးစားမှုရှိတဲ့ အသိုက်အ၀န်းမဆို ဇီဝိန်ချုပ်နေတဲ့ ခန္ဓာအစိတ်အပိုင်းတွေကို ကိုယ်တို့အမျိုးအနွယ်ပဲလို့ အသိအမှတ်ပြုဖို့ အခက်အခဲရှိလာတယ်။
တပ်ကြပ်ကြီးဟာ မနက်ခင်းကအထိ သူ့မိသားစုအပေါ် သြဇာသက်ရောက်သူ ဖြစ်ခဲ့တယ်။ ဘ၀ပန်းတိုင်တွေ ရည်မှန်းချက်တွေ ချခဲ့မယ်။ အထက်အမိန့်ကို နာခံလိုက် လက်အောက်ကို သင်တန်းပို့ချလိုက်နဲ့ လူ့လောကအတွက် တစ်စုံတစ်ရာ သက်ရောက်မှုတွေ ဖန်တီးခဲ့တယ်။ သူ့ကို လူတွေက မုန်းချင်မုန်းမယ်။ ချစ်ချင်ချစ်မယ်။ စွန့်ပယ်ခြင်းတော့ မပြုခဲ့ဘူး။ ချစ်ခြင်းမုန်းခြင်းဟာ လူတွေထဲက လူသားတစ်ယောက်ဆိုတဲ့ မှတ်ယူမှုကို ခိုင်မာစေခဲ့တယ်။ ဟော ကျွမ်းထိုးအပြီး စက္ကန့်နှစ်ဆယ်သော ကာလမှာ သူ့အပေါ်ထားတဲ့ လူတွေရဲ့ အမြင်ဟာ လုံးဝပြောင်းလဲသွားတယ်။ ပထမတော့ သူမသေသေးဘူးလို့ ယူဆပြီး ပြုစုကြတယ်။ ၁၅ မိနစ်လောက်ကြာတဲ့အခါ လူတွေက လက်လျှော့လိုက်ပြီး အခြေအနေကို သဘောပေါက်သွားကြတယ်။ အဲဒီကစပြီး သူ့ရဲ့ ဘ၀အခြေအနေဟာ အရင်တုန်းကလို ဆက်မဖြစ်နိုင်တော့ဘူး။ သူ့ကို စစ်ဆေးဖို့ ဆေးရုံကိုပို့မယ်။ နောက်တော့ သုဿာန်ကို ပို့မယ်။
အဲဒီကာလတုန်းကတော့ သန့်ဇင်ဝင်းဟာ ဗုဒ္ဓတရားတော်တွေကို လေးလေးနက်နက် မယုံကြည်သေးဘူး။ သူ့ရဲ့ အမြင်တွေ ခံစားချက်တွေဟာ ကမ်းပျောက်နေတဲ့ ဇင်ယော်တစ်ကောင်ရဲ့ အတောင်ပံတွေလိုသာ ဖြစ်တယ်။ ကမ်းမမြင် လမ်းမမြင်တဲ့ ဇင်ယော်ဟာ သိပ်ကိုကြောက်ပြီး ဦးတည့်ရာမရှိ ပျံသန်းနေသလိုပဲ သန့်ဇင်ဝင်းဟာလည်း တွေးမိတွေးရာကို တွေးနေမိတယ်။ သူ့အတွေးတွေကို တခြားလူ တစ်ယောက်ယောက်ကို သူဖွင့်ဟပြောလိုက်ရင် ပေါ့သွားမလား၊ ဘယ်လိုနေမလဲလို့ စဉ်းစားမိတယ်။ ဒါကြောင့် ရက်အနည်းငယ် ကြာတဲ့အခါ သူငယ်ချင်းတွေနဲ့ စကားစပ်ကြည့်တယ်။ သူငယ်ချင်းတွေက ပထမဦးဆုံးအတွေ့အကြုံမို့ စိတ်လှုပ်ရှားတာဖြစ်တယ် ဆိုတာလောက်နဲ့ပဲ သူ့ကိုနှစ်သိမ့်ကြတယ်။
သူတို့ဟာ သန့်ဇင်ဝင်းကို နားလည်လောက်တဲ့အထိ သေသေချာချာမစဉ်းစားခဲ့ကြဘူး။ လူကဘာလဲ၊ သေခြင်းတရားကဘာလဲ၊ လူ့ဘ၀ရဲ့ အဓိပ္ပါယ် အနှစ်သာရကဘာလဲ၊ လူ့ရဲ့ကျက်သရေကဘာလဲ။ လူနဲ့သေခြင်းတရားဟာ ထွေးရောယှက်တင် ဖြစ်နေတာကတော့ သိပ်ကိုသေချာတယ်။ အချိန်ပိုင်းအတွင်းမှာ သူတို့ဟာ သံကုတင်လေးပေါ် ရောက်သွားကြနိုင်တယ်။ ဥပမာ သန့်ဇင်ဝင်းသာ သေခဲ့ရင် သူ့ကို သံကုတင်လေးပေါ်တင်ပြီး သူ့သူငယ်ချင်းတွေက ၀ိုင်းပြီးလေ့လာကြမှာပဲ။ နောက်တစ်ခုက ဘယ်လောက်ပဲ ချစ်တယ်ပြောပြော သူ့အပေါ်ထားတဲ့ သူ့သူငယ်ချင်းတွေရဲ့ စိတ်ခံစားချက်တွေဟာ ကျန်ခဲ့တဲ့ ခန္ဓာကိုယ်ပေါ်မှာ တသမတ်တည်း ကျန်ခဲ့မှာ မဟုတ်တာ သေချာတယ်။ အဲဒီခန္ဓာကိုယ်အပေါ် တချို့က ကြောက်မယ်။ ရွံချင်လည်း ရွံမယ်။
သိပ်ချစ်တယ်ဆိုတဲ့ ရည်းစားသည်ကလည်း ရွံမှာပဲ။ ရုပ်ပျက်ဆင်းပျက်ကို မြင်ရရင် တခါတည်းချစ်တဲ့စိတ်တွေတောင် အငွေ့ပျံချင် ပျံသွားမယ်။ ဒါလိုဖြစ်နေတာတွေဟာ သဘာဝတရားပဲဆိုလို့ရှိခဲ့ရင် သိပ်အကျည်းတန်တဲ့ သဘာဝတရားသာ ဖြစ်ရမယ်။ သန့်ဇင်ဝင်းတို့ ယုံကြည်တဲ့ အလှတို့၊ အချစ်တို့ဆိုတာ သိပ်ကို မြင့်မြတ်တယ် မဟုတ်ဘူးလား။ လူတစ်ယောက်ကို ချစ်ခင်တယ်ဆိုရင် သူသေသွားတဲ့တိုင်အောင် နှလုံးသားရဲ့ တစ်နေရာမှာ လှလှပပလေး သိမ်းထားချင်တာမျိုး။ ဒါမှမဟုတ် ၀မ်းနည်းကြေကွဲရင်တောင် အလှမပျက် ရသကလေးစွက်နေရမယ်။ ဂုဏ်တစ်ခုခုမြောက်နေရမယ်။
ဒါပေမယ့် အခါများစွာမှာ ချစ်တဲ့သူရဲ့ အလောင်းကို ကြောက်ရွံ့တာတွေ ရွံရှာတာတွေ ထင်ထင်ရှားရှားရော မသိမသာရော ဖြစ်လာကြတယ်။ လူတွေရဲ့ သစ္စာရှိမှုဟာ လုံးဝမေးခွန်းထုတ်စရာ ဖြစ်တယ်။ လူတွေဟာ အလောင်းကောင်အပေါ်မှာတော့ လူ လူချင်းအပေါ်ထားတဲ့ ကရုဏာမျိုး ထားဖို့ခက်တယ်။ တစ်ဖက်ကလည်း ကိုယ်ကိုယ်တိုင်တော့ အဲဒီအလောင်းဘ၀ကို မရောက်တော့ဘူးလို့ ထင်နေကြတယ်။ တကယ်တော့ လူတိုင်းလူတိုင်းဟာ အခြေအနေပေးရင် ဆယ့်ငါးစက္ကန့်အတွင်းမှာ အဲဒီဘ၀ကို ရောက်သွားနိုင်တာပဲ။
ကြီးတယ် ငယ်တယ် အချိန်ကျတယ် မကျဘူးမဟုတ်၊ ချမ်းသာတယ် ဆင်းရဲတယ်မဟုတ် မမျှော်လင့်တဲ့အချိန်မှာ ရည်မှန်းချက်တွေ မပြီးဆုံးခင်မှာ ကျန်းမာရွှင်လန်းနေတဲ့အချိန်မှာ အလုပ်တွေမပြီးသေးခင်မှာ သေမိန့်ကျသွားနိုင်တယ်။ ဒါကြောင့် သေခြင်းတရားဟာ လူနဲ့အသက်ဆိုင်ဆုံးအရာ ဖြစ်တယ်။ တခြားအရာတွေသာ ကိုယ်နဲ့မဆိုင်တာ ဖြစ်ကောင်းဖြစ်မယ်။ သေခြင်းတရားဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူး။ နောက်ပြီး မနက်ပိုင်းမှာ သက်ဆိုင်ပြီး ညနေပိုင်းမှာ မသက်ဆိုင်ဘူးလို့ ပြောလို့မရဘူး။ မနက်ပိုင်းမှာ မဆိုင်သေးရင် နေ့လည်ပိုင်းမှာ ဆိုင်သွားနိုင်တယ်။ ကိုယ် မဟုတ်တောင် ကိုယ်ချစ်ရတဲ့လူတွေနဲ့ ဆိုင်တဲ့အတွက် ကိုယ်နဲ့ဆိုင်သွားနိုင်တယ်။ ဒါကြောင့် သေခြင်းတရားကို ကိုယ်နဲ့မဆိုင်ဘူး၊ သေခြင်းတရားကို ဖယ်ရှောင်ပြီး လူ့ဘ၀အကြောင်း ဆွေးနွေးလို့ ရနိုင်တယ်လို့ ယူဆတဲ့လူတွေဟာ အမှန်တရားကို မျက်ကွယ်ပြုတဲ့ ကြောင်သူတော်တွေ၊ သူရဲဘောကြောင်သူတွေလို့ မိုက်မိုက်ကန်းကန်း ကောက်ချက်ချပစ်တယ်။
သန့်ဇင်ဝင်းက သေခြင်းတရားအကြောင်း အဲဒီလိုလျှောက်တွေးနေတယ်။ သူဟာ ခေါင်းမာသလောက် ကိုယ်ကိုယ်ကို အထင်ကြီးလွန်ကဲတဲ့ ကလေးတစ်ယောက်ပဲ။ သူထင်တာတွေ မှန်မမှန် သူ့ဖာသာ သက်သေပြနိုင်ရမယ်လို့ ယုံတယ်။ သူဘယ်လို ဆက်စခန်းသွားမလဲ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆက်ပြီးအသက်ရှင်မလဲဆိုတာကို သူ့ဖာသာဖော်ထုတ်နိုင်မယ်လို့ ယုံတယ်။ သူ့ကို အဲဒီအခါမှာ ဘယ်သူ ဘယ်တရားဟောဆရာက တရားလာဟောလို့မှလည်း သူယုံမယ် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက လူသေအလောင်းနဲ့ ပတ်သက်လို့ တကယ်ကို နင့်နင့်နဲနဲ စဉ်းစားနေမိတာ။ စဉ်းစားတယ်ဆိုတာမှာ တက္ကိကသမားတွေလို ပါးစပ်ဖျားကလာတဲ့ စကားလုံးတွေနဲ့တင် အဆိုပြုလိုက် သက်သေပြလိုက် ကန့်ကွက်လိုက် လုပ်နေတာ မဟုတ်ဘူး။ ရင်ထဲကဖြစ်တဲ့ သေရေးရှင်ရေး မေးခွန်းတွေအတွက် စဉ်းစားလိုက် ခံစားလိုက်ဖြစ်နေတာ ဖြစ်တယ်။
သေခြင်းတရားဟာ ပါးစပ်ပြောမဟုတ်ဘဲ တကယ်ကို မနှစ်မြို့ဖွယ်ကောင်းတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းကြီး သိနေတာ။ အဲဒီတုန်းက ဗုဒ္ဓဘာသာက မရဏနုဿတိ စည်းဖြန်းပုံစည်းဖြန်းနည်း ကို သူမသိသေးဘူး။ သူတွေးတဲ့ အဓိကအချက်ဟာ လူသားနဲ့ သေခြင်းတရား ဖက်လှဲတကင်း ရှိလှပုံပဲ ဖြစ်တယ်။ ဒီအချက်ကို အထောက်အကူ ပြုတဲ့အကြောင်းအရာတွေ နောက်တော့ သူသိလာတယ်။ သိလာပုံက နှစ်နည်းနဲ့ ဖြစ်တယ်။ စာအုပ်စာပေတွေကနေ တဆင့်ကြားရတာတွေက တစ်ပိုင်း၊ သူကိုယ်တွေ့ကြုံလာရတွေက တစ်ပိုင်း အဲဒီလို နှစ်ဒေသနဲ့ ထပ်ထပ်ပြီး သူသိလာတယ်။
To be continued

5 comments:
အကိုရေ..
မြန်မြန်ဆက်ပါ...ဖတ်လို့ကောင်းတယ်.
ကျွန်တော်တော့ သေခြင်းတရားဆိုတာ အဲလောက် နီးနီးကပ်ကပ် မတွေ့ဘူးသေးဘူး။ အဲလို တွေ့ဖူးရင် ဒီခန္ဓာကြီးက ကိုယ်မပိုင်ဘူးဆို တာပိုမြင်နိုင်တယ်တဲ့။
Pls မြန်မြန်ဆက်ပါ...
ကိုယ်တော့ ကြားခဲ့ဖူးသလိုပဲ။ မ-- ဘ-- မှာ။ တကယ် အရမ်းကို စိတ်မကောင်းဘူး။
သင်တန်းသားလဲ ဖြစ်ဖူးတယ် ကြားတယ်။
အစာက သူမရောက်သင့်တဲ့ နေရာ ရောက်သွားခဲ့တာလား။
ကောင်းတယ်။ အတွေးတွေ ကောင်းတယ်။ သဘောကျတယ်။ အာဖရိကရောက် မြန်မာတစ်ယောက် ဘလော့ကနေ လိုက်လာတယ်။ အကုန်ဖတ်သွားတယ်။ လေးစားပါတယ် ကိုသန့်ဇင်ဝင်း။
Post a Comment